"ကိုကိုရေ ပြင်ဆင်လို့ ပြီးပြီလား"
ဒီနေ့ ပိုင်ပိုင့်သူငယ်ချင်း စိုင်းနောင့်ရဲ့မင်္ဂလာဆောင်မို့ ကိုသျှန်မိုင်းက ရွာကို ကားအကြိုလွှတ်လိုက်၏။
"လာပြီဗျား"
အိမ်ထဲကနေ ထွက်လာသည့် ကိုခန့်က ကာကီရောင် Shirt လက်ရှည်နှင့် အညိုရောင် Straight pant ကို အနက်
ရောင် ခါးပတ် ပတ်ထားပြီး Formal Shoes စီးထား၍ လုပ်ငန်းရှင်တစ်ဦးပုံစံ ပေါက်နေသည်။ပိုင်ပိုင်ကတော့ မြင်ရခဲသည့် ကိုခန့်ရဲ့အခုလို ပုံစံမျိုးကို ငေးကနဲဖြစ်သွားရသည်အထိ သဘောကျမိ၏။
"ကျွန်တော့်ယောက်ျားက သိပ်ကြည့်ကောင်းတာပဲ"
သူ ဂုဏ်ယူသလိုပြောတော့ ကိုခန့်က ပြုံးရယ်လျက် သူ့ပခုံးကို ဆွဲဖက်လာသည်။
"သွားရအောင်...အကြိုလာတဲ့လူ စောင့်နေရတာ ကြာပြီ"
"အွန်း...အားနာစရာ...ကိုသျှန်မိုင်းက မနက်အစောကြီး အကြိုလွှတ်မယ် မထင်ထားဘူး"
သူတို့နှစ်ယောက် ခြံရှေ့ကို ထွက်ခဲ့ကြတော့ အနက်ရောင် ကားနံဘေးတွင် ရပ်နေသည့် ဝတ်စုံပြည့်နှင့် Driver က
ကားတံခါး အဆင်သင့် ဖွင့်ပေး၏။"ကျေးဇူးပါ"
ကိုခန့်နှင့်သူ ကားနောက်ခန်းတွင် ဝင်ထိုင်ပြီးမှ ထိုလူက ကားရှေ့ခန်းက မောင်းသူနေရာကို ယူလိုက်သည်။
သူတို့တွေ ရွာကနေ ထွက်လာချိန်က မနက် ၇နာရီဖြစ်ပြီး တောင်ပေါ်ကိုရောက်တော့ မနက် ၈နာရီ။
မင်္ဂလာဆောင်က မနက်၉နာရီမှ စမှာမို့ မင်္ဂလာဆောင်ကျင်းပမည့် စံအိမ်တွင် ပွဲစီစဥ်သူတွေနှင့်နှစ်ဘက်ဆွေမျိုးတွေပဲ ရောက်သေး၏။
"ကိုခန့်ဇော်တို့ ရောက်ပြီပဲ...ဒီဘက်ကို ကြွပါ"
ကိုသျှန်မိုင်းက သူတို့ကို ကားနားအထိ လာကြိုပြီး စံအိမ်ထဲတွင် မနက်စာဖြင့်တည်ခင်းဧည့်ခံသည်။
"နောင့်နောင့်က အပေါ်ထပ်က အဝတ်လဲခန်းထဲမှာပါ...မင်္ဂလာချိန်မတိုင်ခင် တစ်ယောက်တည်းနေချင်တယ်လို့ ပြောပေမယ့် ပိုင်ပိုင့်ကိုတော့ မျှော်နေတာမို့ မနက်စာ စားပြီးမှ သွားတွေ့လိုက်ပါ"