"မောင်ဇော်!"
ဖုန်းအဆက်အသွယ် ရရချင်းပဲ မောင်ဇော်ပြောသည့် လိပ်စာအတိုင်း ခန့်ဇော်တို့တွေ လိုက်လာခဲ့ကြသည်။
"လင်းရာရော"
"အထဲမှာရှိတယ်"
ခြံတံခါးလာဖွင့်ပေးသော မောင်ဇော့်ကို ကြည့်ပြီး ခန့်ဇော် စိတ်မကောင်းဖြစ်သွားရတာက နီရဲနေသော မောင်ဇော့်ပါးတစ်ခြမ်းကြောင့်ပင်။
"ကျွန်တော့်ကို နားလည်ပေးပါ ကိုခန့်"
ခန့်ဇော်ကတော့ သူ့ညီဘယ်လောက်ဆိုးဆိုး ဘယ်တုန်းကမှ လက်မပါခဲ့ဖူးသလို စကားလုံးကြမ်းကြမ်းတွေနှင့်လည်း မဆူပူဖူးပါ။
"ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးပြီပဲ...ငါ့ညီ ကိုယ့်လုပ်ရပ်အတွက် ကိုယ် တာဝန်ယူနိုင်ဖို့တော့လိုတယ်"
သူ အသာအယာ ပခုံးပုတ်ကာ ပြောတော့ မောင်ဇော်က အံတင်းတင်းကြိတ်လျက် ခေါင်းညိတ်သည်။
"ကိုလင်းက အိမ်ပြန်ချင်တယ်တဲ့"
"အင်း...အစ်ကို သူနဲ့စကားပြောလိုက်ဦးမယ်"
ခန့်ဇော် အိမ်ထဲကို ဝင်သွားသည့်နောက်မှာ မောင်ဇော်က စိုးမိုးနှင့်အတူ အပြင်၌ ကျန်ရစ်ခဲ့ပါ၏။
"လင်းရာ"
အိမ်ဧည့်ခန်းကြမ်းပြင်ပေါ်တွင် ခြေတစ်ဖက်ဆင်းကာ နံရံကိုကျောမှီထားသည့် လင်းရာက အေးတိအေးစက် မျက်နှာထားဖြင့် ခန့်ဇော်ကို ကြည့်လာသည်။
"မောင်မောင့်ရဲ့လုပ်ရပ်အတွက် ငါ အနူးအညွတ် တောင်းပန်ပါတယ်"
သူ လင်းရာနှင့်မျက်နှာချင်းဆိုင်တွင် တင်ပလင်ခွေ ထိုင်ချလိုက်ပြီး မျက်နှာပူပူနဲ့ပဲ ညီဖြစ်သူဘက်ကနေ အသနားခံရ၏။
"မင်းလည်း သူ့အကြောင်းသိတာပဲ မဟုတ်လား...ဘယ်တုန်းကမှ ဆင်ဆင်ခြင်ခြင် မလုပ်တတ်တဲ့ ကလေးဆိုတာ"
မောင်မောင့်ရဲ့အပြစ်က ခွင့်လွှတ်ဖို့ခက်ပေမယ့် လင်းရာကို ချစ်လို့ရူးမိုက်မိတာမို့ နည်းနည်းပဲ ဖြစ်ဖြစ် ငဲ့ညှာထောက်ထားပေးစေချင်တာတော့ အမှန်ပင်။
"ငါ့ အမေ သိသွားပြီမလား...အင်း ဒီအချိန်ဆို တစ်ရွာလုံး သိလောက်ပါပြီ"