"ပိုင်ပိုင်"
"ဗျ"
မေမေမိုးနှင့်အတူ ပိုင်ပိုင် ညစာ ချက်ကူနေစဥ်တွင် ကိုခန့်ဇော်က မီးဖိုဆောင်ထဲသို့ ဝင်လာသည်။
"ပိုင်ပိုင် ကိုယ့်အဝတ်တွေပါ လျှော်ထားတာလား"
"ဟုတ်"
"ဒီအိမ်မှာ ကိုယ့်အဝတ် ကိုယ်လျှော်ကြတယ် ပိုင်ပိုင်ရဲ့...ကိုယ်လည်း ကိုယ့်အဝတ်ကို ကိုယ်ပဲ လျှော်တယ်"
"ကျွန်တော် လျှော်လိုက်တာ နှစ်စုံတည်းပါ...ပြီးတော့ ကိုခန့်က ကျွန်တော့်ခင်ပွန်းပဲဟာ"
"ဒါပေမယ့်လည်း ကိုယ်က ပိုင်ပိုင့်ကို ပင်ပန်းစေမယ့် အလုပ်တွေ မလုပ်စေချင်ဘူး...အဲဒါကြောင့် နောက်ခါ မလျှော်နဲ့နော်"
"ဟုတ်ကဲ့ပါ"
ကိုခန့် ပြောတာကို ခေါင်းညိတ်လိုက်ပြီး ပိုင်ပိုင် ထောင်းလက်စ ငရုတ်သီးကိုဆက်ထောင်းလိုက်တော့ သစ်သားဆုံထဲမှ ငရုတ်သီးရည်က မျက်လုံးထဲကို ဖက်ကနဲ လာစင်သည်။
"အ"
ပိုင်ပိုင် မျက်စိ စုံမှိတ်ချလိုက်ပြီး ပူစပ်စပ်ဖြစ်လာသော ညာဘက်မျက်လုံးကို လက်ဖြင့် ပွတ်မည်ပြုတော့ လှစ်ကနဲ သူ့အနားရောက်လာသည့် ကိုခန့်က သူ့လက်တစ်ဖက်ကို အသာလေး ဖမ်းဆွဲသည်။
"သားကြီး...ဒီမှာ ရေ"
မေမေမိုး ခပ်ပေးသည့် ရေတစ်ဖလားကို ယူကာ ကိုခန့်က သူ့ရဲ့ဘယ်ဘက် ခြေခုံ ပေါ်သို့ ရေတွေ ဖြည်းဖြည်းချင်း လောင်းချပေးလာမှ ပိုင်ပိုင့်ရဲ့ညာဘက်မျက်လုံးက မျက်ရည်ပူတွေ စီးကျပြီး ပူစပ်စပ်ဖြစ်နေတာလည်း သက်သာသွား၏။
"ပိုင်...မျက်လုံးဖွင့်ကြည့်ပါဦး"
"ရပြီဗျ"
"ကိုယ် ဆက်ထောင်းလိုက်မယ်...ပိုင်ပိုင်မျက်နှာသွားသစ်လိုက်"
"ဟုတ်"
အိမ်နောက်ဖေးရှိ ရေချိုးခန်းတွင် ပိုင်ပိုင် မျက်နှာသစ်ပြီး ပြန်လာတော့ ကိုခန့်က ငရုတ်သီးတွေကို ညက်ညက် ထောင်းလို့ ပြီးသွားပြီဖြစ်သည်။
"ဒီကိုလာ"
သူ ကိုခန့်အနားသို့ တိုးသွားလိုက်တော့ ကိုခန့်က သူ့ကိုလက်ဆွဲကာ သစ်သားကွက်ပျစ်ပေါ်တွင် ထိုင်စေ၏။