85-ပုယိုး တောအုပ်မြေပေါ်မှ လူမျက်နှာကပ်ရောဂါ ရုတ်တရက်ဖြစ်ပွားခြင်း

8 2 0
                                    

|| ပုယိုး တောအုပ်မြေပေါ်မှ လူမျက်နှာကပ်ရောဂါ ရုတ်တရက်ဖြစ်ပွားခြင်း [ အပိုင်း ၂ ] ||

ဒါက နည်းလမ်းမကျ မမှန်ကန်တာ အသိသာကြီးပဲ ။ ဘာကြောင့်ဆို ရှန်ဝူလမ်းမကြီးပေါ်မှာ ဝရုန်းသုန်းကား ပြေးလွှားသောင်းကျန်းသွားတဲ့ ပထမဆုံး ရောဂါသည်က ကျန်းမာသန်စွမ်းပြီး တုတ်တုတ်ခိုင်ခိုင် ယောကျာ်းသားတစ်ယောက်လေ ။ ဒါကြောင့် ဒီ သဘောတရားကို စံပြုလို့ မရနိုင်တော့ဘူး ။

လူမျက်နှာကပ်ရောဂါ ကူးစက်ခံရတဲ့ စစ်သားတွေနဲ့ အခြား စစ်သားတွေကို နှိုင်းယှဉ်ကြည့်ရင် သူတို့ကြားမှာ ဘာတွေကွာခြားနေလဲ ။ ရှဲ့လျန်က ဖြစ်နိုင်ချေတွေ အများကြီးကို စဉ်းစားတွေးတောပြီး သူ့ရဲ့ ခန့်မှန်းချက်တွေကို စမ်းသပ်ကြည့်ဖို့ ကြိုးစားခဲ့ပေမဲ့ ဘယ်ရှုထောင့်က ကြည့်ကြည့် သူတို့ဟာ အခြားသူတွေထက် သိသိသာသာ ကွာခြားနေတဲ့ အရာမျိုး ရှိမနေခဲ့ဘူး ။ ကူးစက်ခံရတဲ့ ရောဂါသည်တိုင်းဟာ သူတို့ပုံပန်းသွင်ပြင် ၊ ခန္ဓာကိုယ်အချိုးအစား ၊ အဆင့်အတန်း ၊ ပင်ကိုစရိုက်တွေဟာ သောင်းပြောင်းထွေလာ အမျိုးစုံစွာဖြစ်နေတာကြောင့် စံသတ်မှတ်ချက်တစ်ခုပေါ်မှာ ကောက်ချက်ရေးဆွဲဖို့ မဖြစ်နိုင်ဘူး ဖြစ်နေတယ် ။ ရောဂါကူးစက်ခံရသူတွေဟာ တကယ်ပဲ ကူးချင်တဲ့သူ ကူးတာများလား ?

ရှဲ့လျန်က သူ့ဟာသူ တိုးတိုးရေရွတ်နေတယ် ။

" လူမျက်နှာကပ်ရောဂါ ပြန့်ပွားတာ ရပ်တန့်ဖို့ စစ်သည်တွေ ဘာလုပ်ခဲ့လို့လဲ ? တစ်နည်းပြောရရင် သူတို့က သာမန်ပြည်သူတွေထက် ဘာများပိုလုပ်လေ့ရှိ..."

အဲဒီအတွေးထိ ရောက်လာတဲ့အခါ သူ့မျက်လုံးတွေ ပြူးကျယ်လာပြီး မျက်နှာဟာ ဖြူရော်သွားတော့တယ် ။ သူအသံဟာ ရုတ်ခြည်းရပ်တန့်သွားတာကို ကြားတဲ့အခါ ဖုန်းရှင့်က မေးတယ် ။

" ဘာဖြစ်လို့လဲ အရှင့်သား ? တစ်ခုခုစဉ်းစားမိလို့လား ?"

ရှဲ့လျန် တကယ်ပဲ တစ်စုံတစ်ရာကို စဉ်းစားမိလိုက်တာဖြစ်တယ် ။ သူဟာ ယုတ္တိယုတ္တာရှိတဲ့ သဘောတရားတစ်ခုကို တွေးမိလိုက်တာပဲ ။ ဒါပေမဲ့ တစ်ချိန်တည်းမှာ အဲဒီအရာဟာ ထိတ်လန့်ခြောက်ခြားဖွယ်ရာ တစ်ခုဖြစ်နေခဲ့တယ် ။

ထျန်းကွမ်းစစ်ဖူ(Volume 2 Zawgyi)Où les histoires vivent. Découvrez maintenant