အပိုင်း ( ၇ )

8.2K 801 40
                                    

"ပိုင်ပိုင်ရေ...မမ သူဇာတို့အိမ်ကို သွားကူလိုက်ဦးမယ်"

"ဟုတ် မမ"

မနက်ဖြန် မသူဇာတို့ မင်္ဂလာပွဲမို့ ရွာထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ အဖေနှင့်အမေလည်း မနက်ကတည်းက အန်တီမီးတို့အိမ်မှာ လိုအပ်တာ မှန်သမျှ ကူပေးနေကြ​တာပင်။ ကိုလင်းရာတို့ မောင်နှမက ဖတဆိုးဆိုပေမယ့် အန်တီမီးကပဲ သားသမီးနှစ်ယောက်လုံးကို ပညာတတ်တွေ ဖြစ်အောင် တစ်ယောက်တည်း အားဖြင့် လူလား​မြှောက်စေခဲ့၏။

မသူဇာရဲ့ချစ်သူက တခြားရွာမှ လယ်ပိုင် ယာပိုင် သူဌေးလေးဖြစ်ပြီး သူတို့ရွာ အထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာမလေး မသူဇာကို တောင်းရမ်း လက်ထပ်ခြင်း ဖြစ်သည်။ မင်္ဂလာပွဲကိုတော့ မိန်းကလေးရှင်ဘက်က အိမ်မှာ ဆောင်မှာမို့ ပိုင်ပိုင့်ဆီကိုတောင် မင်္ဂလာကိတ်မုန့် လာမှာထား​သေး၏။

အရင်က ရွာမင်္ဂလာပွဲတွေမှာမင်္ဂလာကိတ်် ခွဲလေ့မရှိခဲ့သော်လည်း ပိုင်ပိုင့် Bakery လေး ဖွင့်တော့ ကိုခန့်ဇော်က သူညီ ဝမ်းကွဲရဲ့ မင်္ဂလာဆောင်အတွက် ပိုင်ပိုင့်ဆီမှာ ကိတ်မုန့်လာမှာရာက စလို့
သူတို့ရွာမှာသာမက အနီးအနားက ရွာတွေမှာပါ မင်္ဂလာကိတ် ခွဲကြသည့် အစဥ်အလာလေး ပေါ်ပေါက်လာခဲ့တာပင်။

ရွာလူငယ် ခေါင်းဆောင် ကိုခန့်ဇော်လည်း မနက်က ပိုင်ပိုင့်ကို ဧကရာဇ်ပန်းတွေ လာပို့ပြီး တစ်နေကုန် မသူဇာတို့အိမ်မှာ ကူနေပေလိမ့်မည်။ ရွာမှာ ပွဲတွေ ရှိရင် မဏ္ဍပ်ဆောက်တာကစလို့
ကျွေးမွေး ဧည့်ခံတာတွေအထိ ရွာက လူပျို၊အပျိုတွေပဲ ဝိုင်းဝန်း လုပ်ကိုင်ကြတာ ဖြစ်သည်။

ပိုင်ပိုင်ကတော့ ညကတည်းက မင်္ဂလာကိတ်မုန့် လုပ်ရမှာမို့ သွားမကူနိုင်ခြင်းပင်။ ပိုင်ပိုင်တို့အိမ်နှင့်တစ်လမ်းကျော်ရှိ အန်တီမီးတို့ အိမ်ဘက်မှ အသံချဲ့စက်ဖြင့် ဖွင့်နေသော မင်္ဂလာဆောင် သီချင်းတွေ ကြားရတော့လည်း ပိုင်ပိုင်ပါ မင်္ဂလာဆောင်ချင်စိတ် ပေါက်လာရသည်။

သူ့ရဲ့သတို့သားနေရာမှာ ကိုခန့်ဇော်ကို မြင်ယောင်သွားသည့်အခါ ပိုင်ပိုင် ဂျုံနယ်နေရင်း ရှက်ပြုံးလေး ပြုံးမိ၏။
ကိုခန့်ဇော် မိဘတွေ နားလာဖောက်ကြတာ ဝါမဝင်ခင်က ဖြစ်ပြီး အခုဆို ဝါတောင် ကျွတ်ပြီ။ ကိုခန့်ဇော်နှင့်ပိုင်ပိုင့်ရဲ့ ဆက်ဆံရေးကတော့ အခုမှ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြရုံအဆင့်ပဲ ရှိသေးသည်။

"ခန့်ဇော်ရဲ့ပိုင်"Where stories live. Discover now