နန်းဆောင်တံခါးကို ဖွင့်ကာ ဝင်သွားလိုက်ပြီးနောက် တစ်ဦးတည်းသောလေးကို မျက်လုံးဝေ့ဝဲကာ ရှာမိသည်။အိပ်ဆောင်နားက ထိုင်ခုံလေးတစ်ခုပေါ်ထိုင်ရင်း ပြတင်းပေါက်ဘောင်ပေါ် လက်မောင်းတင်ကာ ထိုလက်မောင်းအပေါ်မှ ခေါင်းလေးစောင်းငဲ့ပြီး ပြင်ပဆီကို မျက်ဝန်းသေလေးများဖြင့် စိုက်ကြည့်နေပါသော ကြင်ယာတော်။
အစိမ်းနုရောင် ဝတ်စုံလေးက ဖြူဖွေးသော အသားအရေနဲ့ လွန်စွာ လိုက်ဖက်ပြီး မျက်နှာနုနုကလေးအပေါ်သို့ နေရောင်ခြည်နုနု လေးက ဖြာကျနေလျက်ရှိသည်။ဆံနွယ်ခဲဖြူရောင်တို့ကို မထုံးပဲ ဖြန့်ကာ ချထားလေခြင်းကြောင့် ကျောပြင်သေးသေးလေးထက် ခဲဖြူရောင်ဆံနွယ်များက နေရာယူထားလေသည်။ဂျွန်သည် လှပသော မြင်ကွင်းကို
ခံစားကြည့်ရှု့ပြီးမှ ကြင်ယာတော့်နံဘေးနားသို့
လျှောက်သွားတော့သည်။"မင်.."
ခေါ်သံကြားသည်နှင့် ခေါင်းလေးထောင်လာပြီး
ထိုင်နေရာမှ ချက်ချင်းထရပ်ကာ သူ့အား အရိုအသေပြုဖို့ ကြံနေသော ဂျီမင့်အား
ဂျွန်သည် လက်မောင်းရင်းမှ ထိန်းလိုက်ရင်း"ကိုယ့်ကို ဂါရဝပြုစရာမလိုပါဘူး"
ဂျီမင်သည် ခေါင်းလေး ငုံ့ထားရင်းပင်
လက်မောင်းရင်းဆီ တင်ထားသော သူ၏ လက်တွေအား ပခုံးလေး တွန့်ကာပြရင်း ဖယ်ခွာစေဖို့ အမူအရာနဲ့ ပြလာတာကြောင့် အလိုက်သိစွာပင်
သူ၏ လက်များအား ဖယ်ပေးလိုက်သည်။"ကိစ္စရှိလို့လား....ဘုရင်ဂျွန်"
ဂျီမင်၏ အသံသည် ပင်ကိုယ်နူးညံ့ခြင်းရှိသော်လည်း သူ့အား ပြောနေစဉ်အတောအတွင်းတော့ မုန်းတီးခက်ထန်ခြင်းတို့ အပြည့်နဲ့ပင်။
နှစ်ဦးသား မတ်တပ်ရပ်လျက် အနေအထားဖြင့်
ရှိနေတာမို့ ဂျွန်သည် ဂျီမင့်အား မူလနေရာတွင် ပြန်ထိုင်စေပြီးမှ သူကိုယ်တိုင်ကလည်း မျက်နှာချင်းဆိုင်က ခုံတွင် ဝင်ထိုင်လိုက်သည်။ဂျီမင့်ဘက်က သူ၏ လာရင်းကိစ္စကို သိနေချင်နေတာမို့ မျက်နှာလှလှလေးကို ကြည့်ရင်း
"ကိုယ် အသိပေးစရာလေး ရှိလို့"
တစ်ချက်ကြည့်လာသော မျက်လုံးများထဲတွင်
'သူ သိစရာ လိုသလား'ဆိုတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေသည်။