သျှန်ယုဟာ နောက်သို့လှည့်ကြည့်ကြည့်ချင်း တစ်ဖက်လူကို မမှတ်မိခဲ့သော်ငြား မျက်နှာအား သေချာမြင်လိုက်ရပြီး စကားဆိုသံကို ကြားလိုက်ချိန်တွင်တော့ အံ့ဩသွားဟန်ဖြင့် မေးလိုက်မိတော့၏။
"ဟာ ကိုသန့်! ဘယ်တုန်းက ပြန်ရောက်လာတာလဲ"
သျှန်ယုသည် မေးလည်းမေးလိုက်ရင်း တစ်ဖက်လူနှင့် သေချာစကားပြောလို့ရအောင် နောက်သို့လှည့်လိုက်လျက် ရှေ့သို့လည်း တစ်လှမ်းတိုးလိုက်သည်။ ဆုတောင်းပြီးခါစအချိန်ဖြစ်သည်မို့ သူနှင့်ဂျိုးဇက်တို့ဟာ လက်တို့ ပြန်မတွဲရပါသေးချေ။
ထို့နောက်၌ တစ်ဖက်လူအား မှတ်မိသွားသည်မို့ သျှန်ယု၏မျက်နှာလေးက ဝမ်းသာပျော်ရွှင်ဟန်ဖြင့် ပြုံးလာပါသေး၏။
ထိုအခါ တစ်ဖက်ပုဂ္ဂိုလ်ကလည်း ကြည်စင်သော အပြုံးတို့ဖြင့် ရှိနေရင်းမှ အနားသို့ လျှောက်လာအပြီး ပြန်ဖြေလာသည်။
"ဒီနေ့ခင်းမှ ပြန်ရောက်လာတာပါ၊ သခင်လေး အစစအရာရာ အဆင်ပြေပါရဲ့လား"
"ဟားဟား၊ ကိုသန့်က ဘာလို့ အရမ်းတွေတလေးတစားပြောနေတာတုန်း၊ ဒါနဲ့ ကိုကြီးနဲ့ရော တွေ့ပြီးပြီလား"
သျှန်ယု၏စကားအဆုံး တစ်ဖက်လူက သဘောတကျ ပို၍ဖြစ်သွားတော့ပြီး စကားပြောသည့်ဟန်ကလည်း ချက်ချင်းပင် တရင်းတနှီးပုံစံမျိုး ပြောင်းလဲသွား၏။
"သူနဲ့က ခုနလေးတင် တွေ့ပြီးလာတာ၊ အဲ့ဒါ ခင်ဗျားလေးကိုမတွေ့တာနဲ့ မေးလိုက်တော့ ပွဲဈေးထဲ လျှောက်လည်နေတယ်ဆိုလို့ ပတ်ရှာကြည့်နေတာ"
ယခုအချိန်၌ သျှန်ယုနှင့် တစ်ဖက်အယ်လ်ဖာကြား လက်တစ်ကမ်းစာ အကွာအဝေးလောက်သာ ရှိတော့ပြီး သူတို့က မျက်နှာချင်းဆိုင် စကားပြောနေကြခြင်း ဖြစ်သည်။
အဆိုပါအယ်လ်ဖာ၏ နာမည်ဟာ ကယ်ဗင်မင်းသန့် ဖြစ်၏။ သူသည် ပထမသခင်လေး မင်းမျိုးမဟာနွယ်၏ ငယ်သူငယ်ချင်းဖြစ်ပြီး ဆရာဝန်တစ်ယောက်ဖြစ်ကာ နိုင်ငံခြားတွင် အခြေချနေထိုင်နေသူ ဖြစ်သည်။
မှတ်မှတ်ရရဖြစ်ခဲ့သည်က ကယ်ဗင်မင်းသန့် သည်နိုင်ငံမှ ထွက်သွားခဲ့သောနေ့ဟာ သျှန်ယု အသက် ၁၈နှစ်ပြည့်သော မွေးနေ့၌ဖြစ်ပြီး ထိုနေ့မွေးနေ့ပွဲကို လာတက်ပြီးနောက် ထွက်သွားခဲ့ခြင်းပါပင်။
သျှန်ယုဟာ မဟာနွယ်မောင်နှမတွေထဲ လူမှုရေးအကောင်းဆုံးဖြစ်သည့်အားလျော်စွာ မောင်နှမများ၏ သူငယ်ချင်းအားလုံးနှင့် ရင်းနှီးရုံသာမက ခမည်းတော်တို့၏ မိတ်ဆွေများနှင့်ပါ အခက်အခဲမရှိ ပေါင်းသင်းနိုင်သူဖြစ်၏။ သို့ဖြစ်ရာ သူ့အစ်ကိုကြီး၏ ငယ်သူငယ်ချင်းဖြစ်သော ကိုသန့်နှင့်လည်း ညီအစ်ကိုလိုဆက်ဆံရေးမျိုး ရှိလေသည်။
ထို့ကြောင့်လည်း လေး၊ ငါးနှစ်လောက်မှ တစ်ကြိမ် ခဏတဖြုတ်အလည်လာတတ်သော တစ်ဖက်လူအား မည်သည့်အချိန်၌တွေ့တွေ့ ယခုကဲ့သို့ပင် တရင်းတနှီးဆက်ဆံတတ်ပါ၏။
"ကိုသန့် ဒီကို အလည်လာတာလား၊ ဘယ်နှစ်ရက်နေမှာလဲ ပြောဦး၊ မပြန်ခင် တစ်ခုခုလိုက်ကျွေးလို့ရအောင်"
"ကလေးက ဘာကို ဝယ်ကျွေးဖို့ပြောနေတာလဲ"
ကိုသန့်ဟာ ထိုသို့ပြန်ပြောလိုက်ရင်း သူ့ရှေ့မှ အတော်လေး အရွယ်ရောက်ပြီးဖြစ်သည့်တိုင် ဆယ်ကျော်သက်အရွယ်ကဲ့သို့ နုပျိုလှပနေဆဲဖြစ်သော အိုမီဂါငယ်လေးအား ယခင်တုန်းကလိုပင် ဦးခေါင်းလေးကို ခပ်ဖွဖွလေးတွန်းဖို့ လက်ရွယ်လိုက်သည်။
ထိုအခါ သျှန်ယု၏နောက်၌ မျက်နှာတည်တည်နှင့် တောက်လျှောက်ရှိနေခဲ့သူဟာ ပိုင်ဆိုင်ကြောင်းပြသည့်အနေနှင့် ချစ်သူကို ခါးမှ ဆွဲဖက်လိုက်ပြီး နောက်ကျောပြင်သေးသေးလေးအား သူ့ရင်ခွင်ကျယ်ကြီးထဲ ဆွဲကပ်ပစ်လိုက်တော့၏။
ကိုသန့်၏ လက်တစ်ဖက်သည်ကား လေထဲ၌ပင် တိုးလိုးတန်းလန်း ဖြစ်သွားလေသည်။ သို့ဖြစ်ရာ သူက ရှက်ရယ်ရယ်လိုက်ရင်း လက်ကို ပြန်ရုတ်လိုက်၏။
အနားဝန်းကျင်မှ လူများဟာ သူတို့အား တစ်ချက်တစ်ချက် မသိမသာစပ်စုကြသူများရှိသလို ပေါ်တင်စပ်စုနေကြသူများလည်း ရှိသည်။ သို့ပေသည့် ထောင်ထောင်မောင်းမောင်း သက်တော်စောင့်များက ပတ်လည်တွင် ဝန်းရံနေကြသည်မို့ သူတို့ကို သေချာမြင်ရဖို့ရန် မဖြစ်နိုင်ပါချေ။
