Chapter - 45

23.1K 1.4K 209
                                    

ဇန်နဝါရီလ ၁၀ ရက်နေ့။

နှစ်သစ်၏ ပထမဆုံးလဖြစ်သည့်အားလျော်စွာ အထက်တန်းလွှာများကြား အထိမ်းအမှတ်ပွဲများ များသောကာလလည်း ​ဖြစ်၏။ ပုံမှန်အားဖြင့် မွေးနေ့ပွဲများ၊ လူမှုရေးနှင့် စီးပွားရေးနှစ်ပတ်လည်ပွဲများ ရှိသည့်အပြင် စီးပွားသစ်များအတွက် အထိမ်းအမှတ်ပွဲများစွာလည်း ရှိသည်။

ထို့ကြောင့် စီးပွားရေးလောကမှ ထိပ်တန်းပုဂ္ဂိုလ်များအနေနှင့် ဖိတ်စာများစွာကို နေ့စဉ်လက်ခံနေရပြီး အချို့ပွဲများသို့ ကိုယ်စားလှယ်များကိုလွှတ်၍ တက်ခိုင်းတာတောင်မှ သူတို့ကိုယ်တိုင်သည်လည်း တစ်နေ့ တစ်ပွဲတော့ အနည်းဆုံးတက်နေကြရသည်သာ။

"နေကောင်းကျန်းမာပါရဲ့လား သခင်လေး၊ ကိုဂျိုးဇက်နဲ့ အတူလာမယ်လို့ ထင်နေခဲ့တာ"

"ကောင်းပါတယ်၊ သူလည်း တက်ရမဲ့ပွဲရှိနေလို့"

သျှန်ယုဟာ ရင်းနှီးသော စီးပွားဖက်အစ်မတစ်ယောက်၏ ရိုးရာမြေအိုးပြခန်းသစ်ဖွင့်ပွဲသို့ တက်ရောက်လာခြင်းဖြစ်ပြီး ယခု၌ ထိုအစ်မနှင့် ပွေ့ဖက်နှုတ်ဆက်ကာ စကားပြောနေကြခြင်းဖြစ်သည်။ ထုံးစံအတိုင်း ပွဲအတွင်း၌ သူ၏ရည်းစားဟောင်းများက အရပ်ရှစ်မျက်နှာစလုံးတွင် ရှိနေကြပြီး မီဒီယာများကလည်း တတိယသခင်လေးရောက်လာသည်နှင့် သူတို့၏ ကင်မရာများကို သခင်လေးရှိရာဆီသို့သာ တန်း၍ဦးတည်လိုက်ကြလေ၏။

အချိန်အားဖြင့် နံနက် ၇ နာရီခွဲသာရှိသေးသည်မို့ ရာသီဥတုက အတော်လေးအေးရာ သျှန်ယုအထပ်ထပ်ဝတ်ဆင်ထားသော ဝတ်စုံနှင့် အံကိုက်ဖြစ်နေသည်။ သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ၎င်းထက် သုံးထားသမျှ အဆင်တန်ဆာတို့မှာတော့ ရွှေသားစစ်စစ်များသာ ဖြစ်ကြ၏။

Long Coat နှင့် Waistcoat အောက် ဝတ်ဆင်ထားသောအင်္ကျီ၏ ဒီဇိုင်းမှာ သာမန်ရိုးရိုးရှင်းရှင်းပုံစံမဟုတ်ဘဲ အတွန့်ပုံစံများပါသော လည်ထောင်နှင့်လက်ရှည်တို့ ရှိကြလေသည်။ Long Coat ကတော့ ၎င်း၏ပုခုံးတို့ထက်မှ ရွှေကြိုးများနှင့် ရင်ဘတ်နှင့်လက်ကောက်ဝတ်နေရာတို့မှ ရွှေကြယ်သီးများကြောင့် ဝတ်ဆင်ထားသူ၏ အရှိန်အဝါကို ပို၍မြှင့်တင်နေပါသည့်နှယ်။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now