Unicode
“ဘယ်လိုလဲ စိတ်လှုပ်ရှားနေပြီလား”
“ဘာကိုစိတ်လှုပ်ရှားရမှာလဲ ပေါက်ကရတွေ”
လေဆိပ်မှဝမ်အိမ်တော်သို့သွားနေသည့်တစ်လျှောက် ပုံမှန်ထက်ပိုမိုကာတိတ်ဆိတ်နေသည့် ဝမ်ရိပေါ်အား ချန်းယီမှ မထိတထိဖြင့်စနေတော့၏။
“မင်းကိုကြည့်ရတာ အရမ်းငြိမ်နေတယ်လေ။ အဲဒါ မင်းညီလေးတစ်ဖြစ်လဲ မင်းရဲ့အနာဂတ်သတို့သားလောင်းနဲ့ တွေ့ရတော့မှာမို့ စိတ်လှုပ်ရှားနေတာမလား အမှန်အတိုင်းဝန်ခံလိုက်စမ်းပါ ဝမ်ရိပေါ်ရာ”
“မဟုတ်ပါဘူး အရင်လိုမျိုး သူငါ့အနားအတင်းလိုက်ကပ်နေရင် ဘယ်လိုခွာထုတ်ရမလဲစဉ်းစားနေတာ”
“တကယ်လား အဲဒီကောင်လေးက မင်းကိုအဲဒီလောက်တောင်ကပ်တာလား”
ဝမ်ရိပေါ်၏အဖြေကြောင့် ချန်းယီမှာအနည်းငယ်အံ့သြသွားသည့်ပုံဖြင့် မေးလာတော့သည်။
“သူငါ့ကိုဘယ်လောက်တောင်ကပ်လဲဆိုတာ အခုဝမ်အိမ်ကိုပြန်ရောက်တဲ့အခါကြည့်လိုက်လေ။ အဲဒီကျ ငါအပိုပြောတာမဟုတ်ဘူးဆိုတာ မင်းယုံသွားလိမ့်မယ်”
“တကယ်သာအဲဒီလိုဆိုရင် မင်းတော်တော်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရမှာပဲ”
ဝမ်ရိပေါ်အား ကိုယ်ချင်းစာသည့်ပုံစံဖြင့်ပြောနေရင်းက ချန်းယီထံသို့အတွေးတခုဝင်ရောက်လာ၏။ ထိုကြောင့်စကားအားဆက်လိုက်လေသည်။
“ဒါပေမယ့် အဲဒါက ငယ်တုန်းမို့လည်းဖြစ်နိုင်တာပဲလေနော် အခုကြီးလာတော့ မင်းကိုအရင်လိုကပ်ချင်မှကပ်တော့မှာပါကွာ”
“မထင်ပါဘူး လူတွေကအဲဒီလောက်လွယ်လွယ်မပြောင်းလဲတတ်ကြဘူးလေ”
“ဒါဆို မင်းတို့ကဘာကြောင့်ပြဿနာတက်ရတာလဲ။ အဲဒီကလေးက မင်းကိုအရမ်းကပ်တယ်ဆိုမှတော့ အဲဒါမင်းတို့နှစ်ယောက်အဆင်ပြေနေလို့မဟုတ်ဘူးလား”
ချန်းယီ၏အမေးမှာ ဝမ်ရိပေါ်အား သူမေ့ထားခဲ့သည့်အတိတ်မှတ်ဥာဏ်တပိုင်းတစကို ဆွဲထုတ်ပေးလိုက်သကဲ့သို့ပင်...
V x A x L x U x A x B x Lx E ♡。 J x E x W x E x L
အသက်ရှစ်နှစ်အရွယ်ရှောင်းကျန့်မှာ ဝမ်အိမ်သို့စရောက်စဉ်တုန်းကကဲ့သို့ပင် မပြောင်းမလဲ အချိန်တိုင်းလိုလို ဝမ်ရိပေါ်၏နောက်သို့တကောက်ကောက်လိုက်မြဲလိုက်ဆဲဖြစ်သည်။