58-ရှန်ဝူလမ်းမကြီးပေါ်မှ အံ့မခန်း ကြက်သီးထဖွယ်ရာအဖြစ်အပျက်

376 5 0
                                    

|| ရှန်ဝူလမ်းမကြီးပေါ်မှ အံ့မခန်း ကြက်သီးထဖွယ်ရာအဖြစ်အပျက် [ အပိုင်း ၁ ] ||

ဓားရှည်တစ်ချောင်းဟာ ထိုးဖောက်ဝင်သွားပြီး မိစ္ဆာရဲ့ နှလုံးတည့်တည့် ထိုးစိုက်ကာ မြေပြင်ပေါ်မှာ အသေသတ်လိုက်တယ် ။

" မိစ္ဆာ ဖယ်ခွာ ၊ အမှောင့်ပယောဂ ရှောင်ကွင်း ၊ ကောင်းကင်ဘုံရဲ့ ချီးမြှင့်စောင်မခြင်း !"

ရှန်ဝူလမ်းမကြီးရဲ့ တစ်ဖက်တစ်ချက်မှာ ကောင်းချီး ဩဘာပေး သံတွေဟာ ပင်လယ်လှိုင်းလုံးတွေလိုပဲ တစ်လိတ်ပြီး တစ်လိတ် တက်လာပြီး အသံတွေဟာ ပို၍ ပို၍ကျယ်လောင်လာတယ် ။ နန်းတော်ကြီးရဲ့ ကြက်သွေးနီရောင် တံခါးမကြီးတွေရဲ့ ရှေ့မှောက်က ဝင်းထဲမှာ နတ်ဘုရားနဲ့ မိစ္ဆာအဖြစ် သရုပ်ဖေါ်ပြသတဲ့ ကျင့်ကြံသူနှစ်ယောက်ဟာ သူတို့ပတ်ပတ်လည် ဝန်းရံ ခြံရံထားတဲ့ လူအုပ်ကို ဦးညွှတ်အရိုအသေပြုလိုက်ပြီး တစ်ဖက်စီ ခွဲကာ ရပ်လိုက်တယ် ။ အဲဒီ အဖွင့် ကိုယ်ခံပညာ ပြိုင်ပွဲဟာ မြို့ထဲက စိတ်လှုပ်ရှားမှုတွေကို အရှိန်အဟုန်မြှင့်စေပြီး လူအုပ်ဟာ လမ်းတွေပေါ်မှာ အတင်းတိုးဝှေ့ကုန်ရုံမက သတ္တိကောင်းတဲ့သူတွေဆို အိမ်ခေါင်မိုးတွေပေါ်ထိတက်ကာ လက်ခုပ်လက်ဝါးတီး ၊ စူးစူးဝါးဝါးအော်ဟစ်ကာ ထိန်းမရနိုင်အောင် သောင်းသောင်းဖြဖြ အားပေး ဆူညံကုန်ကြတယ် ။

အခမ်းအနားတစ်ခုရဲ့ အောင်မြင်မှုပမာဏဟာ အတိုင်းထက်အလွန် ပြည့်လျှံ လျှံထွက် သောင်းဖြနေတယ် ။ ရှန်းလာ့ပြည်ကြီးရဲ့ သမိုင်းတစ်လျှောက် မကြုံစဖူး ထူးကဲလွန်းတဲ့ ရှန့်ယွမ် ပွဲတော်ကြီးအကြောင်းပြောပါဆိုရင်.... သေချာပေါက် ဒီကနေ့ကို ပြောရမှာပါပဲ ။

နန်းမြင့်မျှော်စင်ထက်မှာ တောက်တောက်ပြောင်ပြောင် ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့ မင်းညီမင်းသား ၊ မင်းမျိုးနွယ်အပေါင်း နဲ့ တော်ဝင်မိသားစုတွေဟာ အတန်းလိုက်ထိုင်နေကြပြီး အားလုံးရဲ့ မျက်နှာပေါ်မှာ ယဉ်ကျေးမွန်ရည်တဲ့ အပြုံးတွေနဲ့ အောက်က လူအုပ်ကြီးကို ကြည့်နေကြတယ် ။ နန်းတော်တွင်းမှာတော့ ရှည်လျားစွာ တန်းစီထားတဲ့ လူတစ်ရာလောက်ဟာ တိတ်ဆိတ်စွာ ရပ်စောင့်နေကြတယ် ။ သံစုံခေါင်းလောင်းသံ မြည်လာတဲ့အခါ ပုရောဟိတ်ကြီးဟာ သူ့ရဲ့ မရှိတဲ့ နှုတ်ခမ်းမွှေးရှည်ကို သပ်ရင်း ခေါ်လိုက်တယ် ။

ထျန်းကွမ်းစစ်ဖူ(Volume 2 Zawgyi)Where stories live. Discover now