Unicode
"ညနေကျရင်ရော ဆိုင်ကယ်..."
"တော်ပြီနော် လုံးဝမသင်တော့ဘူးလို့ပြောပြီးပြီ"
မနက်ခင်းရုံးသွားနေရင်းကားပေါ်တွင် ဝမ်ရိပေါ်စကားစလိုက်တော့ ကားမောင်းနေရင်းမှ သိသိသာသာကိုစူပုတ်ပုတ်မျက်နှာဖြစ်သွားပြီး ချက်ချင်းကိုငြင်းလာတဲ့ဟာလေးကြောင့် ကားမှန်ပြတင်းပေါက်ဘက်လှည့်ကာ ကြိတ်ရယ်လိုက်မိတယ်။ မနေ့က ဆိုင်ကယ်ပေါ်ကဆင်းတာနဲ့ဆက်မသင်တော့ဘူးလို့ ရှောင်းကျန့်ကတန်းပြောလာတော့တာပဲ။
"ဘာရယ်နေတာလဲ"
ဟိုဘက်လှည့်ရယ်နေတာတောင်မိသွားတဲ့ဟာလေးကြောင့် ဝမ်ရိပေါ်မှာထပ်စချင်လာတော့သည်။
"မရယ်ပါဘူး...ဘယ်မှာရယ်နေလို့လဲ"
"မှန်ထဲကနေအရိပ်မြင်နေရတယ်လေ ဘာလို့ငြင်းနေတာလဲ။ လူကိုကြိတ်လှောင်နေတာမလား"
"ဟောဗျာ နည်းနည်းလေးရယ်မိတာကို အမှုကအဲဒီလောက်ကြီးသွားတာလား"
တကယ်စိတ်တိုနေပုံရတဲ့အကောင်ပေါက်ရဲ့ပုံစံက ဝမ်ရိပေါ်ကိုတော်တော်လေးစိတ်မြူးနေစေတယ်။
"ကိုကိုက ကျွန်တော့်ကို လှောင်နေတာအသိသာကြီးမို့ပြောတာလေ။ ကြည့်ဦးအခုတောင်ရယ်နေသေးတာကို...ဆက်ရယ်နေဦးမယ်ဆိုရင် ကျွန်တော့်ကားနဲ့မလိုက်နဲ့တော့ ကိုယ့်ဘာသာတက္ကစီဌားသွားတော့"
ပြောရင်းမောင်းနေသည့်ကားကိုလမ်းဘေးထိုးရပ်တော့မလိုလုပ်နေတဲ့အကောင်ပေါက်ကြောင့် သူ့မှာမနည်းတားရတော့သည်။ မဟုတ်ရင်ကားပေါ်ကနေ တကယ်ကန်ချခံရတော့မယ်။
"ဟုတ်ပြီ ဟုတ်ပြီ မရယ်တော့ဘူး ရပြီလား...စိတ်မဆိုးနဲ့တော့"
"ဘယ်သူကစိတ်ဆိုးနေလို့လဲ"
စိတ်ဆိုးနေတာဒီလောက်အသိသာကြီးကိုငြင်းနေပြန်တဲ့ ကလေးပေါက်စလိုဟာလေးကို ဝမ်ရိပေါ်ဆက်မစမနေတော့ဘူး။ ဒါပေမယ့်လည်း ဆိုင်ကယ်စီးရမှာအဲဒီလောက်ကြောက်ပြီး ဆိုင်ကယ်တွေကျဘာလို့များမတရားတွေဝယ်ထားတာလဲဆိုတာသူစဥ်းစားမရတာမို့ မနေနိုင်စွာဖြင့် အဲဒီအကြောင်းကိုတော့ထပ်မေးဖို့ကြံစည်လိုက်ပြန်တယ်။