ထယ်ယောင်းကအောက်ရောက်နေပြီဆိုတာကြောင့် ယွန်းဂီမှာကပျာကယာပင်အောက်သို့ခိုးဆင်းရသည်။
အဘိုးကအမြင်ကျယ်သူပီပီ သူ့ကိုလွတ်လပ်ခွင့်ပေးပြီးဘာမှမပြောပေမယ့် ဟိုးနေ့ကအိမ်ပြန်နောက်ကျတာကိုပညာသားပီပီသတိပေးခဲ့သည်။ဒါကြောင့် သူထယ်ယောင်းနဲ့တွေ့ချင်ရင်ခိုးထွက်ရမည်။ယွန်းဂီခြေသံလုံလုံနှင့်အောက်ထပ်ကိုဆင်း၍ တံခါးမကြီးကိုတိုးတိုးလေးဖွင့်ပြီးခြံထဲသို့အသာခိုးထွက်ရသည်။ခြံစောင့်ဦးလေးကြီးအိပ်နေ၍တော်သေးသည်။ပြဿနာကခြံတံခါးသော့ခတ်ထား၍သူအထဲကပဲထယ်ယောင်းနဲ့တွေ့လို့ရမည်။
"ထယ်ယောင်း"
ယွန်းဂီခြံတံခါးနားကနေ အသံတိုးတိုးလေးနဲ့ခေါ်တော့စီးကရက်သောက်နေတဲ့ထယ်ယောင်းက မဲ့ပြုံးလေးနဲ့လှည့်ကြည့်လာသည်။ယွန်းဂီကိုမြင်တော့စီးကရက်ကိုမြေပြင်ပေါ်ပစ်ချပြီးဖိနပ်ဖြင့်ဖိကာမီးငြိမ်းလိုက်သည်။
သူသိပြီးသား မင်ယွန်းဂီကသူခေါ်တာနဲ့ရောက်လာမယ်ဆိုတာ။
"အပြင်ထွက်လာခဲ့လေ"
"ဘာလို့လဲထယ်ယောင်း"
"ကျစ်...လာဆိုလာပေါ့ကွာ"
"ခြံတံခါးသော့ခတ်ထားတယ်...ငါထွက်လို့မရဘူး"
ယွန်းဂီပြောတော့ ထယ်ယောင်းကချက်ချင်းအုတ်တံတိုင်းကနေကျော်တက်ပြီးသူ့ရှေ့ကိုရောက်လာသည်။မျက်စိတစ်မှိတ်အတွင်း ဟိုဘက်ကနေဒီဘက်ကိုရောက်လာတဲ့ထယ်ယောင်းကိုကြည့်ပြီး ယွန်းဂီမျက်လုံးလေးပြူးပြီးအံ့သြသွားသည်။
"ငါ့လိုပဲဟိုဘက်ကိုကျော်တက်ရင်...မင်းအပြင်ရောက်မယ်"
"ငါ...ငါမကျော်တက်တတ်ဘူးထယ်ယောင်း"
သူထယ်ယောင်းလိုမကျော်တက်တတ်ဘူး။တစ်ခါမှလည်းအုတ်တံတိုင်းမကျော်ခဲ့ဖူးဘူး။
"ထယ်ယောင်း!!"
"ရှူး"
ရုတ်တရက်ကြီးသူ့ကိုတင်ပါးကနေပင့်ချီလိုက်တဲ့ထယ်ယောင်းကြောင့် လန့်ပြီးအော်မိတော့ထယ်ယောင်းကတိုးတိုးနေရန်နှုတ်ခမ်းဆူပြောရင်းသူ့ကိုအုတ်တံတိုင်းပေါ်ပင့်တင်ပေးသည်။