ယခု၌ ဂျိုးဇက်သည် ချစ်သူ၏ခါးအား လက်တစ်ဖက်တည်းနှင့် ပွေ့ဖက်ထားရင်းမှ ကိုသန့်နှင့် မျက်လုံးချင်းဆုံသွား၏။ ထိုအခါ သူက တစ်ဖက်လူကို မျက်လုံးသေများဖြင့် စိုက်ကြည့်နေရင်းမှပင် ချစ်သူအား ပြောလိုက်သည်။
"အသိကို မောင်နဲ့ မိတ်ဆက်ပေးဦးလေ"
ဂျိုးဇက်၏လေသံသည်ကား အနိမ့်အမြင့် အတက်အကျမရှိဘဲ ပကတိတည်ငြိမ်လွန်းစွာပင်။ သို့ပေသည့် ထိုအသံကပင် တစ်ခုခုကို သတိပေးနေသည့်အလား အေးတိအေးစက်နိုင်လှပါ၏။
သျှန်ယုကတော့ ချစ်သူ၏အမေးကြောင့် အံ့ဩသွားဟန်လေးဖြင့် နောက်သို့မော့ကြည့်ကာ ပြန်မေးလိုက်သည်။
"မောင် ကိုသန့်ကို မမှတ်မိဘူးလား၊ ကိုကယ်ဗင်မင်းသန့်လေ၊ ငယ်ငယ်က စံအိမ်မှာ ခဏခဏဆုံဖူးကြတယ်"
"မမှတ်မိဘူး"
ဂျိုးဇက်ဟာ ထိုသို့ပြန်ဖြေလိုက်ပါသည့်တိုင် စင်စစ်၌ သူ့အနေနှင့် တစ်ဖက်လူကို မမှတ်မိစရာအကြောင်းမရှိပါချေ။
ကယ်ဗင်မင်းသန့်သည် တော်ဝင်သမားတော်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး မျိုးရိုးစဉ်ဆက် ဆေးလောကတွင် ကျင်လည်နေကြသူများ ဖြစ်၏။ သူတို့မျိုးရိုးဟာ အပြုံးချိုကာ သဘောကောင်းကြသူတွေချည်းဖြစ်သည်မို့ မိတ်ဆွေများ ပေါများကြသလို လူချစ်လူခင်လည်း ပေါကြသည်။
သို့ပေသည့် ဂျိုးဇက်၏မှတ်ဉာဏ်အရ သူဟာ တစ်ဖက်လူအား ငယ်စဉ်ကတည်းက မိတ်ဆွေဖွဲ့ချင်စိတ် မရှိခဲ့ပါသလို ယခုတွင်တော့ ပို၍ပင် မဖွဲ့ချင်ပါတော့ချေ။
ထို့ကြောင့်လည်း လက်ရှိ၌ အသိအမှတ်ပြု နှုတ်ဆက်ချင်စိတ်မရှိသောကြောင့် မမှတ်မိဟူ၍ ပြောလိုက်ခြင်း။
သျှန်ယုကတော့ ကိုသန့်ထွက်သွားသည့်အချိန်ကို စဉ်းစားလိုက်ပြီးနောက် ထိုစဉ်က ဂျိုးဇက်၏ အသက်အရွယ်ရယ်၊ ရင်းနှီးသူများနှင့်သာ သီးသန့်နေတတ်သော စရိုက်ရယ်နှင့်အတူ ကိုသန့်ကလည်း ကြားနှစ်တွေထဲ၌ ပြန်လာခဲ့သော်ငြား ခဏသာနေပြီး ပြန်သွားတတ်သည့်အကြောင်းတို့ကိုပါ တွေးလိုက်မိအပြီး သူ့ကောင်လေးက မမှတ်မိတာလည်း မထူးဆန်းဟူ၍ တွေးလိုက်မိ၏။
ထို့ကြောင့် သူက ပေါ့ပေါ့ပါးပါးပြုံးလိုက်ရင်း ဆိုလိုက်သည်။
"မောင်မမှတ်မိတာလည်း မမှားပါဘူး၊ ကိုသန့်ထွက်သွားတုန်းကဆို မောင်တို့သူငယ်ချင်းတစ်ဖွဲ့လုံး ၁၂ နှစ်လောက်ပဲ ရှိဦးမှာ၊ မောင်ကလည်း သီးသန့်နေတတ်တဲ့သူဆိုတော့ ဘယ်မှတ်မိပါ့မလဲ"
"အင်း"
ကိုသန့်ကတော့ တစ်ဖက်စုံတွဲကို ကြည့်ကာ စိတ်ထဲမှ ပြောလိုက်မိ၏။
'အဆင့်မြင့်အယ်လ်ဖာတွေက အသက် ၅ နှစ်ပြည့်ပြီးတာနဲ့ မှတ်ဉာဏ်ဖွံ့ဖြိုးမှု အရမ်းအားကောင်းတာလေ။ လိမ်ချင်ရင်တောင် သူတို့လို ဆရာဝန်တွေရှေ့မှာတော့ ရှောင်သင့်တယ်မဟုတ်ဘူးလား။'
ထို့နောက်၌ သျှန်ယုက ဂျိုးဇက်နှင့်ကိုသန့်တို့ကို မိတ်ဆက်ပေးလိုက်သည်။ တစ်ဖန် ကိုသန့်ကလည်း နောက်မှ သူ့မိတ်ဆွေနှစ်ယောက်နှင့် မိတ်ဆက်ပေးလိုက်ပြီးနောက် ထိုသူတို့ဟာလည်း ဆရာဝန်များပင်ဖြစ်ကြောင်း၊ သူတို့အားလုံးက နိုင်ငံခြားတွင် နေခဲ့ပြီးနောက်မှ သည်နိုင်ငံတွင် ပြန်အခြေချဖို့ ဆုံးဖြတ်ကာ ပြန်လာကြခြင်းဖြစ်ကြောင်းနှင့် မကြာခင်၌ ကိုယ်ပိုင်ဆေးရုံဖွင့်ဖို့ စီစဉ်နေကြကြောင်း ပြောလိုက်၏။
ထိုအခါ သျှန်ယုက သဘောတကျဟန်လေးနှင့် ပြန်ပြောလိုက်သည်။
"ကောင်းတာပေါ့ ကိုသန့်ရဲ့၊ ဒါဆို ဟိုကို လုံးဝမပြန်တော့ဘူးလား၊ ကိုသန့်မိသားစုကရော ပြန်လာကြမှာလား"
"ဟိုကိုက ခဏပြန်ရဦးမယ်၊ ကိုယ်တို့မိသားစုကတော့ အားလုံးပြန်လာကြမှာ၊ ဒယ်ဒီနဲ့မာမီက အသက်တွေကြီးလာတော့ ဒီမှာပဲ ပြန်နေချင်ကြတော့တာလေ၊ မိဘတွေ၊ မောင်နှမတွေနဲ့ ပျော်ပျော်ပါးပါး ပြန်နေချင်ကြပုံပဲ"
"အွန်း ဟုတ်တာပေါ့၊ ကောင်းတယ်၊ ကောင်းတယ်၊ အန်ကယ်တို့၊ အန်တီတို့ ပြန်ရောက်ကြရင်လည်း ပြောဦး၊ မတွေ့ရတာ တော်တော်ကြာပြီဆိုတော့ နှုတ်ဆက်ပြီး လက်ဆောင်တွေပေးရအောင်လို့"
"လက်ဆောင်မလိုပါဘူးကွာ၊ သူတို့က တတိယသခင်လေး လာတွေ့တယ်ဆိုတာနဲ့တင် ပျော်နေကြမှာသေချာတယ်"
ကိုသန့်၏စကားတို့ကြောင့် သျှန်ယုက ရယ်လိုက်ရင်း...
