"မင်း...မနက်ဖြန်အားလား..."
"ရှင်..ဟုတ်..ဟုတ်..အားပါတယ်.."
မြူခမျာ ထိုအမျိုးသမီးနှင့်ပက်သက်လာလျှင် အမြဲလိုလို ယုန်သူငယ်တစ်ကောင် ဖြစ်သွားရတတ်စမြဲ။ မြူသတိထားမိသလောက် ဒီနောက်ပိုင်း မြူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အရင်ကထက်တော့ ပိုရင်းနှီးလာခဲ့ပြီ။ မြူ့အထင်ပေါ့လေ။
"ဒါဆို...မနက်ဖြန် တို့နဲ့လျှောက်လည်ပေးမလား...ဘာရယ်တော့မဟုတ်ပါဘူး...ဟိုနားဒီနားပေါ့..."
"ရှင်....ဟုတ်...ဟုတ်ကဲ့မမ..."
ဘုရားရေ..။ မြူသဘောကျတဲ့သူက အတူလျှောက်လည်ဖို့ချိန်းတယ်။ ဒါကဘာလဲ။ Datingလား။
"တို့အခုရက်ပိုင်း စိတ်တွေအရမ်းရှုပ်နေတယ်...အရမ်းလည်းပင်ပန်းနေတယ်...အဲ့ဒါမို့..relaxပေါ့..."
မမဆီက ဒီလိုကြားရပြန်တော့လည်း မြူစိတ်မကောင်း။ ဘယ်သူ့အတွက်မှတွေးမပေးဖူးတဲ့ မြူဟာ ဒီအမျိုးသမီးနှင့်ပက်သက်လာလျှင်တော့ အမြဲတမ်းရင်မောနေရပါရဲ့လေ။ မြူ့ဘဝက ကိုယ့်ထမင်းကိုယ်စားပြီး ဒီအမျိုးသမီးအဆင်မှပြေရဲ့လား၊ နေမှကောင်းရဲ့လား၊ အလုပ်တွေများပင်ပန်းနေသလား အစရှိသဖြင့် လားပေါင်းများစွာသော မေးခွန်းပေါင်းသောင်းခြောက်ထောင်နှင့် လစာမဲ့ စေတနာ့ဝန်ထမ်းကြီးလုံးလုံးကို ဖြစ်နေရလေပြီ။
"ဘာလို့လဲ...မင်းအချိန်မရဘူးလား.."
ရုတ်တရက် မမက မြူ့မျက်နှာကို တည့်တည့်စိုက်ကြည့်လာကာ အသံချိုချိုအေးအေးလေးနှင့် မေးလာပြန်လေတော့ မြူ့ရင်ဘတ်ထဲက နှလုံးခုန်သံတွေဟာ ကမောက်ကမ။ ဒီအမျိုးသမီးဟာ မြူ့ကိုဆို အမြဲပြုစားနိုင်လွန်းလှ၏။
"မ.မဟုတ်...မြူအချိန်ပေးနိုင်ပါတယ်.."
မြူ့မြင်ကွင်းရှေ့မှ နှင်းဆီပွင့်ဖတ်သဏ္ဍာန် နှုတ်ခမ်းဖူးဖူးလေးဟာ ခပ်ရေးရေး ကွေးညွှတ်သွား၏။ မြူ့ရှေ့ဆိုလျှင် ပြုံးခဲ၊ရယ်ခဲသော ထိုအမျိုးသမီးထံမှ ဤသို့သော အပြုံးသေးသေးလေးတွေကအစ မြူ့မှာမြတ်နိုးရပါရဲ့။
ထူးတော့ထူးဆန်းသား။ အမြဲလိုလို မျက်နှာကြောတင်းနေတတ်သည့် မြူခိုးရှင်ဆိုတဲ့ ဒီလူသားကတော့ ထိုအမျိုးသမီးရှေ့များဆိုလျှင် ပါးစပ်မစေ့စတမ်း ပြုံးရယ်နေမိပါသတဲ့။ အချစ်ဟာလူကိုရူးသွပ်စေနိုင်သတဲ့လား။ မြူတော့ဖြင့် ဒီစကားကို မမနှင့်တွေ့မှပဲ လက်ခံလိုက်ရလေပြီ။
YOU ARE READING
မြကြေးမုံ