"သားက အခု အိမ်ထောင်သည်ဖြစ်သွားပြီ...ဘယ်အရာမဆို ဆင်ဆင်ခြင်ခြင်နဲ့လိမ္မာအောင်နေ...အသောက်အစားတွေလည်း မလုပ်တော့တာကောင်းမယ်...လင်းရာကိုစိတ်ချမ်းသာအောင်ထား...ကြားလား"
"ကျွန်တော် နားလည်ပါတယ်"
"သားတို့ အလုပ်တွေကျတော့ရော ဘယ်လိုစီစဥ်မလဲ"
"ကိုလင်းက နေ့တိုင်း ရုံးတက်ရမှာဆိုပေမယ့် ကျွန်တော်ကတော့ တစ်ပတ်နှစ်ခါလောက် ရွာနဲ့ဒီကို အသွားအပြန်လုပ်မယ်...ဆန်စက်နဲ့ဆီစက်က ကျွန်တော်မရှိလို့မှမဖြစ်တာ"
"အေးပါ...အေးပါ"
အမေက မောင်ဇော်တို့တွေ အိမ်ခွဲနေကြမှာကို စိတ်မချဖြစ်နေပေမယ့် ခန့်ဇော်လည်း မတတ်နိုင်ပေ။ ကိုယ့်ညီဘက်က မှားထား၍ လင်းရာဘက်က တောင်းဆိုသမျှ လိုက်လျောပေးဖို့သာ ရှိသည်ပင်။
လက်မှတ်ထိုးပွဲ ပြီးတော့ ခန့်ဇော်တို့ဘက်က လက်ဖွဲ့သမျှ ဘာကိုမှ လင်းရာက လက်မခံခဲ့။
အမေတို့က ခြံဝယ်ပြီး အိမ်ဆောက်ပေးမယ်ဆိုတာကိုတောင် ငြင်းပြီး ရုံးနှင့် သိပ်မဝေးသော နေရာမှာ အိမ်ငှားနေချင်သည်ဟု ဆိုသဖြင့် မောင်ဇော့်သူငယ်ချင်းရဲ့အိမ်ကိုပဲ နှစ်ချုပ်ဖြင့်ငှားပေးလိုက်ရသည်။
မောင်ဇော့်သူငယ်ချင်းက ဒီအိမ်လေးကို အပန်းဖြေအိမ်အဖြစ် ဆောက်ထားသည်ဟုဆို၏။ ခြံနေရာက အောင်ပန်းမြို့ပြင် ကလောအဝင်လောက်မှာ တည်ရှိတာမို့ အနီးအနားပတ်ဝန်းကျင်တွင် ဆိုင်အချို့က လွဲ၍ ဘာမှသိပ်မရှိပေ။
အိမ်ကတော့ အစိမ်းရောင်ဖျော့ဖျော့ ဆေးသုတ်ထားသော လုံးချင်း တစ်ထပ်တိုက်လေးဖြစ်ပြီး အရပ်လေးမျက်နှာလုံးမှာ စိမ်းလန်းသည့် သဘာဝရှုခင်းတွေက ဝန်းရံထားသဖြင့်
အေးအေးချမ်းချမ်း နေလို့ရသည်။မအေးချမ်းတာက ဒီအိမ်မှာ အတူနေမည့်လူနှစ်ယောက်ပင်။
အိမ်က ဧည့်ခန်း၊ မီးဖိုခန်းနှင့်အိပ်ခန်းက နှစ်ခန်းပါတာမို့ လင်းရာက မောင်ဇော့်ကို အခန်းခွဲနေမည်ဟု ပြောထားပြီးသား။
ဘာပဲဖြစ်ဖြစ် မောင်ဇော်က လင်းရာနှင့်တစ်အိမ်တည်း အတူတူနေရပြီမို့ ပျော်နေသော်လည်း လင်းရာကတော့ လက်မှတ်ရေးထိုးပွဲနေ့ကရော အခုရော မျက်နှာသေနှင့်ဖြစ်သည်။