|| နတ်ပြည်တက်လှမ်းစဉ်ကလည်း လူပဲ ၊ နတ်ပြည်က ပြန်ကြွေကျလာချိန်မှာလည်း လူပါပဲ [ အပိုင်း ၂ ] ||
ရှဲ့လျန်က ခေါင်းကို ခါယမ်းလိုက်တယ် ။
" မရဘူး !"
အဲဒီနောက်သူက အလေးအနက် ထပ်ပြောတယ် ။
" လုံးဝ မလုပ်နိုင်ဘူး!"
ပုရောဟိတ်ကြီးက ခေါင်းညိတ်လိုက်တယ် ။
" သင် ဒီလို တုန့်ပြန်လိမ့်မယ်လို့ ကျွန်ုပ် မျှော်လင့်ထားပြီးသားပါ... ဒါကြောင့် ဒုတိယနည်းလမ်းကို ကျွန်ုပ်တို့ ပိုအားစိုက်ပြီး စဉ်းစား သုံးသပ်ထားတယ် "
ရှဲ့လျန်က တည်ကြည်လေးနက်စွာနဲ့ ပြောတယ် ။
" ပုရောဟိတ်ကြီး ပြောပါ!"
" ဒုတိယ နည်းလမ်း ! အိမ်ရှေ့စံ အရှင့်သားအနေနဲ့ ရှန်းလာ့ ပြည်သူပြည်သားတွေ ရှေ့မှောက်မှာ အပြစ်ဝန်ခံပြီး ကောင်းကင်ဘုံ နတ်ဘုရားတွေဆီ ခွင့်လွှတ်ပေးဖို့ တောင်းခံရမယ်.. ပြီးတော့ နံရံကို မျက်နှာမူပြီး အပြစ်ကို ဆင်ခြင်မှု တစ်လလုပ်ရမယ် !"
ရှဲ့လျန်က တည်ငြိမ်စွာပဲပြောတယ် ။
" မလုပ်နိုင်ဘူး !"
ပုရောဟိတ်ကြီး တွန့်ခနဲဖြစ်သွားတယ် ။
" ကျွန်ုပ်တို့က သင့်ကို တကယ်ကြီး နံရံကို မျက်နှာမူပြီး အပြစ်ဖြေဖို့ တောင်းဆိုနေတာမဟုတ်ပါဘူး... ဒီတိုင်း စတိလောက်... အဲ.. အင်း.. အဟမ်း အဟမ်း !"
ပုရောဟိတ်ကြီးက သူတို့ဟာ နတ်ဧကရာဇ်မင်းကြီးရဲ့ ရုပ်ထုတော်ရှေ့မှာ ရှိနေသေးတာကို ရုတ်တရက် အမှတ်ရသွားပြီး ချက်ချင်း ပြန်ပြင်လိုက်တယ် ။
" သင့်ရဲ့ ကြည်ညို သဒ္ဒါထက်သန်မှု နဲ့တင် လုံလောက်ပါတယ် !"
ရှဲ့လျန်ကတော့ " မဖြစ်နိုင်ဘူး !" လို့ ပြန်ဖြေနေဆဲ ။
ပုရောဟိတ်ကြီးက မေးတယ် ။
" အကြောင်းပြချက်က ?"
ရှဲ့လျန်က ဖြေတယ် ။
" ပုရောဟိတ်ကြီး ကျွန်ုပ် ဒီနေ့ တောင်ပေါ်က ဆင်းသွားတော့ ဘာမြင်ခဲ့တယ် ထင်လဲ ? မင်းနေပြည်တော်က ပြည်သူအပေါင်းက ကောင်းကင်ဘုံ ပူဇော်လှည့်လည်ပွဲနေ့က မတော်တဆ ဖြစ်ရပ်ကို ပြစ်တင်ရှုတ်ချမှု မပြုတဲ့ အပြင် သူတို့က သဘောတကျနဲ့တောင် ထောက်ခံနေကြသေးတယ်. .. ဒါက ကလေးကို ကယ်တင်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ရှန်းလာ့ ပြည်သူတစ်ရပ်လုံးက ယုံကြည်ကြောင်း သက်သေပြလိုက်တာပဲ !"