Staff အများစုဟာ ထွက်လိုက်ဝင်လိုက်နှင့် ကိုယ်စီ အလုပ်လုပ် နေကြသည့် အခန်းထဲ၌ ယနေ့အဖို့တော့ ဘာလုပ်လုပ် သတိကြီးစွာထားကာ လုပ်နေရသည့် အခြေအနေမျိုး ဖြစ်ပေသည်။ လုပ်စရာ ရှိတာကိုသာ မလွှဲသာ မရှောင်သာ လုပ်နေကြရပေမယ့် မျက်စိမှိတ်ကာ air pod ကြီးနားထဲတပ်ပြီး မိတ်ကပ်လိမ်းခံနေသည့် တစ်စုံတစ်ယောက်ကြောင့် လေထုဟာ လုံးဝ တင်းမာနေမှန်း အလုပ်အတူတွဲလုပ်တာ ကြာပြီဖြစ်သည့် ဝန်ထမ်းများမှာ အထာနပ်ကြပေသည်။
အကယ်၍ အခုလိုအချိန်၌ ထိုသူအား မတော်တဆပဲဖြစ်ဖြစ် အာရုံသွားနောက်ရဲသည့်သူ ရှိပါက ထိုလူ၏ ဘဝကတော့ တကယ်ကို မတွေးရဲစရာပင် ဖြစ်ပေလိမ့်မည်။
ဟင်း!
ယနေ့အဖို့ သူ သက်ပျင်းချနေရသည်မှာ ဘယ်နှစ်ခါမှန်းပင် မသိတော့ပေ။ ယနေ့အပါအဝင်မှ ကိုကိုနဲ့ မတွေ့ရသည်မှာ သုံးရက်ပင် ရှိသေးသော်လည်း message တောင် ပို့ခွင့်မရှိသည့် သူတို့၏ ဘဝကြောင့် အလွမ်းစိတ်က မပြေချင်တော့။ နေ့စဉ်နေ့တိုင်း ကိုကို့အသံကို ကြားချင်တာမို့ ရှားရှားပါးပါး ဆေးပညာနဲ့ ပတ်သတ်တဲ့ ခွဲစိတ်မှု interview တစ်ခုအား ကိုကို ဖြေပေးထားသည့် အစီအစဉ်အား နားထောင်နေသည်မှာလည်း သူပင် ဆေးစာတွေကို အလွတ်ရလောက်သည်အထိပင်။
ဒီရက်ပိုင်းအတွင်း အလုပ်များ ရှုပ်နေရင် ကိုကို့အား မေ့ထားနိုင်မည် ထင်သော်လည်း ပို၍သာ စိတ်မကြည်မလင်ဖြစ်ရုံပဲ အဖတ်တင်သည်။ အခုတော့ သူ့ဘေးနားက လူတွေပင် သူ့ရှေ့မှာဆို စကားပင် ကျယ်ကျယ် မပြောရဲကြတော့။ နောက်ဆုံးတော့လည်း Ben မနေနိုင်တာမို့ မျက်လုံးမှိတ်ရာကနေ ရုတ်တရက်ဖွင့်ကာ စားပွဲပေါ်က ဖုန်းအား လှမ်းယူလိုက်လေသည်။
*အမလေး! ငြိမ်...ငြိမ်ငြိမ်နေလေကွယ် *
သူရုတ်တရက်ထလှုပ်လိုက်တာမို့ သူ၏ make up artist ဖြစ်သူ မဖွေးက သူ့အား ချော့မြူသလို ပြောလာလေတော့သည်။ သူမမှာ အရမ်းလည်း မဆူရဲရှာပေ။
*ခဏပဲ။ ကျွန်တော်ပြီးရင် ပြန်ခေါ်လိုက်မယ် *
Ben စိတ်လောစွာပင် ဖုန်းကနေ စာရိုက်ကာ မဖွေးအား အနားကနေ ထွက်သွားပေးရန် ပြောလိုက်သည့်အခါ အလိုက်သိစွာပင် ထွက်သွားပေလေသည်။
