Seven

1.2K 140 16
                                    

Uni

"ဟယ်လို ဟယ်လို"

ဘယ်လိုပဲ အော်ခေါ်နေပါစေ တစ်ဖက်က တတီတီအသံမှလွဲ၍ ဘာသံမှ ထွက်မလာတော့။ Fame တစ်ကိုယ်လုံး တောင့်တင်းသွားကာ ဖုန်းမျက်နှာပြင်ကို ပြန်ကြည့်လိုက်သည်။ ဖုန်းခေါ်ဆိုမှုက အစိမ်းရောင်လင်းနေဆဲဖြစ်ပေမဲ့ တစ်ဖက်က ဝေယံက သူ့ကို ပြန်ဖြေမလာ။ ဝေယံတစ်ခုခုဖြစ်တာမဟုတ်ရင် သူတို့ကြားက လေလှိုင်းတွေ တစ်ခုခုဖြစ်သွားတာဖြစ်ရမည်။

ဖုန်းမျက်နှာပြင်ပေါ်က သူချရေးထားသော ဂါထာစာကြောင်းတွေကိုကြည့်ရင်း သူ မျက်နှာတွေ ပူထူလာသည်။ နှလုံးခုန်မြန်ဆန်လာကာ သူ့စိတ်တွေ ဆောက်တည်ရာမရတော့သလိုပင်။ ဘာဖြစ်လို့ ဂါထာက သုံးမရတာလဲ။ ဘာဖြစ်လို့ တံခါးက ပွင့်မသွားသေးတာလဲ။ သူကပဲ ဟိုမကောင်းဆိုးဝါးနဲ့ မတွေ့ရသေးလို့များလား။

Fame က သူ၏သတိုးသမီးပဝါစကိုဖြတ်၍ အနီရောင်တောက်နေသော အခန်းတံခါးကို စေ့စေ့စိုက်ကြည့်လိုက်သည်။ တစ်ချက်အားတင်းရင်း အခန်းတံခါးကိုဖွင့်လိုက်ပေမဲ့ မှောင်နဲ့မည်းမည်းကလွဲပြီး ဘာမှမမြင်ရ။ သူ ဒီအမှောင်ထုထဲဝင်လိုက်ရင် အိမ်ပြန်ရောက်နိုင်မလား။

ပေါက်သည့်နှဖူး မထူးတော့ပြီမို့ သူ့ခြေလှမ်းတွေကို အမှောင်ထုထဲသို့ တိုးဝင်လိုက်ဖို့ပဲ ရည်ရွယ်လိုက်သည်။ စတိုခန်းငယ်လေးသည် အမှန်တကယ်တော့ ကျဉ်းကျဉ်းကလေးပဲ ဖြစ်သည်။ သို့သော် သူဖြတ်သန်းဝင်လာသည့်အမှောင်ထုက တကယ်ကိုမှ ရှည်လျားလွန်းလှသည်။

သူ၏ သတိုးသမီးဂါဝန်စရှည်သည် ဖြူစင်လှပလွန်းစွာပင် ကြမ်းပြင်ကို ပွတ်တိုက်သွားသည်။ လက်အိတ်အဖြူတွေကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံး အဖြူရောင်သတိုးသမီးဝတ်စုံကို ဝတ်ဆင်ထားရသော်ငြား Fame တစ်ယောက် မိန်းကလေးလုံးလုံးဖြစ်သွားတာ မဟုတ်တာကိုတော့ ကျေးဇူးတင်ရမည်ပင်။

အမှောင်ထုသည် တဖြည်းဖြည်းပါးလျလာပြီး သွေးနံ့တွေက တဖြည်းဖြည်းလျော့ကျလာသည်။ သူ ရင်တွေခုန်သွားမိသည်။ အလင်းရောင်တစွန်းတစလှမ်းမြင်နေရကြောင်း ထပ်ခါထပ်ခါ အတည်ပြုပြီးတော့ သူ့မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာသည်။

Love Death (Completed)Where stories live. Discover now