မင်္ဂလာခန်းမတံခါးကနေ အများအပြားဝင်ရောက်လာတဲ့ရဲတွေက မင်နာလက်ကိုတွဲထားတဲ့ဥက္ကဌလီကို နှစ်ရှည်လများအခွန်ရှောင်မှုဖြင့် ဖမ်းဆီးရခြင်းဖြစ်သည်ဟုပြော၍ လက်ထိပ်ခတ်လိုက်သည်။ခန်းမထဲကလူတွေအကုန်ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး မင်နာလည်းရဲတွေနောက်ပါသွားတဲ့သူမအဖေ့နောက်ကို အဖြူရောင်ဂါဝန်ရှည်ကိုဆွဲမ၍ ပြေးလိုက်သွားသည်။မင်နာ့အမေလည်းလက်မခံနိုင်စွာ လက်ထိပ်ခတ်ခံထားရတဲ့ဥက္ကဌလီ လက်ကိုအတင်းဆွဲနေသည်။ခန်းမတစ်ခုလုံးကမောက်ကမဖြစ်နေတဲ့အချိန်မှာ ဒီတိုင်းကြောင်တောင်တောင်လေးရပ်ကြည့်နေတဲ့ယွန်းဂီကို လူတစ်ယောက်ကလက်ကဆွဲခေါ်သွားသည်။
ခန်းမရဲ့အနောက်ဘက်တံခါးကိုဦးတည်နေတဲ့ခြေလှမ်းတွေနဲ့အတူ ထိုလူကယွန်းဂီလက်ကိုတင်းတင်းကျပ်ကျပ်ဆွဲ၍ခေါ်သွားသည်။ယွန်းဂီမှာအနည်းငယ်အံ့သြသွားသော်လည်း မရုန်းမိဘူး။သူ့လက်ကိုဆွဲထားတဲ့လက်သွယ်သွယ်တွေကို ရင်းနီးနေလို့ဖြစ်မည်။ခန်းမအပြင်ကိုရောက်တော့မှ ထိုလူကယွန်းဂီလက်ကိုလွှတ်ပေးသည်။
"ရွေး...လိုက်မလား...မလိုက်ဘူးလားဆိုတာ"
ထယ်ယောင်း အနောက်ကိုလှည့်မကြည့်ပဲမေးလိုက်သည်။ယွန်းဂီသာလိုက်ချင်တယ်ဆို သူခေါ်သွားမယ်..ထိုသို့မဟုတ်ပဲမလိုက်ချင်ဘူးဆိုလျှင် သူထားခဲ့မယ်။ဒါသူ့ဘက်ကနေယွန်းဂီစိတ်ချမ်းသာဖို့ အတတ်နိုင်ဆုံးဆောင်ရွက်ပေးခြင်းပင်။
သို့သော် အတန်ကြာတဲ့ထိအနောက်ကနေဘာအသံမှမကြားရတာမို့ မလိုက်ချင်ဘူးဆိုတာကိုသိလိုက်ရသည်။ထို့ကြောင့်ဝဲတက်လာတဲ့မျက်ရည်တွေနဲ့ လှည့်ကြည့်ဖို့ပြင်တော့ လက်အိအိလေးတွေကသူ့ခါးကိုဖက်တွယ်လာခဲ့သည်။ပြီးတော့ ပါးပြင်တစ်ခုလုံးကိုသူ့ကျောပြင်နဲ့ကပ်ထားသည်။
"မင်းကိုပဲရွေးမယ်...ငါ့ကိုစိတ်ပျက်စရာကောင်းတဲ့ဒီနေရာကနေခေါ်ထုတ်သွားပေး"
ငိုသံစွက်ပြီးတုန်ရီနေတဲ့အသံသြသြကို ကြားရတော့မှထယ်ယောင်းမျက်ရည်တွေသုတ်ပြီး ရယ်နိုင်တော့သည်။ပြီးတော့သူ့ခါးကိုဖက်တွယ်ထားတဲ့ လက်ရှည်ရှည်လေးတွေကိုသူ့လက်နဲ့ထပ်ကိုင်လိုက်ပြီး မျက်နှာချင်းဆိုင်စေလိုက်သည်။