ပိုင်ပိုင်တို့ အိမ်ထောင်သက်တမ်းက တစ်လတိုင်ခဲ့ပြီ ဖြစ်သည်။
သူနှင့်ကိုခန့်ဇော် နှစ်ယောက်အတူနေမည့် အိမ်လည်း အုတ်မြစ်ချပြီးလို့ စ ဆောက်နေပြီ။
ယခုရာသီက ရေအာလူး စိုက်ပျိုးချိန်ဖြစ်၍ ကိုခန့်ဇော်က အလုပ်များနေတာကြောင့် အိမ်ဆောက်ရာမှာ လိုအပ်သည့် ကိစ္စအဝဝကို ကိုမောင်ဇော်ကပဲ လိုက်လုပ်ပေးနေသည်။
ပိုင်ပိုင်ကတော့ ထုံးစံအတိုင်း မေမေမိုးကို အိမ်အလုပ် လုပ်ကူရင်း အိမ်မှာပဲ အနေများ၏။
ငါးရက်တစ်စျေးကျသည့် စျေးကြီးနေ့ဆိုရင်တော့ သူပျော်သည်။ စျေးထဲမှာ မေမေမိုးကို အသီးအရွက်တွေ ရောင်းကူရသလို မေမေ့ဆိုင်က မုန့်အမှာတွေကိုလည်း လိုက်ပို့ပေးရလို့ပင်။
ကြားရက်များမှာတော့ မနက်ဆို ခြံထဲဆင်းမည့် ကိုခန့်ကို မနက်စာ ပြင်ပေး၊ နေ့လယ်ကျ ထမင်းချိုင့်လိုက်ပို့၊ ညနေရောက်လျှင်တော့ ကိုခန့် ခြံထဲကနေ ပြန်အလာကိုသာ ထိုင်မျှော်နေရလေ့ရှိသည်။
မေမေမိုးက လပြည့်နေ့တိုင်း ဘုန်းကြီးကျောင်းတက် ဥပုဟ်သီလ စောင့်သဖြင့် ယခုလို လပြည့်နေ့တွေဆို
ပိုင်ပိုင်တစ်ယောက်တည်း အိမ်မှာ စကားပြောဖော်လည်း မရှိဘဲ အခန်းထဲ သန့်ရှင်းရေးလုပ်၊ TV ကြည့်၊ စာအုပ်ဖတ်၊ ခြံထဲက အပင်တွေကို ရေဆင်းလောင်း စသည်ဖြင့် ပျင်းရိစွာ ဖြတ်သန်းရ၏။မေမေတို့အိမ်မှာလည်း အကုန်လုံးက သူ့အလုပ်နှင့်သူ ရှုပ်နေကြတာမို့ ပိုင်ပိုင် သွားလည်လည်း ခဏပဲ ဖြစ်သည်။
တစ်ခုကောင်းတာကတော့ လပြည့်ညတွေဆို ရွာလမ်းတွေမှာ ကလေးတွေရဲ့ ဆော့ကစား၊ ရယ်မောသံတွေနဲ့ စိုပြေနေတတ်သည်။
ဒီညလည်း ကိုခန့်ဇော်တို့ အိမ်ရှေ့လမ်းမှာ အနီးပတ်ဝန်းကျင်ရှိ ကလေးတွေ စုဝေးနေကြ၏။
အားလုံးထဲမှာ ကိုခန့်ဇော်ရဲ့တူလေး တာတူးရဲ့အသံက အကျယ်ဆုံးဖြစ်ပြီး
ကလေးတစ်အုပ်စုလုံးကို သူကပဲ ဦးစီးဦးဆောင် ပြုလေ့ရှိသည်။ကစားနည်းရွေးလည်း တာတူး၊ ကစားရင်း တစ်ယောက်နဲ့တစ်ယောက် ငြင်းခုန်ကြလို့ ကြားဝင်ဖျန်ဖြေလည်း တာတူး၊ ကစားတာ အချိန်လွန်လာရင် ကိုယ့်အိမ် သူ့အိမ် ပြန်ကြပါတော့ရန် နှိုးဆော် တိုက်တွန်းသူကလည်း တာတူးပင်။