66-နတ်ပြည်တက်လှမ်းစဉ်ကလည်းလူပဲ၊ နတ်ပြည်ကပြန်ကြွေကျလာချိန်မှာလည်း လူပါပဲ

31 1 0
                                    

|| နတ်ပြည်တက်လှမ်းစဉ်ကလည်း လူပဲ ၊ နတ်ပြည်က ပြန်ကြွေကျလာချိန်မှာလည်း လူပါပဲ [ အပိုင်း ၁ ] ||

ရှဲ့လျန်က လှည့်ကြည့်ပြီး မေးလိုက်တယ် ။

" ဘယ်လိုပြောတာလဲ?"

" ဒီမင်းနေပြည်တော်တဝိုက်က အိမ်ခြေယာမဲ့ လေလွင့်ကလေးတွေက အကုန်လုံး အုပ်စုနဲ့ အဖွဲ့လိုက်နေကြတာ... သူတို့က ကျွန်တော်မျိုးတို့ အိမ်အနီးအပါးမှာ မကြာခဏဆိုသလို စားစရာတောင်းဖို့ လာနေကျဆိုတော့ သူတို့တွေအကုန်လုံးကို ကျွန်တော်မျိုးသိတယ် ဒါပေမဲ့ ဒီကလေးကို အရင်က တစ်ခါမှ မမြင်ဖူးဘူး"

ကလေးလေးဟာ မုချင်ကို စိုက်ကြည့်နေပေမဲ့ ဘာမှ မပြောဘူး ။ ဖုန်းရှင့်က မယုံမကြည်ဟန်နဲ့ ပြောတယ် ။

" သူတို့က ဘယ်သူ့ဆီက စားစရာတောင်းတာလဲ ? မင်းဆီကလား? အဲဒီတော့ မင်းက သူတို့ကို ပေးတယ်ပေါ့ ?"

မုချင်က သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ် ။

" သူတို့က အတောမသတ်နိုင်အောင် နားပူနားစာတိုက်နေရင် မပေးဘဲ ဘယ်လိုလုပ်မလဲ တခြားနည်းလမ်းမရှိဘူး !"

ဖုန်းရှင့်က အတော်လေး မယုံသင်္ကာဟန် သဘောထားမျိုး ရှိနေတုန်းပဲ ။ ဒါပေမဲ့ ဒီထက်ပိုပြီး ဝေဖန်တာမျိုးတော့ မလုပ်ခဲ့ဘူး ။

" ဪ~"

သူတို့စကားပြောနေကြတာကို ကြည့်ရင်း ရှဲ့လျန်ကတော့ ရယ်ချင်နေမိတယ် ။ မုချင်က ဆက်ပြောတယ် ။

" နောက်ပြီး သူ့အင်္ကျီမှာ ချုပ်ရာ ဖာရာလေးတွေရှိတယ် လက်ချုပ်လိုက်ထားတဲ့ အနေအထားကို ကြည့်ရင် ဒါက လူကြီးတစ်ယောက်ယောက်က လတ်တလောလေးကမှ ချုပ်ပေးထားတဲ့ ပုံမျိုးပဲ ဒါကြောင့် သူ့အိမ်မှာ အနည်းဆုံး လူကြီးတစ်ယောက်လောက်တော့ရှိရမယ်.. သူ့ရဲ့ မိသားစုအခြေအနေက အကောင်းကြီးတော့ ဟုတ်ချင်မှဟုတ်မယ် ဒါပေမဲ့ သူတောင်းစားတော့ မဟုတ်တာ သေချာတယ်"

သာမန်အားဖြင့် ချုပ်ရာ ဖာရာလေးတွေက ဘယ်လိုဘယ်ပုံ ၊ လူကြီးတစ်ယောက် ချုပ်ထားတဲ့လက်ရာ ဘာညာ ဆိုတာတွေ ရှဲ့လျန်က ဘယ်လိုလုပ် သတိထားမိနိုင်ပါ့မလဲ ။ ဒါပေမဲ့ မုချင်ကတော့ ဟွမ်ကျီကွမ်းမှာ လက်တိုလက်တောင်းလုပ်ရတဲ့ အလုပ်သမားအဖြစ် လုပ်ကိုင်နေကျဖြစ်ပြီး ဒီလို အိမ်မှုကိစ္စ ဝေယျာဝစ္စတွေကိုလည်း အိမ်မှာလုပ်ရလေ့ရှိတယ် ။ ဒါနဲ့ ရှဲ့လျန်က သေသေချာချာ အနီးကပ်ကြည့်ရှုလိုက်တဲ့အခါ မုချင်ပြောတဲ့အတိုင်း အမှန်အကန်ဖြစ်နေတယ် ။ ဒါကြောင့် သူက မေးလိုက်တယ် ။

ထျန်းကွမ်းစစ်ဖူ(Volume 2 Zawgyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