"လက်ဆောင်ကတော့ ပေးကိုပေးမှာ၊ ဒီလောက်အကြာကြီးမှ ပြန်ရောက်လာကြတာကို မြို့တော်ကနေ ကြိုဆိုပေးရမှာပေါ့၊ အန်ကယ်နဲ့အန်တီတို့က ဘယ်လောက်တောင်အဖိုးတန်တဲ့ ဆရာဝန်ကြီးတွေမလို့လဲ"
"ဟားဟား ဟုတ်ပါပြီကွာ၊ ဒါဆို ကိုယ့်ကိုရော ဘာမှမပေးဘူးလား"
"ပေးမှာပေါ့၊ အဲ့အခါကျ ကိုသန့်တို့ တစ်မိသားစုလုံးရော၊ နောက်ကဒေါက်တာတို့ကိုပါ ပေးမှာမလို့ ကျွန်တော်တို့ပြည်သူတွေကို ကောင်းကောင်းကြီး စောင့်ရှောက်ပေးကြပါဦး"
သျှန်ယုက ထိုသို့ပြောလိုက်ခြင်းကြောင့် ကိုသန့်၏မိတ်ဆွေ ဆရာဝန်နှစ်ယောက်က တလေးတစားနှင့် ကျေးဇူးတင်လိုက်ကြသည်။
"ဟုတ်ကဲ့ပါ သခင်လေး၊ လက်ဆောင်အတွက် ကြိုပြီးကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်ပါတယ် သခင်လေး၊ သခင်လေးရဲ့စကားအတိုင်း ဖြစ်စေရပါမယ်"
ကိုသန့်ကတော့ သူတို့ပြောပြီးနောက်မှပင် ပြန်ပြောလာ၏။
"ကျွန်တော်ကလည်း တတိသခင်လေးရဲ့ အမိန့်တော်အတိုင်းပါပဲ"
ကိုသန့်၏စနောက်တတ်မှုကို သိသောကြောင့် သျှန်ယုလည်း ရယ်လိုက်ရင်း တုံ့ပြန်လိုက်သည်။
"အမိန့်မဟုတ်ပါဘူးဗျာ၊ တောင်းဆိုတာပါ"
ထိုအခါ ကိုသန့်ကလည်း လိုက်ရယ်လိုက်ပြီးနောက် ပြန်ပြောဖို့ ပြင်လိုက်စဉ်...
"ကိုငယ်"
"ဟင်?"
နောက်တွင် သူ့ခါးကိုသိုင်းဖက်ထားကာ ငြိမ်နေခဲ့သူက ခေါ်လာခြင်းမို့ သျှန်ယု၏အာရုံတို့က ချစ်သူဆီသို့ လုံးလုံးလျားလျားကို ကူးပြောင်းသွားကြလေ၏။
"မောင်ဗိုက်ဆာတယ်"
"ဟမ် ဗိုက်ဆာလို့?"
"အင်း၊ တစ်ခုခုသွားစားချင်တယ်၊ ခင်ဗျားအဆင်ပြေရဲ့လား"
တော်ရုံသိပ်မတောင်းဆိုတတ်သူက တောင်းဆိုလာခြင်းကြောင့် သျှန်ယုက ချက်ချင်းလက်ခံလိုက်သည်။
"ဘာလို့အဆင်မပြေရမှာလဲ၊ ဒါဆို ကိုသန့်တို့ကို နှုတ်ဆက်လိုက်ကြမယ်လေ"
"အင်း"
စင်စစ် ဂျိုးဇက်နှင့်သျှန်ယုတို့ဟာ သည်ပွဲတော်ထဲသို့ မဝင်ခင်၌ ဝက်လက်မြေအိုးထမင်းပေါင်း တစ်ပွဲစီနှင့် ဝက်သားလိပ်တို့အား စားခဲ့ကြပါ၏။ ခုန ပွဲဈေးကိုလျှောက်တုန်းကလည်း ဂျိုးဇက်က ဝက်သားတုတ်ထိုးကိုသာ မစားခဲ့ပါသည့်တိုင် အခြားအရာများကိုတော့ ချစ်သူက အတင်းခွံ့ကျွေး၍ စားခဲ့သည်သာ။
သို့ဖြစ်ရာ သျှန်ယုတစ်ယောက် ချစ်သူထံမှ 'ဗိုက်ဆာတယ်' ဟူ၍ ကြားလိုက်ရတော့ အံ့ဩသွားခဲ့ပါသော်ငြား အခြားလူများရှေ့၌ မေးခွန်းမထုတ်တော့ဘဲ လက်ခံပေးလိုက်ပြီး နှုတ်ဆက်စရာရှိသည်ကိုသာ နှုတ်ဆက်လိုက်လေသည်။
"အရင်နှုတ်ဆက်ရတာ အားနာပေမဲ့ ကျွန်တော်တို့ကို ခွင့်ပြုကြပါဦး၊ နောက်ရက်မှပဲ တစ်ခုခုလိုက်ကျွေးပါ့မယ်၊ အစ်ကိုတို့အားလုံး အားတဲ့တစ်ရက်ညှိပြီး ကျွန်တော့်ကို ဆက်သွယ်ပေးကြပါ"
သျှန်ယုက ထိုသို့ပြောပြီးသည့်နောက် သက်တော်စောင့်ခေါင်းဆောင်ထံမှ ပိုက်ဆံအိတ်ကို တောင်းလိုက်ပြီး သူ့ Personal Phone Number ပါသော လိပ်စာကဒ်ကိုထုတ်ကာ ကိုသန့်အား ပေးလိုက်၏။
ထိုအခါ ကိုသန့်နှင့်သူ့မိတ်ဆွေတို့ကလည်း နှုတ်ဆက်စကားတို့ကို တလေးတစားဆိုကာ သျှန်ယုအား အရိုအသေပေးလိုက်ကြလေသည်။
ထိုအချိန်အထိ စိတ်ရှည်စွာစောင့်နေခဲ့ရသော ဂျိုးဇက်ကတော့ ထိုသို့နှုတ်ဆက်ပြီးကြသည်နှင့် ချစ်သူအား ပုခုံးမှဖက်ကာ ပွဲတော်၏အပြင်ဘက်သို့ ဆွဲခေါ်သွားလိုက်ပါတော့၏။
"မောင် တကယ်ကြီး ဗိုက်ပြန်ဆာနေတာလား"
"....."
