"အမေ ကျွန်တော် ဒီနေ့ တောင်ပေါ်တက်မလို့...ကိုခန့်ဇော် ပန်းလာပို့ရင် လက်ခံထားပေးပါနော်"
"အေးအေး သားလေး"
"ပြီးတော့လေ...ကိုခန့်ဇော်ကို ပန်ကိတ်လေးတွေ ပြန်ထည့်ပေးလိုက်ပါဦး"
"စိတ်ချပါရှင်"
ပိုင်ပိုင် မနက် ၆ နာရီခွဲလောက်တွင် တောင်ပေါ်ရှိ မြို့ကို တက်ဖို့ရာအတွက် ကားလမ်းဘေးမှာ ကားသွားစောင့်ရသည်။
သူတို့ရွာက တောင်ခြေ၌ တည်ရှိသော စံပြကျေးရွာကြီး ဖြစ်ပါ၏။ အရှေ့၊အနောက် အရပ်ရှိ မြို့တွေနှင့်လည်း လမ်းပန်းဆက်သွယ်ရေး လွယ်ကူသည်။
ရွာကနေ မြို့ကို ကားနှင့်ဆို ၁နာရီလောက်ပဲ သွားရပြီး သူ ခါတိုင်း ဆိုင်ကယ်နှင့် သွားလေ့ရှိပေမယ့် မိုးရာသီဆို တောင်တက်လမ်းမှာ အန္တရာယ်များ၍ အမေက ဆိုင်ကယ် စီးခွင့်မပြု။
မနက် ၇ နာရီထိုးကာနီးကျ သူ မှန်လုံကား အသေးစားလေး တစ်စီး တားလို့ ရသွား၏။ ကားမူးတတ်တဲ့သူမို့ ကားပေါ်ရောက်တာနဲ့ လေဝင်အောင် ပြတင်းဖွင့်ထားလိုက်သည်။
ကားပြတင်း အပြင်က ရှုခင်းကို ငေးနေမိသည့် ပိုင်ပိုင့်အတွေးထဲ စိုးမိုးလာသူက ကိုခန့်ဇော်။
ဒီနေ့ ကိုခန့်ဇော်က သူ့ကို ဘာပန်းတွေများ လာပေးမှာပါလိမ့်။
မနက်တိုင်း တွေ့နေကျ လူကို ဒီနေ့ မတွေ့ခဲ့ရတော့ စိတ်ထဲ တစ်ခုခုလိုနေသလို။
သူ ဒီနေ့ ဆိုင်ပိတ်ခဲ့ရသော်လည်း ကိုခန့်ဇော် တစ်ယောက်တည်းအတွက် ပန်ကိတ်လေးတွေ လုပ်ဖြစ်အောင် လုပ်ပေးခဲ့တာမို့ ကိုခန့်ဇော် ကြိုက်နှစ်သက်ဖို့ မျှော်လင့်၏။
အခုမှ သေချာ ပြန်တွေးကြည့်တော့ သူ ဆိုင်ဖွင့်စကတည်းက သူ့ရဲ့ပထမဆုံး ဖောက်သည်ဟာ ကိုခန့်ဇော်ပင်။
အရင်ကတည်းက ကိုခန့်ဇော်ရဲ့အလုပ်သမားခေါင်းဆောင်က သူ့ဆိုင်မှာ တစ်ပတ်တစ်ခါ မုန့်အော်ဒါ လာမှာတတ်ပြီး
ရံဖန်ရံခါဆို တစ်နေ့စာ ရောင်းမကုန်တဲ့ မုန့်တွေကိုလည်း ကိုခန့်ဇော်တို့ စိုက်ခင်းတွေကပဲ လာလာဝယ်သွားတာမျိုးတွေလည်း ရှိဖူးသည်။