"ပိုင်ပိုင်...ကိုယ် သွားတော့မယ်နော်"
ခန့်ဇော် ထော်လာဂျီနံဘေးကနေ လှမ်းအော်လိုက်တော့ အိမ်နောက်ဖေးတွင် ပိုင်ပိုင်က အမေ့ကို ဟင်းရွက်တွေ ခူးကူနေရာမှ အိမ်ရှေ့သို့ ပြေးထွက်လာ၏။
"နေ့လယ်ကျ ထမင်းချိုင့်လာပို့မယ်နော်"
သူ့ကို ပွေ့ဖက်နှုတ်ဆက်ရင်း ပြောလာသည့် ပိုင်ပိုင့်အား ခန့်ဇော် ချစ်စနိုးဖြင့် ပါးတစ်ဖက်ကို မွေးကြူလိုက်သည်။
"မုန်ညင်းထုပ်တွေ ခူးချိန်ရောက်ပြီမို့သာ ခြံထဲဆင်းရမှာ...ကိုယ် ပိုင်ပိုင့်ကို တစ်ယောက်တည်းမထားခဲ့ချင်ဘူး"
"ကျွန်တော်နေတတ်ပါတယ်"
"ကောင်းပါပြီဗျာ"
"တာ့တာ"
ခန့်ဇော် ထော်လာဂျီကို စက်နှိုးပြီး ခြံထဲကနေ မောင်းထွက်လာသည့်အချိန်အထိ ပိုင်ပိုင်ကတော့ ရပ်ကြည့်နေရစ်ခဲ့ပါသည်။
အခုမှ လက်ထပ်ထားတာ သုံးရက်သာ ရှိသေးသော်လည်း သူ ပိုင်ပိုင့်အနားကနေ မခွာချင်ဘဲ ခွာလာရ၏။
သူ ခြံထဲရောက်ချိန်က မနက် ၈နာရီ။
အလုပ်သမားတွေကတော့ မနက် ၉နာရီမှ အလုပ်ဝင်ချိန်ဖြစ်၍ တစ်ယောက်မှ မရောက်ကြသေးပေ။
ခန့်ဇော်က ခြံရှင်ဖြစ်သော်လည်း ဘယ်သီးနှံရိတ်သိမ်းချိန်မဆို ခြံထဲကို ဦးအောင်ရောက်လေ့ရှိသည်။
"ကိုခန့်က စောလှချည်လား"
"ပုံမှန်အချိန်ပါပဲကွာ"
"လက်ထပ်ထားခါစ အိမ်ထောင်ရှင်ဆိုတော့ အလွမ်းသယ်နေဦးမယ် ထင်လို့လေ"
"ဘယ်တတ်နိုင်မလဲ...ကိုယ့်အိမ်ထောင်ဘက်ကို မပူမပင် မကြောင့်မကြထားရဖို့ အလုပ်ကလည်း ကြိုးစားရဦးမှာကို"
မုန်ညင်းထုပ် တင်မည့် စက်သမားတွေ ရောက်လာသည့်နောက် မုန်ညှင်းခူးမည့် မိန်းကလေးတွေနှင့်မုန်ညင်းအိတ်ထမ်းမည့်ယောက်ျားလေးတွေလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ခြံထဲကို ဆင်းလာကြပြီ။
"ကိုခန့်တော့ ဒီနှစ်လည်း မုန်ညင်းနဲ့ထောဦးမှာပဲ"
ခန့်ဇော်ရဲ့ခြံက မုန်ညင်းတွေက အရည်အသွေးကောင်းပြီး ဒီနှစ် ခူးချိန်နှင့်မုန်ညင်းစျေးကောင်းချိန်က ကွက်တိပဲမို့ မနှစ်ကထက် အမြတ်အစွန်းပိုထွက်မည်ဟု ခန့်မှန်းရသည်။