အပိုင်း - ၂၃

2.6K 183 0
                                    

ဦးသောင်းတင်၏ ရက်လည်ဆွမ်းကျွေးပြီးချိန် မနက်ဆယ်နာရီခန့်တွင် ဒေါ်အေးခင်တို့အိမ်သို့ တုတ်တုတ်တစ်စီး‌ဆိုက်လာ၏။

" ဟော တုတ်တုတ်လာပြီ "

ထက်နောင်က တုတ်တုတ်ကိုမြင်သည်နှင့် အနားတွင်ချထားသော ဒေါ်ပန်းရုံတို့နှစ်ယောက်၏အဝတ်ထုပ်နှင့် မိမိဝယ်ထားသော အထုပ်ကိုပါလက်ကဆွဲကာ ခပ်သွက်သွက်ထွက်သွားလေသည်။

ထက်နောင်က မနေ့ကတည်းက တစ်ယောက်တည်းမြို့ထဲသွားပြီး လက်ဆောင်များဝယ်ရင်း ကားဂိတ်ထိလည်းသွားစုံစမ်းကာ တက်ကြွသည့်ကြက်ဖဖြစ်နေခြင်းပင်။

" အင်း လူငယ်တွေပဲကောင်းတယ် အသက်ရလာတော့ အထိုင်အထကအစ မဟုတ်ချင်တော့ဘူး "

ဒေါ်ပန်းရုံက ဒေါ်အေးခင်တို့အိမ်ရှေ့ခန်း၌ ပလတ်စတစ်ထိုင်ခုံတစ်လုံးပေါ်ထိုင်နေရာမှ ဒူးကိုနှိပ်ပြီးမနည်းထလိုက်ရင်း ခပ်တိုးတိုးညည်းတွားလိုက်မိ၏။

" လာ လာ အမေ နီနီ့ကိုတွဲ "

" အေးအေး နင့်အမေကို တွဲခေါ်လိုက်ပါအုံးအေ ငါ့ယောက်မ ပင်ပန်းနေရှာတယ် "

အတူတူဝိုင်းထိုင်နေကြသည့် ဒေါ်အေးခင်ကလည်း ပြော‌လည်းပြော ကိုယ်တိုင်လည်းထရပ်ကာ လိုက်ပို့ရန်ပြင်သည်။

နီနီက ဒေါ်အေးခင်လက်ဆောင်ထည့်ပေးလိုက်သည့် ငါးဆင့်ချိုင့်ကိုတစ်ဘက်ကဆွဲရင်း ကျန်တစ်ဘက်ကလည်း ဒေါ်ပန်းရုံကိုပါ အသာဆွဲကာ နောက်ကလိုက်ရတော့၏။

ယနေ့ဦးသောင်းတင်၏ရက်လည်၌ မုန့်ဟင်းခါးကျွေးရာ မုန့်ဖက်အဖြူနှင့် အချိုပွဲမုန့်များကို ငါးဆင့်ချိုင့်အပြည့် ထည့်ပေးလိုက်ခြင်းပင်။

ထက်နောင်က မနေ့ကတည်းက မလိုင်များ၊ ယိုအချို့နှင့် လက်ဖက်ခြောက်အနည်းငယ်ပါဝယ်ခဲ့သေးသည်ဖြစ်၍ မုန့်ထည့်ယူရန်ငြင်းသော်လည်းမရ။

ဒေါ်အေးခင်က ဟင်းရည်ပါထည့်ပေးလိုက်ချင်သေးသည်ဆိုသော်လည်း လမ်းတွင်သယ်ရခက်သည့်အတွက် မုန့်ဖက်သာထည့်ရန်ပင် မနည်းတောင်းတောင်းပန်ပန်တားထားခဲ့ရသည့်အဖြစ်ပေ။

ထက်နောင်က အိတ်များကိုတုတ်တုတ်ပေါ်တင်ကာ နေရာချနေသည့်အချိန်အထိ အမျိုးသမီးလေးဦးမှာနှုတ်ဆက်၍ မပြီးနိုင်သေး။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now