ချစ်သူ၏ခေါ်ဆောင်ရာနောက် လိုက်သွားရင်း ခပ်လှမ်းလှမ်းကိုရောက်တော့မှ သျှန်ယုက မေးလိုက်ခြင်းဖြစ်ပြီး ဂျိုးဇက်ကတော့ ပြန်မဖြေပါချေ။
ထို့ကြောင့် သျှန်ယုကပင် ထပ်မေးလိုက်သည်။
"အခုက ဘယ်သွားမလို့လဲ၊ ကားပါကင်ဆီလား"
"....."
တစ်ဖက်မှအဖြေဟာ ဆက်လက်တိတ်ဆိတ်နေဆဲမို့ သျှန်ယုတစ်ယောက် ပင့်သက်ရှိုက်လိုက်မိ၏။
'ဘာကိုကောက်သွားပြန်တာလဲ။'
"မောင့်ကို ကိုယ်နောက်ဆုံးတစ်ကြိမ်မေးမယ်၊ အခု ဘယ်သွားနေတာလဲ"
"....."
သူသတိပေးလိုက်တာတောင် ဂရုမစိုက်သူကြောင့် သျှန်ယု၏မျက်နှာလေးက ချက်ချင်းတင်းသွားတော့သည်။ ထို့နောက် အောက်နှုတ်ခမ်းလေးကို ဖိကိုက်လိုက်ရင်း သူ့ပုခုံးထက်မှ အယ်လ်ဖာ၏လက်ကို တွန်းချပစ်လိုက်ပါသော်ငြား တစ်ဖက်က အားနှင့်သာ ပြန်တုံ့ပြန်လာပါ၏။
သျှန်ယု၏စိတ်ထဲ ပို၍မကျေမနပ်ဖြစ်သွားပါသည့်တိုင် သူတို့က လူမြင်ကွင်းထဲ၌ ရှိနေဆဲမို့ ရုပ်ပျက်အောင်တော့ မလုပ်နိုင်ပါချေ။ ထို့ကြောင့် သူက ငြိမ်ငြိမ်လေးသာ ဆက်လိုက်သွားလိုက်သည်။
သူတို့ပတ်လည်မှ သက်တော်စောင့်များကတော့ ရာသီဥတုအခြေအနေမကောင်းကြောင်း ရိပ်မိသွားကြသောကြောင့် အားလုံး သတိအနေအထား ဖြစ်ကုန်ကြပါ၏။
ဂျိုးဇက်က သျှန်ယုအား သူ့ကားဆီသို့သာ တစ်ခါတည်းဆွဲခေါ်သွားခဲ့သည်။ အလာတုန်းကလည်း သူ့ကားကို ကိုယ်တိုင်မောင်းကာ ချစ်သူနှင့် နှစ်ယောက်တည်း တစ်စီးတည်းစီးခဲ့ခြင်း ဖြစ်၏။
ထိုစဉ်ကတော့ နှစ်ယောက်သားက တစ်နေ့လုံး ကြည်နူးစရာများနှင့်ပြည့်နေခဲ့သည်မို့ ပျော်ရွှင်နေခဲ့ကြပြီး တီတီတာတာစကားတို့ကိုသာ ဆိုခဲ့ကြကာ အချင်းချင်းလည်း အနမ်းတို့ မကြာခဏ ဖလှယ်ခဲ့ကြသေးသည်။
သို့ပေသည့် ယခု၌ သူတို့၏စိတ်အခြေအနေတို့ဟာ ထိုအချိန်ကနှင့် ပြောင်းပြန်ဖြစ်နေကြတော့ပြီပင်။ ထို့ကြောင့် သူတို့၏ကား လမ်းမထက်သို့ ရောက်သွားချိန်ထိတိုင် နှစ်ယောက်ကြားလေထုက တိတ်ဆိတ်နေဆဲဖြစ်၏။
သူတို့ကား၏ ရှေ့၊ နောက်နှင့် နံဘေးတို့တွင် သက်တော်စောင့်ကားများ ခြံရံလျက်ရှိနေကြပြီး သည်နေ့ဟာ ပွဲတော်ရက်ဖြစ်သောကြောင့် ပုံမှန်ထက်ပိုပြီး လုံခြုံရေးယူထားကြခြင်းပါပေ။ သူတို့အဖွဲ့ ပွဲတော်မှ စောထွက်သွားပြီးဖြစ်ကြောင်းကိုတော့ သက်တော်စောင့်ခေါင်းဆောင်က သက်ဆိုင်ရာအဖွဲ့အစည်းကို အကြောင်းကြားလိုက်ပြီးဖြစ်သည်။
မိနစ်နှစ်ဆယ်ခန့်အကြာ၌ ဂျိုးဇက်က ပိတောက်ပင်လမ်းဟု ခေါ်တွင်သော လမ်းထဲသို့ဝင်ရန် Signal ပြလိုက်၏။
ပိတောက်ပင်လမ်းဟူသည်ကား နာမည်နှင့်လိုက်ဖက်အောင်ပင် လမ်းဘေးဝဲယာတို့၌ ပိတောက်ပင်ကြီးများဖြင့် အုံ့အုံ့ဆိုင်းဆိုင်းရှိနေသော လေးလမ်းသွား ကားလမ်းဖြစ်သည်။ ဘေးနှစ်ဖက်၌ တစ်ဖက်တွင် အမျိုးသားဥယျာဉ်ရှိပြီး ကျန်တစ်ဖက်တွင်တော့ ဘောလုံးကွင်းရှိနေရာ ယခုကဲ့သို့ ညပိုင်း ဥယျာဉ်ပိတ်ချိန်မျိုးတွင် ပိတောက်ပင်လမ်းထဲ၌ ကားအသွားအလာ အနည်းငယ်သာ ရှိတတ်ပါ၏။
သည်နေ့ကတော့ ပွဲတော်ရက်ဖြစ်သည့်အားလျော်စွာ လမ်းထဲ ကားအဝင်အထွက်က ပုံမှန်ရက်များထက် ပိုရှိပါသည့်တိုင် လမ်းမကြီးကဲ့သို့တော့ မရှုပ်ပါချေ။
ဂျိုးဇက်ဟာ ပိတောက်ပင်ကြီးတစ်ပင်၏ အရိပ်ကျရာအောက်၌ ကားကို ရပ်လိုက်လေသည်။ ကားအတွင်း၏ မီးရောင်က အထဲ၌ လင်းနေပါသော်ငြား မှန်အနက်များ ကာရံထားခြင်းကြောင့် ပြင်ပမှ ထွင်းဖောက်မမြင်ရနိုင်ပါ။
"မင်းပြောတော့ ဗိုက်ဆာတယ်ဆို"
"မဆာတော့ဘူး"
