🎶ဘယ်အချိန်ထိလဲ ဘယ်လိုချစ်မှာလဲ
အချစ်ဆုံးက မေးခဲ့ရင် ဖြေမယ်နေမဝင်အချစ်တွေ အချစ်ကို ပေးမယ်
ယနေ့မှစ နှစ်တစ်ရာတိုင်ကွယ် 🎶
ပိုင်ပိုင်တို့အိမ်ရှိ မင်္ဂလာမဏ္ဍပ်မှ မင်္ဂလာဆောင် သီချင်းသံက အသံချဲ့စက်မှတစ်ဆင့် တစ်ရွာလုံးအနှံ့ ပျံ့လွှင့်လျက်ရှိ၏။
မနက် အရုဏ်တက်တွင် မင်္ဂလာဆွမ်းကျွေးပြီးနောက် မနက်အစောပိုင်းကတည်းပင် မင်္ဂလာပွဲလာ ဧည့်ပရိတ်သတ်များကလည်း တဖွဲဖွဲ ဝင်ရောက်လာနေကြပြီဖြစ်သည်။
ရွာလုံးကျွတ် ဖိတ်ထားသည့်အပြင် ရပ်ဝေးရပ်နီးမှ ဆွေမျိုးတွေပါမကျန် တက်ရောက် ဂုဏ်ပြုပေးကြ၍ မင်္ဂလာဆောင်မှာ စည်ကားလွန်းလှ၏။
ခန့်ဇော်ရဲ့တက္ကသိုလ်တုန်းက သူငယ်ချင်းတွေလည်း လာကြသလို ပိုင်ပိုင် ကျောင်းတုန်းက သူငယ်ချင်းတွေလည်း တော်တော်များများ လာကြပါသည်။
"ထမင်းကျွေး မဏ္ဍပ်ထဲ သွားကြည့်မလား ပိုင်"
"ဟုတ်"
ခန့်ဇော် ပိုင်ပိုင့်ရဲ့လက်ကလေးတစ်ဖက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ရေနွေးမဏ္ဍပ်ထဲကနေ ထမင်းကျွေးမဏ္ဍပ်ထဲသို့ ခေါ်သွားတော့ လူတွေက သူတို့ကို လိုက်ကြည့်နေကြသည်။
"ခင်ခင့်သား ပိုင်ပိုင်က ချစ်စရာလေးတော်...မျက်နှာလေးမြင်ရုံနဲ့ အေးချမ်းနေတာပဲ"
"မောင်ခန့်ဇော် ပျော်နေတာများ ကြည့်ပါဦး...ပြုံးလို့ရွှင်လို့"
အမှန်တကယ်လည်း ဒီနေ့မှာ အပျော်ရွှင်ဆုံးလူက ခန့်ဇော်ပင်။
သူ့နံဘေးရှိ သတို့သားလေးကို အရိပ်တကြည့်ကြည့်ဖြင့် သူ့မှာ ကြည်နူးပီတိတွေကလည်း ရင်ခွင်နှင့်အပြည့်ရယ်ပါ။
သူနှင့်ဆင်တူ ရွှေချည်ထိုး အညိုရောင် ပိုးပုဆိုးနှင့် ရှပ်အင်္ကျီလက်ရှည် အဖြူပေါ်တွင် နံ့သာရောင် ချည်တိုက်ပုံကို ထပ်ဝတ်ထားသည့် ပိုင်ပိုင်က သိပ်ကို ချစ်ဖို့ကောင်းနေသည်။
"နောင့်နောင့်လည်း မလာသေးဘူး"
"လာမယ်လို့တော့ ဖုန်းဆက်ထားတယ်မလား"