အပိုင်း - ၄၆

1K 18 0
                                    


" ဟင် လူးကပ်စ် ဒီကို ဘယ်လို "

ရုတ်တရက် အိမ်ရှေ့ထိပေါ်ချလာသည့်လူးကပ်စ်ကြောင့် ထက်နောင် အံ့အားသင့်သွားရ၏။

ညနေလေပြည်နှင့်အတူ နှလုံးသားကလည်း သိမ့်ခနဲ။

သူ ကြောင်ကြည့်နေမိစဉ်မှာပင် လူးကပ်စ်က ကားပေါ်မှ ဖြည်းဖြည်းချင်းဆင်းလာသည်။

ဆေးရုံမှဆင်းရသည်မှာ သိပ်မကြာသေး‌၍ လူးကပ်စ်၏ခြေထောက်က အကောင်းကြီးမဟုတ်သေး။

ချိုင်းထောက်ကိုအားပြုကာ ကြိုးစားပမ်းစားလှမ်းနေရဆဲ။

ဦးကံကောင်းကပါ ကားပေါ်မှဆင်းပြီး ကူတွဲပေးရန်ပြင်လိုက်သော်လည်း လူးကပ်စ်က ဘာပြောလိုက်သည်မသိ။

ကားလေးကသာ တရွေ့ရွေ့ပြန်ထွက်သွားတော့၏။

ထက်နောင်စိုးရိမ်စွာ သူ့စံကားဝါလေးဆီပြေးသွားလိုက်ရင်း...

" လူးကပ်စ်ရယ် ဘာလို့ ဒီအထိလိုက်လာရတာလဲ "

" လွမ်းလို့ ပြီးတော့ အစ်ကို့ ညီမ အကြောင်း ကြားတယ် ကျွန်တော် မလာ ဘဲ ဘယ်နေ နိုင်ပါ့ မလဲ "

" လူးကပ်စ်ရယ် "

လူမျိုးခြားလေး၏စကားသံအဆုံး ထက်နောင် ပင့်သက်တစ်ချက်ကိုသာ ရှိုက်လိုက်မိ၏။

လူးကပ်စ်က နီနီ့သတင်းကို ကြားသွားပုံပင်။

ယခုရက်ပိုင်းဤ ညီမဖြစ်သူ၏နာရေးကြောင့် သူလည်း ပုပ္ပားမှအိမ်တွင်သာနေဖြစ်ကာ လူးကပ်စ်ဆီလည်း မရောက်ဖြစ်ခဲ့။

ယခုလည်း နေ့လယ်ကမှ နီနီ့ကိုမြေချပြီး၍ မနက်ဖြန်မြေဆင်းသပိတ်အတွက် ပြင်ဆင်နေချိန် လူးကပ်စ်ရောက်လာခြင်းသာ။

ယခင်က နှစ်ရက်ခြားတစ်ခါ၊ သုံးရက်ခြားတစ်ခါ သွားတွေ့နေကျဖြစ်၍ လူးကပ်စ်ကို လွမ်းမိသည့်တိုင် ရောက်ချလာပြန်သည့်အခါ မပျော်မိပြန်။

ထိုအစား သူ့ရင်ထဲသာ ပို၍လေးလံလာသယောင်ယောင်။

ပုပ္ပားအိမ်တွင် ပြန်နေသော်လည်း သူ့အနေအထားက ယခင်ကဲ့သို့မဟုတ်။

ဒေါ်ပန်းရုံက ထက်နောင့်ကို ကောင်းသည်ဆိုးသည် တစ်ခွန်းမှမပြော။

ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပား​မြေမှ စံကားဝါ (Completed) Donde viven las historias. Descúbrelo ahora