တန်ခူးလ အချိန်အခါ သမယမို့ ပိတောက်ပန်းတွေ လှိုင်လှိုင်ဝေကြပြီဖြစ်သည်။
ပိုင်ပိုင်တို့ အိမ်ရှေ့ရှိ ပိတောက်ပင်ကြီးမှာလည်း ပိတောက်ဝါတွေပွင့်ပြီ ဖြစ်လို့ ပိုင်ပိုင် ပိတောက်ပန်းခူးဖို့ တက်ကြွနေ၏။
"ကိုကိုရေ...ကျွန်တော် မမှီလို့ လာပါဦး"
ပိုင်ပိုင် ချူတံနှင့် ပန်း မခူးတတ်၍ လက်နှင့်ခူးဖို့ ကြိုးစားသော်လည်း အနိမ့်ဆုံးကိုင်းတောင်မှ သူခုန်ခူးလို့ မမှီချေ။
"ကိုယ် ချီပေးမယ်"
အရပ်မြင့်သည့် ကိုခန့်က ဒီအတိုင်းလှမ်းခူးလိုက်လည်း ရပေမယ့် ကိုယ်တိုင်ခူးချင်နေသော သူ ပန်းတွေကို လက်လှမ်းမှီအောင်သာ ချီပွေ့ပေးပါသည်။
"ပိတောက်တွေ လှလိုက်တာ ကိုကိုရယ်"
ပိုင်ပိုင် ပထမဆုံးခူးလိုက်သည့် ပိတောက်ပန်းလေး တစ်ခက်ကို ကိုခန့်ရဲ့နားမှာ ပန်ပေးတော့ ကိုခန့်က နှစ်လိုဖွယ် ပြုံးလေ၏။
"မွှေးနေတာပဲ"
ပိတောက်ပန်း ရနံ့က နမ်းရှိုက်မိသူကို စိတ်ကြည်လင် လန်းဆန်းသွားစေလောက်အောင် သင်းပျံ့နေတာမျိုးပင်။
"ရပြီ ကိုကို"
ပိုင်ပိုင့်လက်ထဲတွင် ပိတောက်ပန်းတွေ တစ်ပွေ့တစ်ပိုက် ရတော့မှ ကိုခန့်က သူ့ကို မြေပြင်ပေါ် သာသာလေးပြန်ချပေးသည်။
"ကျွန်တော် ဘုရားပန်း လဲလိုက်ဦးမယ်"
"အင်း...ကိုယ်က မနက်စာ ပြင်ပေးထားမယ်နော်"
ပိုင်ပိုင် ဘုရားပန်းလဲလို့ပြီးချိန်ကျ ကိုခန့် ပြင်ပေးသည့် မနက်စာကလည်း စားဖို့ အဆင်သင့်ပင်။
"ကျွန်တော်တို့လည်း ဒီနှစ်သင်္ကြန်ကို စတုဒိသာ ကျွေးကြမလား ကိုကို"
"ကောင်းသားပဲ...ပိုင် ဘာကျွေးချင်လဲ"
"ရာသီဥတုကလည်း ပူတော့ ရွှေရင်အေး တိုက်မလားလို့"
"အဆင်ပြေတယ်"
မနက်စာ စားပြီး ကိုခန့်က ခြံထဲသွားသည့်နောက် သူကတော့ ဆိုင်ဖွင့်ရသည်။
အရင်က သူ့ဆီမှာ မုန့်ဝယ်နေကျ ဖောက်သည်တွေသာ မက မိတ်သစ်တွေပါ အများကြီးရလာသဖြင့် အခုဆိုမုန့်တွေက ရောင်းလို့တောင် မလောက်ပေ။