71-လူသားကိစ္စရပ်တွေထဲ နတ်မင်းက ဝင်ရောက်စွက်ဖက်ခြင်း

17 1 0
                                    

|| လူသားကိစ္စရပ်တွေထဲ နတ်မင်းက ဝင်ရောက်စွက်ဖက်ခြင်း ||

ထိုက်ချောင်းတောင် ၊ အိမ်ရှေ့စံတောင်ထွတ် ။

နေ့အချိန် ဖြစ်တာကြောင့် လာရောက် ဖူးမျှော် ဝတ်ပြုဆုတောင်းသူတွေကို အချိန်ကြာမြင့်စွာ တရစ်ဝဲဝဲ နေခွင့်မပြုတော့ဘဲ ဟွမ်ကျီကွမ်းထဲကနေ ထွက်ခွာဖို့ မေတ္တာရပ်ခံနေပြီ ။ ရှန်းလာ့ နန်းဆောင်အတွင်းမှ ဆုတောင်း ပတ္တနာပြုသံတွေဟာ လေထုထဲ လွင့်ပျံနေပြီး ကျင့်ကြံသူထောင်ပေါင်းများစွာဟာ သူတို့ရဲ့ ညနေခင်း ကျင့်စဉ်ကျင့်ရပ်များကို ပုရောဟိတ်လေးပါးရဲ့ ဦးဆောင်လမ်းညွှန်မှုအောက်မှာ စီမံ ခန့်ခွဲမှုတွေ ပြုလုပ်ကြတယ် ။

အိမ်ရှေ့စံ နတ်ကွန်းအတွင်း ဘေးတစ်ဖက် တစ်ချက်က နံရံတွေ ပေါ်မှာ မရေမတွက်နိုင်တဲ့ ထာဝရအလင်းဆောင်ကျဉ်းတဲ့ မီးပုံးတွေဟာ ကြမ်းပြင်ကနေ မျက်နှာကျက်ထိ အတန်းလိုက် အတန်းလိုက် အစီအရီ ချိတ်ဆွဲ ပူဇော်ထားတယ် ။ ရှဲ့လျန်ဟာ ကောင်းကင်ကနေ ဆင်းသက်လာပြီးနောက် ပူဇော်ပွဲစင်မြင့်ထက်ဆီ အသာအယာ ဆင်းသက်လိုက်ပြီး သူရဲ့နတ်ရုပ်ရှေ့မှာ သေသေချာချာ နေရာယူကာ ထိုင်နေလိုက်တယ် ။

သူက လက်တစ်ဖက်ကို အသာအယာဝှေ့ယမ်းလိုက်တဲ့အခါ ညှင်းသွဲ့ပြောင်းတဲ့ လေပြေလေညှင်းလေးဟာ ဘယ်ဆီကမှန်းမသိ တိုးဝှေ့တိုက်ခတ်လာပြီး မရေမတွက်နိုင်တဲ့ မီးပုံးတွေဟာ အသာအယာ ယိမ်းထိုးလှုပ်ရှားသွားတော့တယ် ။ ယိမ်းထိုးလှုပ်ရှားသွားတဲ့ မီးတောက်အရောင်ကြောင့် ကျင့်ကြံသူအများစုဟာ မော့ကြည့်လိုက်ကြပြီး တအံ့တသြ အာမေဋိတ်ပြုမိကြကာ အချင်းချင်း တီးတိုးပြောဆိုကုန်ကြတယ် ။ သူ့ရဲ့ မျက်လုံးတွေကို မှိတ်ကာ စိတ်တည်ငြိမ်စွာနဲ့ ထိုင်နေတဲ့ ပုရောဟိတ်ကြီးဟာ ရုတ်တရက် မျက်လုံးတွေ ဖွင့်လိုက်ပြီး ပြောလာတယ် ။

" ဒီနေ့အတွက်တော့ ဒီလောက်ပဲ ! သင်တို့အားလုံး သွားနိုင်ပြီ "

ကျင့်ကြံသူတွေဟာ ထရပ်လိုက်ကြတယ် ။ အခြား လက်ထောက်ပုရောဟိတ် သုံးပါးက ရှဲ့လျန်ရဲ့ အသွင်အပြင်ကို မမြင်နိုင်ကြပေမဲ့ တစ်စုံတစ်ရာ ဆင်းသက်လာခဲ့ပြီဆိုတာကို ခန့်မှန်းနိုင်ခဲ့တာကြောင့် သူတို့လည်း ခန်းမဆောင်ကြီးထဲက ထွက်ခွာသွားပြီး ခန်းမဆောင် တံခါးမကြီးကို ပြန်ပိတ်သွားကြတယ် ။ မြင့်မားတဲ့ တံခါးကြီးနှစ်ချပ် ပိတ်သွားတာနဲ့ ရှဲ့လျန်ဟာ တစ်စက္ကန့်တောင် အချိန်မဆိုင်းပဲ ချက်ချင်းပြောလိုက်တယ် ။

ထျန်းကွမ်းစစ်ဖူ(Volume 2 Zawgyi)Donde viven las historias. Descúbrelo ahora