သူရိန်နေမင်းမာန်ဟုန်လျှော့သော ညနေခင်းနေရောင်ဖျော့ချိန်၌ ထက်နောင်တို့နှစ်ဦး နဂါးမောက်ခြံမှ ပြန်လာခဲ့ကြ၏။
လက်ချည်းသက်သက်ကားမဟုတ်။
အနားမှပိန်းရွက်ဖြင့်ထုပ်ထားသော ငရုတ်သီးစိမ်းအချို့ကပါ အပိုပါလာခဲ့သေးသည်သာ။ပြင်သစ်သားလေးအတွက် ကြက်ချိုချဉ်ကြော်တစ်ပွဲဝယ်လာခဲ့ရန်လည်း မမေ့ခဲ့။
ထုံးစံအတိုင်း အိမ်ရောက်သည်နှင့် ထက်နောင်က ညစာအတွက် အမြန်ပြင်ရသည်။
တစ်ယောက်တည်းကားမဟုတ်။
အနား၌ လူးကပ်စ်ကပါ မယောင်မလည်လိုက်ရှုပ်နေမြဲ။ချက်မည့်ဟင်းကလည်း အထွေအထူးမဟုတ်။
ဖီးကြမ်းငှက်ပျောဖီး အညှပ်တစ်ဖီးရ၍ အတုံးလေးများလှီးကာ မဆလာများများဖြင့် ငှက်ပျောသီးချက်မည်။ထို့ပြင် လမ်းမှလည်း ပဲကြော်ဝယ်လာခဲ့သေးသည်မို့
ပဲကြော်သုတ်ရန်လည်း စိတ်ကူးထား၏။" " အစ်ကို အခု ဘာချက် မှာလဲ "
" အင်း အခုညတော့ ငှက်ပျောသီးချက်မယ်လေ ပဲကြော်လဲသုတ်မလားလို့ "
ထက်နောင်က ငှက်ပျောသီးစိမ်း ငါးလုံး၊ ခြောက်လုံးခန့်ကို ရေစင်စင်ဆေးနေရာမှ ပြန်ဖြေလိုက်သည်။
" ဟင် အဲ အသီး က အမှည့် စားရ တာ မဟုတ်လား "
" အင်း အဲဒါကမှည့်မှလေ ခုလိုအစိမ်းကိုချက်စားလို့ရတယ် လူးကပ်စ်လေး မစားဖူးဘူးမဟုတ်လား "
" ဟုတ် တစ် ခါမှ မစား ဖူးဘူး "
" အင်း မစားဖူးရင် အစ်ကိုကချက်ကျွေးမှာပေါ့ "
" ဒါဆို ကျွန်တော် ဘာ ကူလုပ် ရမလဲ အစ်ကို "
" ရတယ် ရတယ် ဘာမှမကူနဲ့နော် လူးကပ်စ်က ငြိမ်ငြိမ်လေးထိုင်နေရင်ရပြီ "
လူးကပ်စ်က ခေါင်းတဆက်ဆက်ညိတ်ပြလာကာ အထူးအဆန်းဖြစ်နေပုံဖြင့် ထက်နောင်တစ်ယောက် ငှက်ပျောသီးများတုံးနေသည်မှအစ ပါးစပ်အဟောင်းသားလေးဖြင့် လိုက်ကြည့်နေလျှက်။
ထက်နောင်က သွက်လက်စွာပင် ငှက်ပျောသီးတုံးလေးများအား ဆီ၊ ဆား၊ အချိုမှုန်အနည်းငယ်ထည့်ကာ ထောင်းထားသည့် ငရုတ်ကြက်သွန်ပါရော၍ မီးဖိုပေါ်တင်ထားလိုက်၏။
BINABASA MO ANG
ပုပ္ပားမြေမှ စံကားဝါ / ပုပၸားေျမမွ စံကားဝါ (Completed)
Romanceပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတစ်ယောက်က ပုပ္ပားတောင်ကလပ်အမြင့်ကိုမေးခဲ့ရင် ပေပေါင်း 2417မြင့်တာကို မျက်ကွယ်ပြုလို့ ပေ1500လို့ပဲ ကိုယ်ဖြေမယ် မင်းနဲ့တွေခဲ့တဲ့နေရာ... ချစ်မိခ...