ZawGyi
"လှရက်လိုက်တာကွာ ငါ့ဘဝမှာ ဒီလောက်လှတဲ့ယောက်ျားလေးကိုမမြင်ခဲ့ဖူးဘူး။ မင်းသိလား ခုနကမင်းအဖေအကြောင်းပြောတဲ့အချိန် သူငိုတော့မလိုဖြစ်သွားတာလေ...ကျလာတော့မယ့်မျက်ရည်တွေကို ပြေးသုတ်ပေးချင်လိုက်တာဆိုတာကွာ"
တိတ်ဆိတ်မှုကြီးစိုးထားသည့်ဧည့်ခန်းထဲမှာ ချန်းယီ၏အသံကနေရာယူလို့သွားသည်။
"ဝမ်ရိပေါ်မင်းက တကယ့်ကိုအမြင်အာရုံမကောင်းတဲ့သူပဲ။ ဒါမှမဟုတ် မင်းငါ့ကိုတမင်သက်သက်ပြောတာမလား။ ဘာတဲ့...နှပ်ချေးဂျီးထူဟုတ်လား ဒီလောက်ပြီးပြည့်စုံတဲ့လူကိုများ မင်းမို့ပြောရက်တာ ကြည့်ပါဦး မျက်နှာလေးကလှလွန်းတာတင်မကဘူး အချိုးကျတဲ့ခန္တာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ မင်းမြင်လိုက်လားတော့မသိဘူး။ သူထွက်သွားတုန်းကလေငါတွေ့လိုက်တာ ခါးလေးတွေဆိုတာ သေးသေးလေး..."
ထွက်ခွာသွားသည့်လူထံမှ အကြည့်မလွှဲနိုင်ဖြစ်နေရင်း ခရားရေလွှတ်တွတ်တွတ်ပြောနေခဲ့သည့် ချန်းယီမှာ ဝမ်ရိပေါ်ထံသို့အကြည့်ရောက်သွားသည့်အခါမှ ကြောက်ဖို့ကောင်းလောက်အောင်တင်းမာနေသောမျက်နှာထားနှင့် ချက်ချင်းကိုထသတ်တော့မလို့မျက်ဝန်းတွေကြောင့်ပြောလက်စ စကားများကိုရပ်လိုက်ရသည်။
နေပါဦး အဲဒီအကြည့်တွေကို သူသိနေသလိုပဲ ဝမ်ရိပေါ်က မဟုတ်မှ....
သူငယ်ချင်းဖြစ်သူအား သေချာအကဲခတ်လိုက်ပြီးနောက်တွင် ချောင်းတစ်ချက်ဟန့်ကာ ချန်းယီမေးလိုက်သည်က...
"အဟမ်းး...ဒါနဲ့ ဘာလို့ လက်ထပ်ပွဲဖျက်မယ့်အကြောင်းမပြောလိုက်တာလဲ"
"မင်းကရော ဘာလို့ အခုထိဒီမှာရှိနေရသေးတာလဲ"
ချန်းယီ၏အမေးကိုဖြေဆိုခြင်းမရှိသည့် ဝမ်ရိပေါ်က တန်ပြန်မေးခွန်းထုတ်လိုက်သည့်အခါ ချန်းယီမှာ နားမလည်သလိုပြန်ကြည့်လာတော့၏။
"ငါကဒီမှာမရှိလို့ဘယ်မှာရှိရမှာလဲ"
"မင်းတည်းမယ့်နေရာကိုသွားသင့်နေပြီ အချိန်လည်းမစောတော့ဘူး"