Fifteen

1.1K 148 10
                                    

Uni

"အဲ့တာက ငါ့စိတ်ထဲမှာများ ဖြစ်နေနိုင်လား"

Fame မျက်လုံးမှိတ်လိုက်ချိန်ကစလို့ သူ့အကြောက်တရားတွေလျော့ပါးသွားခဲ့သည်။ အလွန်အမင်း စိတ်ပင်ပန်းခဲ့ခြင်းကြောင့် သူ့မှာ အေးချမ်းရာရှာပြီး ခေါင်းထိုးအိပ်ချင်စိတ်သာရှိတော့သည်။ သူ့ရင်ဘတ်ထဲက ဆန္ဒကို အာရုံစိုက်လိုက်လေလေ ဒီငရဲကမ္ဘာနဲ့ သူ့ကြား အလွှာလေးတစ်ခုခြားလာလေလေလို့ ခံစားမိနေသည်။

ငယ်ငယ်က သူကြားဖူးတဲ့ စကားတစ်ခွန်းရှိသည်။

"အိမ်က မင်းနဲ့အမြဲဆက်စပ်နေတယ်။ အိမ်ဆိုတာ ပြင်ပကအရာမဟုတ်ဘူး။ မင်းရင်ထဲမှာပဲရှိနေတာ။ လမ်းပျောက်ရင် မင်းရင်ထဲကို ရှာကြည့်ရမှာ အပြင်ပန်းကို မဟုတ်ဘူး"

ဘယ်ကကြားလာတဲ့စကားမှန်းမသိပေမဲ့ အခုအချိန်မှာ နားထဲ ပြန်ကြားယောင်လာတာ အံ့ဩဖွယ်ကောင်းသည်။ သူ့စိတ်ထဲကို အာရုံစိုက်လိုက်လေလေ၊ အပုပ်နံ့တွေမပါတဲ့ လေနုအေးလေးကို ခံစားမိ‌လာလေလေ။

အချိန်ဘယ်လောက် ကြာသွားမှန်းမသိ သူ အဲဒီလို ငြိမ်သက်နေခဲ့သည်။ လက်တစ်ဖက်က သူ့ပါးပြင်ကိုပွတ်သပ်လာချိန် fame ဖျတ်ခနဲလန့်သွားကာ နောက်ဆုတ်လိုက်သည်။ သို့သော် သူရပ်နေတာမဟုတ်တော့။ သူ့ခန္ဓာကိုယ်အနေအထားက လှဲနေတဲ့အ‌နေအထားကို ပြောင်းသွားပြီး ရုန်းကန်လို့မရအောင် လေးလံနေသည်။ fame အလန့်လွန်သွားတာကြောင့် ချက်ချင်းမျက်လုံးဖွင့်ကြည့်မိသည်။ မြင်ကွင်းက ထင်မှတ်မထားသည့်မြင်ကွင်း။

သူ့နေရာက အနီရောင်လွင်ပြင်ကြီးထဲက သရဲလောကမဟုတ်တော့ပေ။ အဖြူရောင်မီးအလင်းအား စမြင်ရသည်။ ပိုးသတ်ဆေးနံ့တချို့နှင့် ရှူရှိုက်ရတာ အရသာရှိလွန်းလှသော လေအေးတချို့ရနေသည်။ ရင်ဘတ်ထဲမှ ဝမ်းသာမှုလှိုင်းက သူ့အားလာရိုက်ခတ်သည်။ သို့သော် သူ့ဘေးနားမှာရှိနေသည့်လူကြောင့် သူ ကြာကြာ မပျော်လိုက်ရ။

"ဘယ်သူလဲ"

Fame အသံက ခြောက်ကပ်ကာ တိုးတိုးကလေးဖြစ်သည်။ လုံးဝကို အားမရှိသည့်လေသံမျိုး။ သို့ပေမဲ့ သူ ထုတ်မမေးလို့လည်းမရ။ တစ်ဖက်လူသည် အနက်ရောင်ကုတ်အင်္ကျီတစ်ထည်ဝတ်ဆင်ထားကာ ကုတင်ဘေးမှာထိုင်နေသည်။ သူ၏မျက်နှာအား fame ရင်းနှီးနေသော်ငြား ရုတ်တရက် စဉ်းစားမရလိုက်။

Love Death (Completed)Where stories live. Discover now