လွန်ခဲ့သော ၆ နှစ်။မောင်ဇော် ဆယ်တန်းနှစ်တွင် ကိုခန့် ဘွဲ့ယူသည့် တစ်ရက်။
အခမ်းအနားတက်ဖို့အတွက် အမေတို့က သူ့ကိုပါ ဘော်ဒါတွင် ဝင်ခေါ်ကြသည်။
ကားပေါ်မှာ အမေတို့အပြင် အမျိုးတွေနှင့်ကိုခန့်ရဲ့ငယ်သူငယ်ချင်းတွေ ပါလာကြတော့
သူ့ရဲ့အကြည့်တွေက ပင်နီရောင် ရှပ်အင်္ကျီနှင့်ကိုလင်းဆီမှာပဲ တစ်ချိန်လုံး ကပ်ငြိနေခဲ့သည်။
ကိုလင်းက မင်းသားရှုံးအောင်တော့ မချောပေမယ့်
အသားခပ်လတ်လတ်၊ မျက်လုံး မျက်ခုံးကောင်းကောင်း၊ နှာတံမြင့်မြင့်နှင့်ပန်းဆီရောင်သွေးသော နှုတ်ခမ်းတို့ဖြင့် ကြည့်ကောင်းသည့် ယောက်ျားတစ်ယောက် ဖြစ်ပြီး
ရည်မွန်သော မျက်နှာထားနှင့်ကိုလင်းက သဘောမနောကောင်းလှ၍ လူချစ်လူခင်လည်း သိပ်ပေါသည်။
ကိုခန့် ဘွဲ့ယူပြီး ငယ်သူငယ်ချင်းတွေနှင့်အတူတူ ရိုက်ထားသော ဓာတ်ပုံထဲတွင် မကြာခင် ရုံးစာရေးလေးဖြစ်တော့မည့် ကိုလင်းက တည်ကြည်၊ရင့်ကျက် စွာပင် ခံ့ညားနေခဲ့၏။
သူ ဘော်ဒါပိတ်ရက်တွေ အိမ်ကို ပြန်တိုင်း ဖွင့်ကြည့်မိသော ဓာတ်ပုံ အယ်လ်ဘမ်ထဲက ထိုပုံလေးကို တစ်ရက်ကျတော့ သူ ကတ်ကြေးဖြင့်ညှပ်ယူလာခဲ့သည်။
အဲသည့်လိုမျိုး
လူငယ်သဘာဝ စိတ်ကစားတတ်လာသည့် အရွယ်မှာကတည်းက ကိုလင်းဟာ သူ့နှလုံးသားကို နိုးကြားစေခဲ့သော အဦးဆုံးလူပင်။လူပျိုဖော်ဝင်သည့် အသက်၁၅နှစ်က စလို့ သူ ကိုလင်းကို တိတ်တခိုး သဘောကျခဲ့ရပြီး အသက် ၁၆ ကနေ ၁၇နှစ် အရွယ် မြီးကောင်ပေါက်ဖြစ်လာချိန်ကျ ကိုလင်းနှင့်ပတ်သက်တဲ့ ခံစားချက်တွေက ပိုလို့ နက်ရှိုင်းလာခဲ့သည်။
သူ ဆယ်တန်းစာမေးပွဲ မဖြေခင် သုံးလအလိုတွင် ကိုလင်း ချစ်သူရသွားတာ ကိုသိလိုက်ရသည့် သူက စားလည်းဒီစိတ် သွားလည်း ဒီစိတ်ဖြင့် စာကောင်းကောင်း မကြည့်နိုင်ခဲ့ဘဲ စာမေးပွဲမှာလည်း အောင်မှတ်ရအောင်ပင် မဖြေနိုင်ခဲ့ပေ။