နှစ်ယောက်သားဟာ မျက်နှာတို့ တည်တင်းနေကြပြီး တစ်ယောက်နှင့်တစ်ယောက် မကြည့်ဘဲ လေသံတောင့်တင်းတင်းတို့ဖြင့် စကားပြောလိုက်ကြခြင်း။
ထိုသို့ပြောပြီးနောက် လေထုက ပြန်လည်ငြိမ်သက်သွားပြန်၏။
၅ မိနစ်ကြာ ငြိမ်နေကြပြီးနောက် ဂျိုးဇက်က သျှန်ယု၏လက်တစ်ဖက်ကို ဆွဲယူဆုပ်ကိုင်လိုက်ပြီး နှုတ်မှတော့ ဘာမှမပြောဘဲ Steering Wheel ထက် လွတ်နေသောလက်ကိုတင်ကာ ခေါင်းမှောက်ချလိုက်သည်။
ထိုအချင်းအရာကြောင့် သျှန်ယု ဘာပြောရမှန်းမသိ ဖြစ်သွား၏။
'ဒါကဘာလဲ။ ငါ့ကို ဘာလုပ်စေချင်တာတုန်း။'
သျှန်ယုတစ်ယောက် သူဘာမှားခဲ့သည်လဲဟူ၍ အရင်စိစစ်လိုက်မိသည်။ ကိုသန့်နှင့် စကားပြောစဉ်တောက်လျှောက် သူ့ဘက်မှ ပုံမှန်အတိုင်းဖြစ်ပြီး အခြားအယ်လ်ဖာမိတ်ဆွေများအပေါ် ဆက်ဆံသကဲ့သို့သာ ဖြစ်၏။
သူ့ထံ၌ အယ်လ်ဖာမိတ်ဆွေများလည်း များစွာရှိကြပြီး ရင်းနှီးလျှင်ရင်းနှီးသလောက် ညီအစ်ကိုဆက်ဆံရေးများ ရှိသည်ဆိုတာကိုလည်း ဂျိုးဇက်က မသိသူမဟုတ်ပါချေ။
'အခြားလူတွေနဲ့ကျ အကောင်းပဲကို ကိုသန့်ကျမှ ဘာလို့သဘောမကျဖြစ်နေတာလဲ။'
သျှန်ယုဟာ သက်ပြင်းဖွဖွချလိုက်ရင်း သူ့စိတ်သူ လျှော့လိုက်မိသည်။ အပြင်လူတစ်ယောက်ကြောင့် ချစ်သူက သဘောမကျဖြစ်နေတာကို တင်းခံပြီး ပြဿနာရှည်အောင်လုပ်စရာတော့ အကြောင်းမရှိပါချေ။
"မောင် ကိုသန့်ကို သဘောမကျဘူးလား"
"သူ ခင်ဗျားအပေါ် မရိုးသားဘူး"
"မဖြစ်နိုင်တာ၊ ကိုယ်တို့က ငယ်ငယ်လေးကတည်းက ရင်းနှီးလာကြတာလေ၊ မရိုးသားဘူးဆိုရင် ကိုယ့်ကို မပြောရဲစရာမှမရှိဘဲ"
"ကျုပ်တောင် ခင်ဗျားချစ်သူဖြစ်နေတာကို သူမရိုးသားတာ မဖြစ်နိုင်ဘူးလို့ ပြောရဲသေးလား"
ဂျိုးဇက်က ခေါင်းမှောက်ထားရာမှ ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ရင်း သျှန်ယုအား လှည့်ကြည့်ကာ ပြောလိုက်ခြင်း။ သူ့လေသံက ဒေါသကို ထိန်းထားရသည့်အပြင် စိတ်လည်းမရှည်သည့် ပုံစံမျိုးမို့ တစ်ဖက်လူအား ဆူနေသကဲ့သို့ပါပင်။
ထို့ကြောင့် သျှန်ယု၏ မျက်တောင်လေးများက တဖျတ်ဖျတ်ခတ်သွားကြ၏။ သူ့စိတ်ထဲ သည်လောက်ကိစ္စလေးနှင့် ဝမ်းမနည်းသင့်ကြောင်း သတိကပ်ထားပါသော်ငြား နှာသီးဖျားလုံးလုံးလေးကတော့ အနည်းငယ်နီမြန်းလာသည်သာ။
အထူးသဖြင့် သူက တစ်ထစ်လျှော့ပေးလိုက်တာတောင် တစ်ဖက်က ဆက်လက်တင်းမာနေဆဲမို့ ပို၍ဝမ်းနည်းလာရခြင်းပါပေ။
ဂျိုးဇက်ဟာ သျှန်ယု၏ ထိုပုံစံလေးကြောင့် ဘာမှဆက်မပြောပါသည့်တိုင် ချော့လည်းမချော့ဘဲ စိုက်ကြည့်နေလိုက်သည်။ သူက ချစ်သူ၏လက်ကလေးကိုတော့ ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်ပြီး နှစ်သိမ့်ပေးဟန် ပွတ်သပ်မှုမျိုးကိုတော့ မလုပ်ပါသေးချေ။
ခုနေသာ သူချော့မိလျှင် သျှန်ယုမဟာနွယ်တို့ ဝမ်းနည်းတကြီး ငိုချလိုက်တာနှင့် ဇာတ်လမ်းပြတ်သွားလိမ့်မည်။ သည်အစ်ကိုပေါက်စလေးဟာ တစ်ခါတလေကျ လည်မလိုနှင့် အရမ်းတုံးလွန်းပါ၏။
ထို့ကြောင့်လည်း အူတူတူလေးနှင့် သူ့ချစ်သူဖြစ်လာခဲ့ခြင်းပါပင်။
"သျှန်ယုမဟာနွယ်"
"ဘာလဲ"
လေသံတင်းတင်းနှင့် နာမည်အပြည့်အစုံခေါ်လိုက်သည်မို့ ဝမ်းနည်းနေသည့်ဟန်မှ စိတ်တိုသွားဟန်ဖြင့် ပြန်ထူးလာသည်မှာ ချစ်စဖွယ်အတိ။
"ကျုပ်ကိုကြည့်"
"မကြည့်ဘူး"
သျှန်ယုဟာ ထိုသို့ပြောပြီးနောက် ရှေ့တည့်တည့်သို့လှည့်ထားသော စူပုပ်ပုပ်မျက်နှာလေးအား ဂျိုးဇက်နှင့် ဆန့်ကျင်ဘက်သို့ပင် လှည့်လိုက်ပါသေးသည်။
