Eight

1.2K 136 7
                                    

Uni

[အချစ်က ရွေးချယ်မှုပဲတဲ့

မင်းကိုယ့်ကို မရွေးချယ်ခဲ့ရင် မင်း ရွေးချယ်မှုကို ကိုယ်ကျိန်စာတိုက်မယ်

မင်းနဲ့ထိုက်တန်တာ ကိုယ်တစ်ယောက်ပဲရှိနေလို့လေ]

"ဘယ်တွေလျှောက်သွားနေတာလဲ။ ကြာလိုက်တာ"

တောင့်တောင့်ကြီးရပ်နေသော Fame ကို ကြာကြာကြည့်မရပုံနှင့် ထိုအမျိုးသားက ထရပ်လာသည်။ သူ၏အရပ်သည် ပုံမှန်မဟုတ်စွာပင် အလွန်ရှည်လျားလွန်းသည်။ သူ၏ သဏ္ဍာန်က ပိန်ပိန်ပါးပါးဖြစ်ပေမဲ့ အားနည်းသည့်ပုံလည်း မပေါ်ပေ။ ထိုသူ့လက်မှ တိတိရိရိညှပ်ထားသော လက်သည်းများကပင် တစ်ပါးသူအား တိုက်ခိုက်နိုင်သလိုပင်။

အမှန်ဆို ဒီအခြေအနေသည် ပုံမှန်ဆန်သင့်ပါလျက် အခန်း၏ အနီရောင်အလင်းနဲ့ လွန်စွာ သိပ်သည်းသော တိတ်ဆိတ်ခြင်းတို့ကြောင့် တစ်မျိုးခြောက်ခြားစရာကောင်းနေသည်။ Fame သူ့နှလုံးခုန်သံသူ ပြန်ကြားနေရသည်။ နှလုံးခုန်သံက တစ်ခုတည်းသာ။ ထိုအသံက သူ့ကို ဒီနေရာမှာ လူသားဆိုလို့ သူပဲရှိမှန်း အထပ်ထပ်အခါခါ သတိပေးသည်။

အလယ်ပိုင်းခေတ်က စီးပွားရေးလုပ်သူတစ်ယောက်လို ကုတ်အနက်ရောင်ဝတ်ထားသည့် ထိုလူက သူ့လက်တစ်ဖက်ကိုဆွဲကာ ရင်ခွင်ထဲသို့ ဖက်သိမ်းလိုက်သည်။ ခပ်ဖွဖွဖက်လိုက်တာပေမဲ့ Fame ပုခုံးကိုကိုင်ထားသည့် ထိုလက်ချောင်းများက အလွန်အကျွံအားပါနေသဖြင့် သူ နာကျင်မှုကို ခံစားလိုက်ရသည်။

အစမှအဆုံး မြန်ဆန်လွန်းလှသဖြင့် သူ့နှလုံးထဲမှာ လေခိုသွားပြီလို့ ထင်ရလောက်အောင်ပင် ရင်ဘတ်ဆီမှ ခံစားချက်က သိပ်မကောင်းချင်။ သူ သေသွားနိုင်သည်။ ထိုစာကြောင်းကို အထပ်ထပ်အခါခါရွတ်ရင်း သူ ထိုလူ့ရင်ဘတ်ဆီမှာ ငြိမ်သက်နေမိသည်။

ဘယ်ကရမှန်းမသိသည့် သွေးညှီနံ့က ပိုဆိုးလာသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်အပူချိန်သည် အေးသည်လည်းမဟုတ် နွေးသည်လည်းမဟုတ် အီလည်လည်ကြီးပင်။ ချွေးနံ့၊ ကိုယ်သင်းနံ့ တစ်ခုမှမရှိဘဲ သွေးနံ့သာ လှိုင်လှိုင်ရနေခြင်းက သူ့ကို အေးစက်တုန်ရီလာစေသည်။ သို့သော် သူ သိသိသာသာ မလှုပ်ရဲ။ မကောင်းဆိုးဝါးက စိတ်အလိုမကျတော့ဘဲ သူ့ကိုချက်ချင်းသတ်လိုက်ရင် ဘယ်လိုလုပ်မှာတဲ့လဲ။

Love Death (Completed)Where stories live. Discover now