Chapter - 14

21.9K 1.4K 271
                                    

အိုမီဂါကောင်လေး၏ တအံ့တဩအသံကြောင့် ဂျိုးဇက်လည်း သျှန်ယု၏လက်တို့အား ငုံ့ကြည့်လိုက်၏။

ထိုအခါ အပေါ်ထပ်အင်္ကျီလက်ရှည်တို့ဖြင့် ဖုံးမနေသော လက်ခုံသေးသေးလေးများက လက်ရှိ သူ၏တစ်ကိုယ်လုံးမှ ညိုညစ်ညစ်အသားအရောင်နှင့် ဆန့်ကျင်လှစွာ ဖြူဥနုဖတ်နေလေသည်။ ယင်းပုံစံအရ သန့်စင်ခန်းထဲတွင် လက်ကို ဆပ်ပြာနှင့် သေချာဆေးလိုက်သော​ကြောင့် မူလအသားအရောင် ပြန်ဖြစ်သွားသည့်ပုံပါပင်။

ဂျိုးဇက်တစ်ယောက် ပြဿနာရှာလွန်းသူကြောင့် စိတ်မရှည်စွာဖြင့် ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ သည်လူသာ သူ့ထက်အငယ် သူ့ညီလေးတစ်ယောက်ဖြစ်ပါက မှတ်လောက်သားလောက်အောင် ရိုက်ပြီး ဆုံးမမိလောက်မည် ထင်ပါသည်။

"ထူးဆန်းလိုက်တာ၊ ဒါကြီးက ဘယ်လိုဖြစ်နိုင်မှာလဲ၊ နေပါဦး ကြည့်ရတာ သူ့အသားအရောင်က..."

ရှေ့မှအိုမီဂါကောင်လေးဟာ ထိုင်ရာမှပင် ထလာပြီး သျှန်ယု၏လက်ခုံအား လက်တစ်ဖက်ဖြင့် ဆွဲယူကြည့်လိုက်၏။ ပြီးနောက် အင်္ကျီလက်ရှည်ကိုလည်း အထက်သို့ ဆွဲတင်ကြည့်လိုက်ကာ အသားအရောင် ကွာခြားနေသော နေရာနှစ်ခုထက် လက်ညှိုးလေးဖြင့် ပွတ်သပ်ကြည့်လိုက်ပြီးသည့်နောက်တွင်တော့ သူ့မျက်နှာထက် အံ့ဩရိပ်များက ပို၍သန်းလာပါတော့သည်။

"သူက ရုပ်ဖျက်ထားတာများလား"

ကောင်လေးဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီးသည်နှင့် ဂျိုးဇက်အား ကြည့်လိုက်၏။ ထိုအခါ ဂျိုးဇက်က ဘာမှပြန်မပြောသည်မို့ သူက ဂျိုးဇက်ကိုတစ်လှည့်၊ မေ့မျောနေသော သျှန်ယုကိုတစ်လှည့် တစ်ပြန်စီကြည့်လိုက်ပြီးနောက် မေးလိုက်သည်။

"မဟုတ်မှလွဲ ခင်ဗျားတို့က သိနေကြတာလား"

ဂျိုးဇက်က တိတ်ဆိတ်ခြင်းနှင့်ပင် ပြန်ဖြေလိုက်သည်မို့ တစ်ဖက်မှကောင်လေး၏ နှုတ်ခမ်းများဟာ အိုပုံသဏ္ဌာန် ပွင့်ဟလာပါတော့၏။ ထိုပုံစံနှင့်ပင် သူက သျှန်ယု၏မျက်နှာအား သေချာစိုက်ကြည့်လိုက်ပြီးနောက်...

"ဒါဆို သူက ဘယ်သူလဲဟင်၊ ခင်ဗျားနဲ့တောင် သိတယ်ဆိုတော့ သူလည်း နာမည်ကြီးပဲလား"

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now