ထို့ကြောင့် ဂျိုးဇက်က မေးဖျားသေးသေးလေးကို လှမ်းကိုင်ကာ မျက်နှာလေးအား သူ့ဘက်သို့ ဆွဲလှည့်လိုက်တော့ ကျရောက်လာသော တတိယသခင်လေး၏မျက်စောင်းက အတော်လေးပြင်းပါ၏။
အယ်လ်ဖာကြီးကတော့ ဘာကိုမှဂရုမစိုက်စွာဖြင့် မျက်နှာလှလှလေးနားသို့ သူ့မျက်နှာကို တစ်ထွာလောက်အကွာအထိ နီးစပ်စေလိုက်သည်။ ပြီးနောက် သတိပေးသောလေသံဖြင့် ဆိုလိုက်၏။
"သေချာနားထောင် သျှန်ယုမဟာနွယ်၊ ကျုပ်က ခင်ဗျားချစ်သူမလို့ ခင်ဗျားနဲ့ပတ်သက်လာရင် ဘယ်ကောင်က ဘယ်ခြေလှမ်းလှမ်းနေတယ်၊ ဘယ်လိုမျက်လုံးမျိုးနဲ့ ကြည့်နေတယ်ဆိုတာ ခင်ဗျားထက် ပိုသိတယ်၊ ပိုမြင်တတ်တယ်၊ အယ်လ်ဖာအချင်းချင်းဆိုရင် ပိုပြီးခံစားလို့ရတယ်၊ အဲ့ဒါကြောင့် ကျုပ်ဘက်က တစ်ခုခုပြောရင် အတင်းလာမငြင်းနဲ့၊ ကျုပ် ခင်ဗျားကို အရမ်းသဝန်တိုတတ်တာ မှန်ပေမဲ့ ခင်ဗျားရဲ့လူမှုရေးတွေကို ပျက်လောက်အောင် ဘာမှမလုပ်ဘူး"
"....."
"ခင်ဗျားပျော်ပျော်နေတတ်တာ၊ လူတွေကို ခင်တတ်တာ၊ တရင်းတနှီးနေတတ်တာ အားလုံးကို နားလည်ပေးနိုင်ဖို့ ကြိုးစားနေတယ်၊ ဒါပေမဲ့ ကျုပ်က တစ်ဖက်လူ ဘာဆိုပြီး သတိပေးလာရင် ဆင်ခြင်လိုက်၊ မဖြစ်မနေတွေ့စရာရှိရင် ကျုပ်ကိုခေါ်၊ အတူသွားတွေ့မယ်၊ ခင်ဗျားဘက်ကလည်း ခင်ဗျားချစ်သူက အရမ်းတွန့်တိုတတ်တာကို အမြဲသတိရပေး၊ ကျုပ်ဘက်ကိုလည်း ကြည့်ပေး၊ ကျုပ်က ခင်ဗျားကို အယ်လ်ဖာတစ်ယောက်က မပြောနဲ့၊ အိုမီဂါက ထိရင်တောင် သဝန်တိုတယ်၊ အဲ့ဒါကြောင့် ခင်ဗျားအပေါ် မရိုးသားတဲ့လူနဲ့ ထပ်တွေ့ဖို့လုပ်နေတာ သဘောမကျဘူး၊ ဒါပေမဲ့ လူမှုရေးရှိတာမလို့ သွားတွေ့တဲ့နေ့ ကျုပ်ကိုပါ ခေါ်သွား၊ နောက်လည်း မဖြစ်မနေတွေ ထပ်ရှိသေးရင် အတူသွားမယ်၊ မတော်တဆ လမ်းမှာဆုံတာမျိုး၊ သူက အလုပ်ကို လာတွေ့တာမျိုးဆိုလည်း ကျုပ်ဆီ ဖုန်းဆက်လိုက်၊ အဲ့လိုတွေ့ရပြီဆို အနားမှာ သက်တော်စောင့်တွေထားထား၊ ကျုပ်ပြောတာ နားလည်လား"
သျှန်ယုဟာ ဝမ်းနည်းစိတ်တိုနေသည့်ကြားမှ ချစ်သူ၏ မှာတမ်းအရှည်ကြီးကြောင့် ရယ်ရခက်၊ ငိုရခက်ဆိုသလို ခံစားလိုက်ရသည်။
"ကိုငယ်"
"အွန်း"
လေသံကိုလျှော့လိုက်တော့မှ ပြန်တုံ့ပြန်လာသည်မို့ ဂျိုးဇက်၏ မျက်ဝန်းများဟာလည်း အနည်းငယ်နူးညံ့ဟန်တို့ ဝင်ရောက်လာကြ၏။ ထို့နောက် သူဟာ လက်တစ်ဖက်ဖြင့် ချစ်သူ၏မေးဖျားလေးကို ဆုပ်ကိုင်ထားရာမှ မျက်နှာသေးသေးလေးအား လက်အစုံဖြင့် ပင့်ကိုင်လိုက်တော့ လှပလွန်းသည့် မျက်နှာလေးက သူ့လက်ဖဝါးတို့ကြား နစ်မြုပ်နေတော့၏။
ဂျိုးဇက်ဟာ ချစ်သူ၏မျက်နှာလေးကို အနီးကပ် သေချာစိုက်ကြည့်နေမိရင်းဖြင့် နဖူးပြင်ကျဉ်းကျဉ်းလေးထက် တမြတ်တနိုးနမ်းကာ ဆိုလိုက်သည်။
"မောင် ခင်ဗျားနဲ့ ရန်မဖြစ်ချင်ဘူး"
"ဒါဆို မောင်စိတ်မတိုနဲ့ပေါ့၊ စိတ်တိုလည်း ကိုယ့်ကိုလှစ်လျူရှုတာမျိုး၊ အော်တာ၊ ဆူတာမျိုး မလုပ်ရင် ဖြစ်သေးတယ်"
"ခင်ဗျားက အရမ်းအလိုက်သိတာကိုး"
"ဒါပေမဲ့ အမှားလည်း ဘာမှမရှိတာကို စိတ်တိုပြီး လာဆူနေတာတော့ မခံနိုင်ဘူးလေ၊ မင်းကိုက အမြဲတမ်း ကိုယ့်ကိုဆို စိတ်တိုမယ်၊ အော်မယ်၊ ဆူမယ်လို့ချည်း တွေးနေတာပါ၊ အရင်ကတည်းက ခုချိန်ထိ တူတူပဲ"
"ခင်ဗျားကို ဘယ်လောက်ဂရုစိုက်ပြီး ချစ်တယ်ဆိုတာကျ ထည့်မပြောတော့ဘူးလား"
ဂျိုးဇက်က မေးလိုက်တော့ သျှန်ယုက 'သူမကျေနပ်သေးပါ' ဟူသည့် ပုံစံလေးနှင့် နှာခေါင်းလေးကို ရှုံ့ပြလိုက်ရင်း...
