လက်ဘက်ရည်ဆိုင်ထဲတွင် ရယ်ရယ်မောမော စကားပြောနေကြသော လူနှစ်ယောက်ကို ကြည့်ရင်း မောင်ဇော့်ရင်ထဲ ချဥ်နေသည်။
နှစ်ယောက်အတူတူ ဆိုင်ကယ်တစ်စီးတည်း စီးလာတာကို မြင်လိုက်ရကတည်းက မောင်ဇော့်မနက်ခင်းက အကျည်းတန်သွားခဲ့တာပင်။
ကိုလင်းက လက်ဖက်ရည်ဆိုင်ထဲ ရှိနှင့်နေတဲ့ သူ့ကိုတော့ မြင်သော်လည်း မမြင်သလို၊ သိသော်လည်း မသိသလို လျစ်လျူရှုထား၏။
တကယ်ဆို ကိုလင်း သူ့ကို သူစိမ်းပြင်ပြင် ဆက်ဆံရခြင်းရဲ့အကြောင်းအရင်းခံက သူ ကိုလင်းကို ချစ်ကြောင်း ဖွင့်ပြောခဲ့ရာမှ စတင်သည်။
သူ ဆယ်တန်း အောင်စာရင်းထွက်သည့်နေ့ မတိုင်ခင်အထိ ကိုလင်းက သူ့ကို ညီတစ်ယောက်လို ရင်းရင်းနှီးနှီး ဆက်ဆံ ခဲ့ပေမယ့် အဲဒီနေ့ ညနေခင်းမှာတော့ ကိုလင်းနှင့်သူ့ကြားမှာ ရှိသော သံယောဇဥ်ကြိုးစဟာ တိကနဲ ပြတ်တောက်သွားခဲ့တာဖြစ်သည်။
သူ စည်းဖောက်ခဲ့မိတာ မှန်သည့်တိုင် သူ့ဘက်ကတစ်ဖက်သတ် တွယ်တာမှုတွေကို အညှာအတာမရှိ ဖြတ်ချသွားခဲ့တာက ကိုလင်းပင်။
ချစ်လို့ ချစ်ကြောင်း ဖွင့်ပြောမိတာ သူ မမှား။
အစ်ကိုဖြစ်သူရဲ့သူငယ်ချင်းအပေါ် မရိုးမသားစိတ်နဲ့ကြိုက်မိနေပါသည်ဟု ဝန်ခံဖို့ရာအတွက် သူ ဘယ်လောက်သတ္တိမွေးခဲ့ရလဲ ကိုလင်း မသိပေ။
"ကျွန်တော် ကိုလင်းကို ချစ်တယ်" လို့ဆိုတုန်းက သွေးပျက်သွားခဲ့တဲ့ ကိုလင်းရဲ့မျက်နှာကို ပြန်မြင်ယောင်မိတိုင်း မောင်ဇော် နာကျင်ရစမြဲ။
မောင်ဇော် တစ်ခါတလေတော့လည်း ဖြစ်ချင်ရာဖြစ် ရူးမိုက်ပစ်လိုက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာတတ်သည်။
သူ ကိုလင်းကို ပိုင်ဆိုင်ချင်သည်။ ကိုလင်းအနားမှာ သူမဟုတ်တဲ့ တခြားတစ်ယောက်ကို မြင်ရတိုင်း အူနုကျွဲခတ်သလို ခံစားရသည်။
ကိုလင်း အလုပ်ဝင်စက ကိုလင်းနဲ့ တစ်နှစ်လောက် တွဲဖူးတဲ့ မြို့နယ်ဆေးရုံက ဆရာဝန်ကို သူဘယ်လောက်တောင် မုန်းခဲ့ရလဲ။