59-ရှန်ဝူလမ်းမကြီးပေါ်မှ အံ့မခန်း ကြက်သီးထဖွယ်ရာအဖြစ်အပျက်

48 1 0
                                    

|| ရှန်ဝူလမ်းမကြီးပေါ်မှ အံ့မခန်း ကြက်သီးထဖွယ်ရာအဖြစ်အပျက် [ အပိုင်း ၂ ] ||

အဲဒီကလေးဟာ ခုနှစ် နှစ် ၊ ရှစ်နှစ်လောက်ပဲ ရှိဦးမယ် ။ အတော်လေး ပိန်ကြုံလှီပြီး အကောင်သေးသေးလေးရယ် ။ ဒီလောက်အမြင့်ကြီးဆီက ပြုတ်ကျလာခဲ့တာကြောင့် သူ့လက်တွေ ခြေထောက်တွေဟာ အခုမှ မွေးဖွားလာတဲ့ တိရိစ္ဆာန်ငယ်လေးရဲ့ ခြေလက်တွေလို ထိန်းချုပ်မရနိုင်လောက်အောင် တုန်ယင်နေတယ် ။ သို့ပေမဲ့ သူ့ခေါင်းမှာ ရှုပ်ပွပွေလီနေအောင် ပတ်ချည်ထားတဲ့ပတ်တီးတွေကြားက အနက်ရောင်မျက်လုံးတစ်လုံးဟာ ပြူးပြူးလေး ပေါ်ထွက်နေပြီး အဲဒီမျက်ဝန်းထဲ ဆီးနှင်းဖြူရောင်ပုံရိပ်ဟာ အရောင်ပြန်ဟပ်ထင်နေကာ တခြားဘာကိုမှ မမြင်တော့ဟန်နဲ့ သူ့ကို မျက်တောင်မခတ်ပဲ ကြည့်နေခဲ့တယ် ။

ပတ်ဝန်းကျင်တခွင်မှာ ပင့်သက်ရှိုက်သံတွေ ကြားလာရတယ် ။ ရှဲ့လျန်ဟာ ခေါင်းမော့ကြည့်လိုက်တဲ့အခါ သူ့နှလုံးသားက ချောက်နက်ထဲ ပြုတ်ကျသွားသလိုခံစားလိုက်ရတယ် ။ သူနဲ့ မနီးမဝေး မြေပြင်ပေါ်မှာ ရွှေရောင်အရာဝတ္တုတစ်ခုကို သူ့မျက်ဝန်းထောင့်စွန်းကနေ လှမ်းမြင်လိုက်တယ် ။

သူ့မျက်နှာပေါ်မှာ ဖုံးအုပ်တပ်ဆင်ထားခဲ့တဲ့ မျက်နှာဖုံးဟာ ပြုတ်ကျနေခဲ့ပြီ ။

ရှဲ့လျန်ဟာ ရှန်ဝူလမ်းမကြီးရဲ့ အလယ်မှာ ဆင်းသက်ခဲ့တာဖြစ်ပြီး အခမ်းအနား စီတန်းလှည့်လည်သူတွေဟာ သူ့ရဲ့နောက် မီတာပေါင်းများစွာမှာ ကျန်ရစ်နေခဲ့ပြီ ဖြစ်တယ် ။ စီတန်းလှည့်လည်မှုဟာ ဒီလောက်ဝေးဝေးထိ ရောက်မလာခဲ့သေးဘူး ။ စနစ်တကျ ချီတက်နေတဲ့ စစ်သည်တော်တွေဟာ ရုတ်တရက် ရုတ်ရုတ်သည်းသည်းတွေ ဖြစ်ကုန်တယ် ။ ပန်းကျဲနေတဲ့ နတ်မိမယ်တွေဟာလည်း ထိတ်လန့် ကြောင်အမ်းသွားကြသလိုပဲ ။ ရွှေရောင်လှည်းယာဉ်တွေဟာ ရပ်တန့်ကုန်ပြီး မြင်းဖြူတွေဟာ ခွာတွေကို ဆောင့်နင်းကာ အထိတ်တလန့် ဟီကုန်တယ် ။ ကြိုးတပ် တူရိယာတွေနဲ့ ဗျပ်စောင်းတွေရဲ့ တီးခတ်မှုတွေဟာ သံစဉ်လွဲချော်ကုန်ပြီး စည်းဝါးမကိုက် ကို့ယို့ကားယားတွေ ဖြစ်ကာ တချို့က ဆက်တီးနေကြပြီး တချို့က ရပ်ကုန်ကြတယ် ။ သူတို့ရဲ့ စီတန်းလှည့်လည်မှုကို ပြန်လည်ညှိနှိုင်းအစီအစဉ်ကျအောင် မလုပ်နိုင်ကြပဲ အခြေအနေတစ်ခုလုံးဟာ စည်းလွတ်ဝါးလွတ် ဗရမ်းဗတာတွေ ဖြစ်နေတော့တယ် ။ လမ်းရဲ့ တစ်ဖက် တစ်ချက်ဆီက လူအုပ်တွေဟာ ဘာမှ မတုံ့ပြန်နိုင်သေးဘဲ မှင်သက်မိနေကြတုန်း ဖြစ်ပေမဲ့ နန်းမြင့် မျှော်စဉ်ထက်က ရှန်းလာ့ ဘုရင်မင်းမြတ်ကတော့ ရုတ်ချည်းထရပ်လိုက်ကာ သူ့သားတော်ရဲ့ အရိပ်အယောင်ကို လှမ်းကြည့်ရင်း မျက်နှာထားတည်တည်နဲ့ အာရုံစူးစိုက်ထားတယ် ။

ထျန်းကွမ်းစစ်ဖူ(Volume 2 Zawgyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