FIVE

1.3K 138 13
                                    

Uni

ညသုံးနာရီလောက်ကြီး မြည်လာသည့်ဖုန်းသံကြောင့် ဝေယံတစ်ယောက် လန့်ဖျတ်နိုးလာသည်။ ဒီည မက်တဲ့အိပ်မက်တွေက သိပ်မကောင်း။ အိပ်မက်ထဲမှာ သူ့အဘွားက သူ့ကို ဒီကို လာလည်လို့ ပက်ပက်စက်စက်ဆူနေသည်ဟုမက်သည်။ သူ့အဘွားက ဆုံးသွားတာ ၃နှစ်လောက်ရှိပြီဖြစ်ပြီး သူ ရန်ဖြစ်ရင်တောင် ဒီလိုဆူဖူးတာမဟုတ်ပေ။

နောက်ကျိကျိဖြစ်နေသော စိတ်တွေကို ဘေးချိတ်ကာ ဖုန်းကို ကြည့်လိုက်တော့ သူ ပိုပြီးလန့်ဖျတ်သွားရသည်။ ဘယ်လိုဖြစ်ပြီး fame က ဖုန်းခေါ်တာလဲ? သူနဲ့ fame နဲ့ ဖုန်းမချဘဲ အိပ်ခဲ့ကြတာမဟုတ်ဘူးလား။

"ဟယ်လို ဟျောင့် မင်းဘယ်လို..."

"အီး...ဟီး... ဟီး... ဂျစ် ဂျစ်"

fame ကို ဦးအောင်ဆူပူမည့်စကားများသည် ကြားလိုက်ရသည့် ငိုသံရှည်ကြီးတွေကြားမှာ ရပ်တန့်သွားသည်။ ညကြီးမင်းကြီး ကျက်သရေမင်္ဂလာမရှိသည့် ငိုသံများဖြစ်သည့်အပြင် သာမန်လူတစ်ဦး ငိုသံနှင့်တောင်မတူ။ နှစ်ရာပေါင်းများစွာ နာကျင်မှုတွေကို အံကြိတ်ခံလာရသည့် မကောင်းဆိုးဝါး ညည်းသံတွေနှင့်တောင် တူသေးသည်။ နောက်ပြီး အရေးကြီးတာက အဲ့တာ fame ရဲ့ ငိုသံမဟုတ်ပေ။

"ဟယ်လို ဝေယံ ကြားရလား"

"ကြားရတယ် ဟျောင့် လန့်သွားတာပဲ။ မင်း ဘယ်က ငိုသံတွေဖွင့်ပြီး ငါ့ကိုလာနောက်နေတာလဲ။ ညသုံးနာရီကြီးဟ။ ငါ လန့်ပြီးသေသွားရင် မင်း တာဝန်ယူမှာလားပြော"

Fame ဘက်က ရုတ်ချည်း တိတ်ဆိတ်သွားသည်။ ငိုညည်းသံများတော့ ကြားနေရဆဲ။ သိပ်မကြာခင်မှာပင် Fame ၏ အသံပြန်ထွက်လာသည်။ မတုန်ယင်အောင် အားတင်းပြောနေရသည့်အသံမျိုး။

"ဝေယံ ငါ့ဘက်မှာ ဘာငိုသံမှ မရှိဘူး"

ဆိုလိုရင်းကို ချက်ချင်းနားလည်သွားတော့ ဝေယံပါ တောင့်ခဲသွားရသည်။ မီးလင်းနေသော ဟိုတယ်ခန်းထဲကို ကြည့်ကာ စောင်အောက်ကို ပိုတိုးဝင်လိုက်သည်။

"မင်းကို ငါ တစ်ခု အကူအညီတောင်းချင်တာရှိလို့။ နောက်မှ အသေးစိတ်ပြောပြမယ် လောလောဆယ်တော့ အခုချက်ချင်း ငါတည်းတဲ့လိပ်စာဆီ လိုက်လာလို့ရလား။ လိုက်လာပြီး ဟိုစာအုပ်ထဲက ဂါထာကို ငါ့ဆီ ဖတ်ပြလို့ရလား"

Love Death (Completed)Where stories live. Discover now