အပိုင်း- ၃

7.4K 380 6
                                    


" hello မင်္ဂ လာ ပါ "

ဝဲတဲတဲအသံလေးကြောင့် ထက်နောင် ကြာဇံသုတ်စားနေရာမှ ဆိုင်ရှေ့ဆီ အကြည့်ရောက်မိ၏။

သူထင်သည့်တိုင်း ဝါဖန့်ဖန့်မျက်ဆန်ကြည်ကြည်လေးတို့ဖြင့် ရောက်ရှိလာသူက လူမျိုးခြားလေးပင်။

အုတ်ခဲရောင် ပုဆိုးလေးကို ပုံစံမကျစွာစည်းထားရင်း ခါးပတ်လေးဖြင့် ပတ်ထားပုံက ပုဆိုးမဝတ်တတ်သေးသည့် ကလေးလေးအလား...

သို့သော်ငြား ကပိုကရိုစည်းထားသည့်ပုဆိုးလေးနှင့် ဝါဖျော့ဖျော့ရှပ်လက်တိုကို ဝတ်ဆင်ထားပုံက သူနှင်တော့ အတော်လေးကြည့်ကောင်းနေပြန်၏။

ဖြူဝင်းသောအသားအရေ၊ ဝင်းဖန့်ဖန့်မျက်လုံးတို့နှင့် ယခုဝတ်စုံလေးက သူနှင့် မည်သို့မည်ပုံ ပနံသင့်မှန်းမသိ ပနံသင့်ကာလိုက်ဖက်နေသည်ကိုဖြင့် ဝန်မခံ၍မရ။

" ဟာ Lucas လာလာ "

ထက်နောင် ဝမ်းသာအားရ ဖိတ်ခေါ်လိုက်သည့်အခါ လူးကပ်စ်က နူးညံ့စွာပြုံးပြရင်း ဆိုင်ထဲသို့ဝင်လာ၏။

လူမျိုးခြားလေး၏ အပြုံးက အတော်နွေးထွေးကာ လှပသည်ကိုပါတော့ သူ အသိအမှတ်မပြုမိဘဲ မနေနိုင်ပါလေ...

" ကျွန်တော် အစ်ကို နဲ့ မတွေ့ မှာ ကြောက် နေတာ "

ထက်နောင်ဆီ ဦးတည်ပြောလာသံလေးက လေသံခပ်တိုးတိုး...

လိုချင်သည့်အရာကို ရလိုက်၍ပျော်ရွှင်သွားသည့်
ကလေးတစ်ယောက်အလား ဆိုလာသူကြောင့် ထက်နောင် ရင်ထဲနွေးခနဲ...

" ဪ အစ်ကိုရှိပါတယ်ကွ အမေ ဒါ သားမနေ့ကပြောပြတဲ့ လူးကပ်စ်လေ လူးကပ်စ် ဒါက အစ်ကို့အမေပဲ ဒေါ်ပန်းရုံတဲ့ အစ်ကို့မှာ ညီမလေးတစ်ယောက် ရှိသေးပေမဲ့ ဒီအချိန် သူက ရောက်မလာသေးဘူးလေ "

ထက်နောင်က ဒေါ်ပန်းရုံနှင့် လူးကပ်စ်ကို ပျာပျာသလဲ မိတ်ဆက်ပေးရင်း အလုပ်ရှုပ်နေတော့၏။

အနောက်တိုင်းဗီဇမပျောက်သေးသည့် လူးကပ်စ်က လက်အုပ်လေးချီရင်း

" မင်္ဂ လာ ပါ Lucas Damond ဖြစ် ပါတယ် ဗျ မဲ့ရ် (mère) အဲ မိခင် က ပုဂံမြေ ကပါ ဖခင် က တော့ ပြင် သစ် လူမျိုး ပါ ဗျ "

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Tahanan ng mga kuwento. Tumuklas ngayon