Epi 25

113 13 0
                                    

အနည်းငယ်ကြည်လင်စပြုလာပြီဖြစ်တဲ့ရာသီဥတုအပြင် ပြန်ပြီးနလန်ထူလာကြပြီဖြစ်တဲ့ ပရဟိတအဖွဲ့သားတွေနဲ့ရွာသူရွာသားတွေကြောင့် ရယ်သံများ စကားသံများကိုစပြီး နားထဲကြားနေရပြီဖြစ်သည်။ ကြယ်စင်တို့အနောက်လိုက်လာမယ့် ဆေးအဖွဲ့လည်းရောက်လာပြီမို့ ဆေးမလောက်မှာကိုလည်း ပူစရာမလိုတော့သလို တောင်အောက်ဆင်းပြီးဆရာဝန်သွားရှာစရာလည်း မလိုတော့ချေ။ 

သာယာတဲ့ရာသီဥတုကို အခွင့်ကောင်းယူပြီး နေကောင်းတဲ့သူများကတော့ လုပ်စရာရှိတာကို အချိန်မဆွဲပဲ လုပ်နေကြပြီဖြစ်သည်။ ကြယ်စင်ကလည်း သူဒီဇိုင်းဆွဲထားတဲ့ အိမ်ပုံစံငယ်ကလေးကို လက်သမားများကိုပြပြီး ဆောက်လုပ်မယ့် အစီအစဥ်များကို ဆွေးနွေးနေသည်။ ကြယ်စင်က သူ့မှာရှိတဲ့အရည်အချင်းကို နည်းနည်းလေးမှ အလဟသအဖြစ်မခံပဲ အကုန်အသုံးချတတ်သည်။

ဒီကို စစရောက်ချင်းကတော့ အကုန်လုံးထဲမှာ အကျန်းမာဆုံးဖြစ်နေတဲ့အမရာသည် အခုကတော့ ဒဏ်ရာတွေနဲ့ အားအနည်းဆုံးသူတစ်ယောက်ဖြစ်နေတဲ့အခါ အမရာ့ကို အကုန်လုံးက ဘာမှမလုပ်ခိုင်းပဲ နေရာတစ်ခုပေးထားပြီး အငြိမ်လေးသာထိုင်ခိုင်းထားသည်။ ဒီနေရာမှာ ထူးခြားတာက အဖွဲ့တစ်ခုလုံးက ကြယ်စင့်ကို သိပ်သံယောဇဥ်တွယ်ပြီး ချစ်ခင်တာကို အမရာတွေ့လိုက်ရတာပဲ။

ကြယ်စင်က ဒီပရဟိတအဖွဲ့ကြီးရဲ့ ဥက္ကဌလို့သာဆိုတယ် ကြယ်စင့်ထက်ငယ်တဲ့သူကိုလိုက်ရှာရင် ဆယ်ယောက်တောင် မနည်းပြည့်အောင်ရေရသည်။ ဒီလို ငယ်ရွယ်တဲ့သူတစ်ယောက်ကို ဥက္ကဋ္ဌအဖြစ် ရွေးထားတဲ့သူတို့ရဲ့ ကြယ်စင့်အပေါ်ထားတဲ့အကြွင်းမဲ့ယုံကြည်မှုကလည်း အမရာ့ကိုတွေးစရာဖြစ်စေသည်။

"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က ဒီရွာမှာ ကလေးတွေကိုစာသင်ပေးနေတယ့် ကျောင်းဆရာ သူရဟိန်းပါ ပြီးတော့ Ciel ရဲ့ စာဖတ်ပရိသတ်ဆိုလည်းမှန်တယ် မမရဲ့စာတွေကို ကျွန်တော်သိပ်သဘောကျတာလေ"

အမရာရှိရာသို့ကျောပိုးအိတ်တစ်လုံးနဲ့အမောတကောပြေးလာပြီး ကိုယ့်ကိုယ့်ကိုယ်မိတ်ဆက်ကာ အမရာ့ပရိတ်သတ်ဖြစ်ကြောင်းပြောလာတဲ့သူကိုမော့ကြည့်ပြီး အမရာမှတ်နေတဲ့ ပစ္စည်းစာရင်းအစား လက်မှတ်တောင် မှားထိုးမိတော့မလိုဖြစ်သွားလို့ စိတ်ထိန်းလိုက်ရသေးသည်။ ဒီလူကလက်မှတ်ထိုးပွဲရောက်နေသလိုခံစားချက်မျိုးနဲ့ အမရာ့အရှေ့မှာရှိနေတာလေ သူ့ခံစားချက်ကအမရာ့ဆီကိုပါ ကူးစက်လာတာ။

Oh, my baby, you're so annoying!Onde histórias criam vida. Descubra agora