"ကိုကို"
"ဗျား"
"ခဏနားပါဦး"
"အားလုံးပြင်ဆင်ပြီးနေပါပြီ အချစ်ကလေးရဲ့"
မနက်ဖြန် သင်္ကြန်အကြိုနေ့မို့
ခန့်ဇော် အိမ်ရှေ့လမ်းတွင် ရေကစားမဏ္ဍပ်လေး ထိုးပေးနေခြင်းပင်။"ရေပီပါက ဘယ်နှလုံးချပေးမှာလဲဟင်"
"အမေတို့အိမ်မှာ ၃ လုံးရှိတာ...ညနေကျ ကန်တော့သွားရင်းနဲ့ အကုန်သယ်ခဲ့လိုက်မယ်"
ခန့်ဇော် မဏ္ဍပ်ထိုးပြီး ညနေကျ အမေတို့အိမ်ကို ကန်တော့သွားဖို့ပြင်ဆင်ရသည်။ ကန်တော့ဖွယ်ရာ ပစ္စည်းတွေအပြင် ခန့်ဇော် ပိုက်ဆံပါ ကန်တော့နေကျအတိုင်း အမေ့အတွက်၊ အဖေ့အတွက် ငွေပမာဏ ညီတူညီမျှကို စာအိတ် တစ်အိတ်စီနဲ့ထည့်ပြီး ဒီနှစ်တော့ ယောက္ခမတွေကိုပါ ကန်တော့ခွင့်ရပြီမို့ စုစုပေါင်း စာအိတ်လေးအိတ်ဖြစ်သွား၏။
"ဘယ်အိမ် အရင်ဝင်မလဲ ကိုကို"
"မေခင်တို့အိမ်က နီးတော့...မေခင်တို့အိမ်ကို အရင်ဝင်မယ်လေ"
"ထော်လာဂျီနဲ့ သွားမှာမလား"
"အင်း...အပြန်ကျ ပီပါသယ်ရအောင်လို့"
ထော်လာဂျီဖြင့် သူတို့နှစ်ယောက် ပိုင့် မိဘအိမ်ကိုရောက်တော့ မေခင်က တစ်ခါတည်း ထမင်းဝင်စားလို့ပြောတာနဲ့ ညနေစာကို မေခင်တို့အိမ်မှာပဲ စားလိုက်ကြသည်။
"ကျွန်တော်တို့ မေမိုးတို့အိမ်ကို ဆက်သွားလိုက်ဦးမယ် မေမေ"
"အေးအေး"
"ခွင့်ပြုပါဦးဗျ"
"ထော်လာဂျီ ဖြည်းဖြည်းမောင်းဦး ခန့်ဇော်"
"ဟုတ်ကဲ့ခင်ဗျ"
ခန့်ဇော် ယောက္ခမတွေအိမ်ကနေ အမေတို့အိမ်ကို ရောက်တော့ ညနေ ၅နာရီ။
နေ့တာရှည်သည့် နွေရာသီမို့ နေလုံးကြီးက အနောက်ဘက်တောင်တန်းဆီမှာ မေးတင်လျင်ပင်ရှိသေး၏။
"သားတို့ ညနေစာ စားကြလေ...အမေဟင်းတွေချက်ထားတယ်"
"မေခင်တို့အိမ်ကနေ စားလာပြီးပြီ အမေ"