ဒီနေ့ ခန့်ဇော်တို့ရဲ့ အိမ်သစ်တက်ပွဲ လုပ်ပါသည်။ ရွာဦးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်နှင့်သံဃာတော်များကို ပင့်ဖိတ်ကာ အရုဏ်ဆွမ်းကပ်ပြီးနောက် တက်ရောက်ဂုဏ်ပြုပေးကြသော ဧည့်သည်များကိုတော့ ကြက်ဆီထမင်း၊သစ်သီးဖျော်ရည်နှင့်မြန်မာမုန့်အချိုပွဲများဖြင့် တည်ခင်း ဧည့်ခံ၏။
"ကိုခန့်"
"မင်းတစ်ယောက်တည်းလား မောင်ဇော်"
"ဟုတ်တယ်...ကိုလင်းက အရေးကြီး အလုပ်ကိစ္စကြောင့် ရုံးပျက်လို့မရတာနဲ့"
"အင်း...မင်းပြန်ရင် လင်းရာအတွက် မုန့်တွေ ထည့်သွားဦး"
မောင်ဇော်က သူ့ကို ခေါင်းညိတ်ပြပြီး အမေတို့ရဲ့ရေနွေးဝိုင်းတွင် ဝင်ထိုင်သည်။ တွေ့လိုက်တိုင်း သားငယ်ရဲ့မျက်နှာရိပ်မျက်နှာကဲကို အမြဲ ကြည့်တတ်သည့် အမေလည်း မောင်ဇော်တစ်ယောက် လင်းရာနှင့်လက်ထပ်ပြီးနောက်ပိုင်း အရင်လောက် ရွှင်ရွှင်ပျပျ မရှိတော့တာကို သတိထားမိလောက်ပါ၏။
"အသီးဖျော်ရည်လုပ်ဖို့ စတော်ဘယ်ရီသီးကုန်ပြီ ကိုကို...ကိုစိုးမိုးတို့ ခြံထဲကျန်သေးလား တစ်ချက် ဖုန်းဆက်မေးကြည့်ပါဦး...မရှိတော့ရင်လည်း ကဗ္ဗလာသီးဖျော်ရည်ပဲ လုပ်လိုက်မလို့"
"ကိုယ် မေးကြည့်လိုက်မယ်"
နွေရာသီဆိုတော့ ဧည့်သည်တွေက အအေးကို ပိုသောက်ကြတာမို့ ခန့်ဇော် စတော်ဘယ်ရီသီးထပ်မှာလိုက်ရသည်။ ဆောင်းရာသီမှ ပေါသည့် စတော်ဘယ်ရီက နွေရောက်လျှင် ရှားပြီဖြစ်သော်လည်း စိုးမိုးက ခြံထဲမှာ ကျန်သလောက် ထပ်လာပို့ပေး၏။
"ဒါကုန်လို့မှ မလောက်ရင် ကဗ္ဗလာသီးဖျော်ရည်ပဲ လုပ်ကြတာပေါ့"
"ဟုတ်ကဲ့ ကိုကို"
ဖိတ်ထားသည့် ဧည့်သည် တော်တော်များများ လာပြီးတာတောင် ကြက်ဆီထမင်းတွေကတော့ ပိုနေသေးသည်။
"တာတူး!"
"ဗျား"
"ရွာထဲက မင်း သူငယ်ချင်းတွေသွားခေါ်ခဲ့ကွာ...ဦးခန့်တို့အိမ်မှာ မုန့်လာစားလို့"