ကန်ဒါတိုင်းပြည်ရဲ့ အိမ်ရှေ့စံ၏ နန်းတက်ပွဲနေ့သို့ ရောက်ရှိလာလေပြီ။ပြည်သူ၊ပြည်သား များသည်လည်း မိမိ၌ရှိသော အဝတ်တန်ဆာများကို ဝတ်ဆင်ကာ နန်းတော်ဂိတ်ဝမှတစ်ဆင့် နန်းတော်ထဲသို့ အလျှိုလျှိုဝင်ရောက်နေကြသည်။ကန်ဒါ၏ သင်္ကေတဖြစ်သော အလံများသည်လည်း နေရာတိုင်းတွင် တလူလူ လွင့်ထူထားလျက်ရှိလေသည်။ကန်ဒါနန်းတော်၏ ဂိတ်ဝမှစတင်ကာ စင်္ကြန်လျှောက်လမ်းတိုင်း၏ နံဘေးများသာမက၊နန်းဆောင်တိုင်းတွင်လည်း ပန်းများဖြင့် လှပစွာ ပြင်ဆင်ထားလေသည်။
နန်းတက်ပွဲ ကျင်းပရာ နေရာတွင်တော့
စင်မြင့် တစ်ခုတည်းသားရှိပြီး ပြည်သူ၊ပြည်သားများက ဘေးနှစ်ဘက်စီတွင်ဖြစ်သည်။စင်မြင့်သည် အတော်လေးကျယ်ဝန်းသည်မို့ ဧည့်သည်တော်များအဖြစ် ကြွရောက်လာကြမည့် ခုနှစ်ပြည်ထောင်မင်းတို့၏ နေရာများသည်လည်း ထိုစင်ပေါ်၌သာ ဖြစ်သည်။အိမ်ရှေ့စံ၏ နန်းဆောင်အတွင်းမှာတော့
အိမ်ရှေ့စံဂျွန်သည် ဆံပင်တို့ကို အပြောင်သိမ်းကာ ထုံးထားလေသည်။ချောမောလွန်းသော မျက်နှာတော်သည် ကြေးမုံပြင်ထက်တွင် ထင်ဟပ်နေလေသည်။ခန္ဓာကိုယ်ထက်၌ နဂါးဝတ်ရုံအနီကို ထပ်ကာ ဝတ်ဆင်ပြီးနောက် အိမ်ရှေ့စံသည် မျက်လွှာပင့်ကာ ကြေးမုံပြင်ထက်က သူ၏ ပုံရိပ်အား တစ်ချက်ကြည့်လေသည်။အိမ်ရှေ့စံ၏ မျက်လုံးများထဲတွင် ဆွေးရိပ်အနည်းငယ်ကိုလည်း မြင်နေရသည်။"အိမ်ရှေ့စံ"
အစ်ကိုတော်သည် နန်းဆောင်ထဲသို့ ဝင်လာကာ အသံပေးရင်း အရိုအသေပြုလေသည်။အိမ်ရှေ့စံ အသိအမှတ်ပြုကြောင်း ခေါင်းငြိမ့်ပြလိုက်ပြီး မျှော်လင့်ကြီးနေသော မျက်ဝန်းတို့ဖြင့်
"ဘာတဲ့လဲ...အစ်ကိုတော်"
"ကန်ဒါအတွင်းကို ဝင်လာနေပါပြီတဲ့။ခနနေရင် နန်းတော်ကို ရောက်လာပါလိမ့်မယ်...အိမ်ရှေ့စံ"
"ဟုတ်ပြီ။ဒါနဲ့ မင်္ဂလာအချိန်က လိုသေးတယ်မလား?"
"လိုပါသေးတယ်"
"နန်းတော်ရဲ့ ရှေ့ဘက်ဂိတ်တံခါးက ပြည်သူတို့နဲ့ ရှုပ်နေမှာမို့ ဆွယ်တိုင်းပြည်က ဘုရင်နဲ့ ကြင်ယာတော်တို့ကို နန်းတော်ရဲ့ အနောက်ဘက် ဂိတ်ဝကနေ ခေါ်လာခဲ့ကြဖို့ လမ်းပြဧည့်ကြိုခိုင်းထားတဲ့ ရဲမက်တွေဆီ အခုပဲ အကြောင်းကြားလိုက်ပါ။"