"ဘာဖြစ်ဖြစ် လေသံမာပြီး လာပြောတာကိုတော့ မကျေနပ်သေးဘူး"
"လေသံပျော့မိရင် ခင်ဗျားက ငိုမှာလေ"
"ဪ အဲ့ဒါကြောင့် 'သေအောင်ပဲ စိတ်တိုလိုက်' ဆိုတဲ့သဘောနဲ့လား"
ရန်တွေ့လာသော ချစ်သူကြောင့် ဂျိုးဇက် အသည်းယားသွားရပြီး ခန္ဓာကိုယ်ငယ်လေးကို ရင်ခွင်ထဲ ပွေ့ဖက်လိုက်မိတော့၏။
"ငိုလိုက်တိုင်း ရှိုက်ကြီးတငင်ဆိုတော့ ခင်ဗျားအရမ်းပင်ပန်းရလို့"
"မပင်ပန်းပါဘူး၊ ကိုယ်က ငိုပြီးရင် အကုန်သက်သာသွားရော"
"ဒါဆို အခု ငိုချင်သေးရင် ငိုလိုက်"
ဂျိုးဇက်၏စကားအဆုံး သျှန်ယု၏ လေသံထွက်ရုံရယ်သံလေးက ထွက်လာလေသည်။ ပြီးနောက် သျှန်ယုက သူ့ညာဘက်ပါးလေးနှင့် ချစ်သူ၏ရင်ခွင်ထက် အသာလေးပွတ်သပ်ကာ ချွဲလိုက်ရင်း ပြန်ပြောလိုက်၏။
"ခုမှတော့ ဘယ်လိုလုပ် ငိုလို့ရတော့မှာလဲ၊ မောင့်စကားတွေကြောင့် ရယ်တောင်ရယ်ချင်နေပြီကို"
"ကျွန်တော်က ရယ်စရာပြောမိလို့လား"
"မပြောလည်း ရယ်ချင်လို့မရဘူးလား၊ ကိုယ့်ချစ်သူကောင်လေးက သဝန်တိုနေတာကို သဘောကျလို့ ပြုံးချင်၊ ရယ်ချင်နေတာလေ၊ ဘာလဲ၊ မရယ်ရဘူးလား"
သျှန်ယုဟာ ထိုသို့ပြောလိုက်ပြီးနောက် ခန္ဓာကိုယ်လေးကို အသာကြွလျက် ခေါင်းမော့လိုက်ကာ ချစ်သူ၏ ကြည့်ကောင်းလွန်းသော လည်ဇလုပ်နေရာအား နှုတ်ခမ်းလေးနှင့် ဖိကပ်နမ်းလိုက်လေသည်။
ထိုအခါ ခန္ဓာကိုယ်ငယ်လေးအား ဖက်တွယ်ထားသော အယ်လ်ဖာကြီး၏လက်အစုံက မသိမသာ တင်းကြပ်တောင့်တင်းသွားကြ၏။
သို့ပေသည့် လပြည့်နေ့ဖြစ်သောကြောင့် အယ်လ်ဖာကြီးဟာ လည်ချောင်းတစ်ချက်ရှင်းလိုက်ရင်း အဆင့်မြင့်အယ်လ်ဖာတစ်ယောက်၏ သားရဲစိတ်တို့အား အပြည့်အဝထိန်းသိမ်းထားလိုက်သည်။
"ကျွန်တော်တို့ တစ်ခုခုသွားစားကြမလား"
ဂျိုးဇက်က သျှန်ယုကို ပွေ့ဖက်ထားရာမှ လွှတ်ပေးလိုက်ပြီး မေးလိုက်ခြင်း။ ချစ်သူ၏အသံဟာ အနည်းငယ် သက်တောင့်သက်သာမရှိသလို ဖြစ်နေသည်ဆိုတာကိုတော့ သျှန်ယုတစ်ယောက် သတိမထားမိပါချေ။
"မောင်ပြောတော့ ဗိုက်မဆာတော့ဘူးဆို"
"အခုဆာလာပြီ"
"ဒါဆိုလည်း မောင်ကြိုက်တဲ့ဆိုင်ကို မောင်းလိုက်လေ၊ ကိုယ်က ဘာဖြစ်ဖြစ်အဆင်ပြေတယ်"
"အင်း"
စင်စစ် သားရဲကောင်ကြီးဟာ ယုန်ဖြူသားကိုသာ ဆာလောင်နေခြင်းဖြစ်ပါသော်ငြား ယုန်ဖြူလေးကတော့ လုံးဝမရိပ်မိပါချေ။
ဘာသာတရားအပေါ် လေးစားမှုရှိသော သားရဲကြီးဖြစ်သောကြောင့် ယုန်ဖြူလေးကလည်း ကံကောင်းသွားခဲ့ခြင်း ဖြစ်၏။ မဟုတ်ပါက အသားကြိုက်သော သားရဲကြီးအနေနှင့် သူ၏ စားသောက်ဖွယ်ရာလေးအား အသွေးကိုဖောက်သောက်၊ ချိုမြိန်သောအသားလေးများအား နှစ်ခြိုက်စွာ စားသုံးပစ်လိုက်မည်မှာ အသေအချာပင် ဖြစ်ပါသည်။
ဂျိုးဇက်ဟာ ကားမောင်းနေစဉ်တစ်လျှောက် ချစ်သူနှင့် စကားတစ်ခွန်းစ၊ နှစ်ခွန်းစ ပြောပေးရင်း တစ်ချက်တစ်ချက် မသိမသာပင့်သက်ရှိုက်မိပါ၏။
သည်နေ့တစ်နေ့လုံး၌ လူကြီးမိဘများနှင့် သက်ကြီးဝါကြီးများကို လိုက်ကန်တော့ခြင်း၊ အငယ်များ၏ ကန်တော့ခြင်းကို ပြန်ခံယူရခြင်းတို့နှင့် ဖြတ်သန်းခဲ့သည်မို့ အခြားသော စိတ်ရှုပ်စရာအတွေးများပင် မဝင်နိုင်ခဲ့ပါချေ။
အရင်နှစ်တွေတုန်းက ဂျိုးဇက်နှင့်သျှန်ယုတို့ဟာ မတည့်ခဲ့ကြသောကြောင့် အရွယ်ရောက်ပြီးချိန်မှစ၍ သီတင်းကျွတ်သို့ရောက်တိုင်း ဂျိုးဇက်သည် သျှန်ယုအား လုံးဝမကန်တော့ခဲ့။ သို့ပေသည့် သည်နှစ်တွင်တော့ နိုဗယ်တို့မိသားစုနှင့်အတူ မဟာနွယ်မောင်နှမ အကြီးသုံးယောက်အား တစ်ခါတည်းဝင်ကန်တော့ခဲ့သည်။
