"ညနေစာ ဘာဟင်းချက်မှာလဲ မေမေမိုး"
"ခန့်ဇော်က ဦးစီးမှူးကို ထမင်းစား ဖိတ်ထားတယ်ဆိုလို့ ပုဇွန်ဆီပြန်ရယ်၊ ကြက်သားစင်းကောလေးရယ်၊ ပြီးတော့ ချဥ်ရွက်စုံကို ဟင်းရည်ချက်မယ်၊ မုန်လာဥနီသုပ်မယ်၊ အထောင်းကတော့ ပဲပုပ်မီးကင် ထောင်းမယ်လေ"
"ကျွန်တော် စိုက်ခင်းထဲကနေ ဘာတွေ ခူးခဲ့ရမလဲ မေမေမိုး"
"ချဥ်ပေါင်ရွက်၊ ပင်စိမ်းရွက်၊ ရုံးပတီသီး၊ ခရမ်းချဥ်သီးအစိမ်း နှစ်လုံး၊ ငရုပ်သီးစိမ်း သုံးလေးတောင့်၊ ပြီးတော့ မုန်လာဥနီပါ နှုတ်ခဲ့နော် သားလေး"
"ဟုတ်ကဲ့ဗျ"
ပိုင်ပိုင် မီးဖိုဆောင်ထဲမှ စကော ပြန့်ပြန့်လေး တစ်ချပ်ယူခဲ့ပြီး အိမ်နောက်ဖေးရှိ စိုက်ခင်းလေးဆီကို ထွက်လာလိုက်သည်။
အရင်ဆုံး သူ ချဥ်ပေါင်ရွက်တွေ ခူးပြီး စကောအလယ်တွင် ပုံလိုက်၏။ တခြား ဟင်းသီးဟင်းရွက်တွေကိုလည်း တစ်မျိုးစီခူးကာ စကော ပတ်ပတ်လည်တွင်ရံလိုက်သည်။
သူ လိုတာတွေ အကုန်ခူးပြီး မီးဖိုဆောင်ထဲကို ပြန်ဝင်သွားတော့ ကိုမောင်ဇော်က မေမေမိုးကို ဟင်းချက်ကူနေသည်။
"ကျွန်တော် ကြက်သားစင်းကော ကြော်ပြီးရင် ပဲပုပ်ထောင်းပေးမယ် အမေ"
"အေးအေး"
ကိုမောင်ဇော်က မေမေမိုးလိုပဲ ဓားကိုင်ကျွမ်းပြီး ဟင်းချက်တာလည်း တော်ပုံရ၏။ ဒီနေ့ ချက်ရမည့်ဟင်းအမယ်တွေက နည်းနည်းများပေမယ့် ကိုမောင်ဇော်ဝင်ကူတော့ အလုပ် ပိုတွင်သည်။
"ဧည့်သည်က ဘယ်နှယောက်လဲ"
ကိုမောင်ဇော်က ပဲပုပ်ချပ်တွေကို မီးသွေးဖိုပေါ်တွင် မီးကင်နေရင်း မေးတော့
"ဦးစီးမှူးနဲ့စာရေးလေးပဲလေ" ဟု မေမေမိုးက ပြန်ဖြေသည်။
"အမြဲ တတွဲတွဲနဲ့ မျက်စိကိုနောက် တယ်"
မျက်ခုံးနှစ်ဖက် တွန့်ကုပ်လျက် အလိုမကျစွာ ပြောသည့် ကိုမောင်ဇော့်အား မေမေမိုးက အံ့ဩတကြီး ကြည့်ကာ
"ဟဲ့ မောင်ဇော်ရဲ့...ကိုယ့်ရွာ လိုက်လည်တဲ့ဧည့်သည်ကို ဘယ်လို ပြောလိုက်တာလဲ"