11

327 11 3
                                    

ဈေးဝယ်စရာခြမ်းစရာတွေပြီးတော့ ကမ္ဘာတို့နှစ်ယောက် ဈေးအပြင်တန်းက ဆိုင်ခန်းလေးတွေကို လျှောက်ပတ်ကြည့်သည်။ မနက်ခင်းဆိုတော့ ညဘက်လောက် ဆိုင်တွေမပေါပေ။ ညဈေးတန်းလည်းရှိသည်မို့ ညဘက်ချိန်ဆို လူလည်းပို၍များသလို ဆိုင်ခန်းများလည်းပိုပေါ၏။

"ခနစောင့်နော်...ဘောင်းဘီနည်းနည်းဝယ်ဦးမယ်... အရှည်တွေသိပ်မပါလာလို့"

ဘောင်းဘီဆိုင်ရှေ့ရောက်တော့ သစ်စကို ကမ္ဘာခနစောင့်ခိုင်းထားလိုက်၏။ ထိုကလေးတွက်လည်းဘောင်းဘီရှည်လိုအပ်မည်ဟုထင်၍ ကမ္ဘာဆိုင်ထဲဝင်သွားလေသည်။

သစ်စလည်း ဟိုကြည့်ဒီကြည့်နှင့် မျက်လုံးက ဘိလိယက်ထိုးခုံကိုရောက်သွားလေတော့၏။ တော်တော်ကိုအကြိတ်အနယ်ထိုးနေကြတော့ သူလည်းစိတ်ဝင်စားသွားလေသည်။ အင်္ကျီဆိုင်မျက်စောင်းထိုးလေးမှာပင် ရှိသည်မို့ သူဝင်သွားမိလိုက်သည်။ ဘာရယ်တော့မဟုတ် သစ်စကိုယ်တိုင်ကပင် ဘိလိယက်ထိုးရတာဝါသနာပါသည်။

ကမ္ဘာပြန်ထွက်လာတော့ သူသစ်စကို မတွေ့တော့ချေ။ မိနစ်ပိုင်းလေးမျှပင်ရှိဦးမည်။ သစ်စအတွက်ဘောင်းဘီရွေးပေးနေတုန်းရှိသေး sizeမေးမလို့ကိုပင် အခုဘယ်ထွက်သွားလဲမသိတော့။ ဖုန်းဆက်လို့ကလည်းမရတော့ ကမ္ဘာ ခေါင်းများပင်ထူပူလာတော့၏။

ဈေးတန်းတစ်လျှောက်လိုက်ပတ်ကြည့်တော့လည်း အရိပ်ယောင်မျှမတွေ့ပေ။ အချိန်အားဖြင့် နာရီဝက်လောက်ပင်ကြာလင့်သွားလေပြီ။ ဈေးထဲပြန်ရှာတော့လည်းသူမတွေ့ပေ။ စိုးရိမ်စိတ်ကြောင့်ကမ္ဘာအော်၍ပင် သစ်စနာမည်ကို‌ခေါ်နေမိသည်။

သစ်စကိုတစ်စုံတစ်ယောက်များခေါ်သွားခဲ့ရင် ဆိုသည့်အသိက ထိုမိနစ်ပိုင်းလေးအတွင်းကိုပင် သူ့စိတ်ကိုခြောက်လန့်စေသည်။ ခုချိန်မှာ အန္တာရာယ်ရှိနေနိုင်သည့် အခြေနေမို့ ဒီကလေးများတစ်ခုခုဖြစ်သွားခဲ့ရင် သူသူ့ကိုယ်သူခွင့်လွှတ်နိုင်မည်မဟုတ်။ အေးစက်နေတဲ့ရာသီဥတုကို‌ပင်ကျော်လွန်ကာ ကမ္ဘာချွေးစေးချွေးပေါက်များပင်ကျနေပြီဖြစ်သည်။

သစ်စလည်း ခဏဆိုပြီး ဘိလိယက်ခုံရှိရာသို့ဝင်သွားသည်မှာ ဈာန်ဝင်သွားတာနဲ့သူလည်း ပြန်ထွက်လာဖို့ကိုပင်မေ့လျော့သွားလေ၏။ သတိရတော့ အပြင်ကိုပင်ထွက်လာလိုက်၏။ ဘောင်းဘီဆိုင်ထဲရှာတော့လည်း ကမ္ဘာ့ကိုမတွေ့။ ဖုန်းဆက်ဖို့လုပ်ပြန်တော့လည်း လောလောနှင့်ထွက်လာမိလိုက်တာ အိမ်မှာ ကျန်ခဲ့၏။

မင်းအလိုကိုလိုက်ပါ့မယ် Where stories live. Discover now