Epi 17

257 23 0
                                    

ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ခန္ဓာကိုယ်ကြောင့် စောင်ကိုဆွဲခြုံဖို့ပြင်ပေမယ့် တစ်ယောက်တည်းခြုံနေသည့်စောင်မဟုတ်မှန်းသတိရမိသည့်အခါ တစ်ဖက်လူကို မပွင့်တပွင့်မျက်လုံးလေးဖြင့် နိုးသွားမလားတွေးပူပြီးအကဲခတ်ရသေးသည်။ မလှုပ်မယက်နဲ့အိပ်မောကျနေတာကိုမြင်ရသည့်အခါမှ ပါးပြင်ထက်ဟန်ဆောင်မှုကင်းသည့်အပြုံးများကိုဆင်မြန်းပြီး မျက်လုံးများကိုပြန်မှိတ်ချသည်။ သို့သော်လည်း နိုးနေပြီမို့ ပြန်အိပ်လို့မရတော့သည့်အခါ ဘေးမှာအိပ်မောကျနေတဲ့ အမျိုးသမီးလေးကိုသာ အမြတ်တနိုးနဲ့ငေးကြည့်နေမိတော့သည်။

လည်တိုင်တစ်လျှောက်မှာ အမရာ့လက်ချက်ကြောင့်ရခဲ့တဲ့ အညိုကွက်တွေကိုကြည့်ပြီး နာကျင်နေမည်လားဟုတွေးကာ အသာတို့ထိမိသည်။ ထင်းနေတဲ့မေးရိုးတွေ အပိုအလိုမရှိတဲ့ညှပ်ရိုးတွေ ဖြောင့်စင်းနေတဲ့နှာတံတွေ ပြီးတော့ အမရာသဘောကျရတဲ့ နှုတ်ခမ်းပါးလေး။ ဖန်ဆင်းရှင်က မမကိုဖန်တီးတုန်းက သိပ်ကိုအလုပ်ရှုပ်ခဲ့မှာပဲ။ ဒီလောက်လှပတဲ့အမျိုးသမီးလေးဖြစ်လာအောင် အတော့်ကိုကြိုးစားယူခဲ့ရမှာ သေချာတယ်။

"ပိုင်ဆိုင်ချင်တယ်"

အိပ်မောကျနေတဲ့မမရဲ့ပါးပြင်ကိုမထိရက်မကိုင်ရက်နဲ့အသာလေးတို့ထိနေရင်း နှုတ်ကနေရုတ်တရက်ခပ်တိုးတိုးထွက်ကျလာတဲ့စကားက 'ပိုင်ဆိုင်ချင်တယ်' တဲ့။ မရယ်ရဘူးလား အနားမှာရှိနေတဲ့သူကို ထပ်ပြီး ပိုင်ဆိုင်ချင်နေသေးတာတဲ့လေ အမရာက။

အနည်းငယ်မကြည်မလင်နေတဲ့ခေါင်းကြောင့် လန်းသွားစေဖို့ မျက်နှာသစ်ကြည့်ဖို့စဉ်းစားပြီး အိပ်ရာမှထလိုက်သည်။ မလုံတဲ့ခန္ဓာကိုဖုံးဖို့ စောင်ကိုဆွဲယူပစ်ချင်ပါသော်လည်း ကလေးတစ်ယောက်လိုမျိုးနှစ်နှစ်ခြိုက်ခြိုက်ကြီးကိုအိပ်ပျော်နေတဲ့ မမကြောင့် ခုတင်အောက်က မမရဲ့ရှပ်အင်္ကျီအပွကိုသာ မမှီမကမ်းဆွဲကောက်ပြီး ဝတ်ကာ ရေချိုးခန်းထဲသို့ဝင်ပြီး ကိုယ်လက်ဆေးကြောသန့်စင်သည်။

မူးနောက်နောက်ဖြစ်နေတဲ့ခေါင်းက မျက်နှာသစ်လိုက်ရင်ကောင်းမယ်ထင်ခဲ့ပေမယ့် အထင်နဲ့အမြင်ဟာတလွဲ။ မျက်စိရှေ့ကမှန်မှာကိုယ့်ရုပ်ကိုယ်ကြည့်မိတော့ ရေစိုနေတဲ့မျက်နှာထက် လန်းဆန်းမှုများတွဲပါမနေ။ တစ်ညလုံးအိပ်မထားရသည့်အခြေအနေကြောင့်မျက်ကွင်းကျနေသည်။ ရှပ်အင်္ကျီကြယ်သီးနှစ်လုံးခန့်ဖြုတ်ထားတာမို့ ညှပ်ရိုးတစ်လျှောက်ကကိုက်ရာများကလည်း ထင်းနေသည်။ ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်မိပြီး ‌မျက်စိမှိတ် ခေါင်းကိုခါရမ်းကာ အသံတစ်ချက်ထွက်လို့ ရယ်လိုက်မိသည်။

Oh, my baby, you're so annoying!Where stories live. Discover now