ထိုအချိန်တုန်းကဆို သျှန်ယု၏မျက်နှာက ပြုံးစိစိနှင့် မျက်နှာပိုးလုံးဝသတ်မရသော ပုံစံမျိုးဖြစ်နေခဲ့သည်မို့ အားလုံး ရယ်ခဲ့ကြပါသေး၏။ ထို့နောက် သျှန်ယုဟာ သိသိသာသာပင် မျက်နှာလိုက်ပြီး အကြီးဆုံး ရွှေရောင်မုန့်ဖိုးအိတ်ကြီးကို ချစ်သူအား ပေးခဲ့သည်။
နိုဗယ်က မကျေမနပ်ဖြင့် 'မတရားဘူး'ဟု အော်လိုက်တော့ သျှန်ယုက ရယ်မောရင်း ပြန်ပြောခဲ့ပါ၏။
"အဲ့ဒါတွေက သူကိုယ့်ကို မုန့်ပြန်ဝယ်ကျွေးတာနဲ့ ကုန်မှာလေ၊ မင်းလည်း ဝယ်ကျွေးချင်တယ်ဆိုရင် နောက်တစ်အိတ်ထပ်ပေးမယ်၊ ဘယ်လိုလဲ"
"တော်ပါပြီ၊ အသားတင်ရတာပဲ ယူတော့မယ်၊ အိတ်မစိုက်ချင်တော့ဘူး"
နိုဗယ့်အပြောကြောင့်လည်း အားလုံး ပွဲကျသွားခဲ့သေးသည်။
ဂျိုးဇက်ဟာ နေ့လယ်ကအကြောင်းတို့ကို ပြန်တွေးလိုက်မိတော့ တစ်ဆက်တည်းမှာပင် အချိန်ယန္တရားဆိုသည့်အရာက ခေါင်းထဲသို့ ဝင်ရောက်လာ၏။ ထို့နောက် သူ့အတွေးတို့ထဲ မေးခွန်းအနည်းငယ် ပေါ်ပေါက်လာတော့သည်။
'အဲ့အကြောင်းတွေသာအမှန်ဆိုရင် ယန္တရားမလှည့်ခင်က ကိုငယ့်ကို နှစ်တိုင်း ကန်တော့ဖြစ်ခဲ့တာလား။ ငါ့ရဲ့မုန်းတီးခဲ့စိတ်က တကယ်ပဲ အမှန်မဟုတ်ဘူးလား။'
'တကယ်ပဲ သူ့ကို ဆယ်ကျော်သက်အရွယ်ကတည်းက ချစ်မိခဲ့တာလား။'
ထိုသို့တွေးလိုက်ပြီးနောက်မှ သူဟာ ချစ်သူသတိထားမိသွားမည်စိုး၍ အတွေးတို့ကို အမြန်ဖြတ်လိုက်ပါတော့၏။
***
ပြင်ပ၌ သီတင်းကျွတ်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေကြစဉ် အထူးစုံစမ်းစစ်ဆေးရေးဌာနချုပ်၏ ညွှန်ချုပ်အိမ်ရာတွင်တော့ စိတ်မကောင်းဖွယ် အငွေ့အသက်တို့နှင့်သာ ပြည့်နှက်နေပါ၏။
"ပါပါးက ဒီလောက်တောင်ဖြစ်နေတာကို ဘာလို့ ကျွန်တော့်ကို မပြောကြတာလဲ၊ ကျွန်တော်သာပြန်မလာခဲ့ရင် တစ်သက်လုံးမပြောတော့ဖို့ တွေးထားကြတာလား၊ ကျွန်တော်က ပေါ့တို့၊ ပါပါးတို့ တစ်ခုခုဖြစ်ရင် သိခွင့်မရှိတဲ့လူလား"
အက်စ်က ဖခင်ဖြစ်သူ ညွှန်ချုပ်အား ပြောနေခြင်းဖြစ်ပြီး သူ့အသံဟာ သိသိသာသာကို တုန်ယင်နေလေသည်။ ယခု၌ သူတို့သားအဖဟာ အိပ်ခန်းတစ်ခုရှေ့တွင် မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေကြလျက် အက်စ်၏နောက်တွင်တော့ ရတုက တိတ်ဆိတ်စွာပင် ရှိနေ၏။
အက်စ်နှင့်ရတုတို့သည် ရတု၏အိမ်တွင် ညနေပိုင်းအထိ နေခဲ့ကြပြီးနောက် ပြင်ပတွင် ညမှောင်သည်အထိ စိတ်တိုင်းကျလည်ပတ်ခဲ့ကြအပြီးမှ ညွှန်ချုပ်၏အိမ်ရာသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
သည်အိမ်ရာထဲသို့ ဝင်ခါနီး၌ အက်စ်က ပြောခဲ့ပါသေး၏။
"ငါ့အဖေနှစ်ယောက်ကတော့ တကယ့်စံပဲ၊ ဒီလိုရက်မှာ ငါခုထိပြန်မလာတာတောင် ဖုန်းတစ်ချက်မဆက်ကြဘူး၊ ငါကလည်း အချို့နှစ်တွေဆို ခရီးလွန်နေတာနဲ့ ရက်စွဲတွေဘာတွေ မေ့နေရော၊ ပွဲတော်ကာလလွန်မှ ပြန်ကန်တော့ရတာ နှစ်ကြိမ်၊ သုံးကြိမ်လောက် ရှိဖူးတယ်"
ရတုကလည်း ပြန်ပြောခဲ့ပါ၏။
"ခင်ဗျားလွန်တာပေါ့၊ လူကြီးတွေက ခင်ဗျားကန်တော့တာခံဖို့ ဖုန်းဆက်ခေါ်ရဦးမှာလား"
ထိုအခါ အက်စ်က သဘောတကျဟန်ဖြင့် ရယ်မောခဲ့သည်။ ယင်းသို့ ရယ်ရယ်မောမော အချိန်ကာလသည်ကား အိမ်ထဲသို့ရောက်သည်နှင့် ကုန်ဆုံးသွားမည်ဆိုတာကိုတော့ သူတို့ အနည်းငယ်မျှပင် မရိပ်မိခဲ့ကြပါချေ။
အကြောင်းမူကား နိုက်ဖ်ဂိုဏ်းချုပ် ဦးခန့်ညားဦးသွင်ဟာ မနေ့မနက်ပိုင်း မြို့စွန်ဘက်ရှိ မိတ်ဆွေတစ်ယောက်ဆီသို့အသွား၌ တိုက်ခိုက်မှုတစ်ခုနှင့် ကြုံခဲ့ရပြီး သေနတ်ဒဏ်ရာရခဲ့ပါ၏။
မြို့စွန်ဘက်ခြမ်းတွေဟာ လူနေအိမ်နည်းလွန်းလှသည်မို့ ထိုကဲ့သို့အခြေအနေများ မကြာခဏဖြစ်တတ်သည်။ ထို့ပြင် မနေ့ကတိုက်ခိုက်မှု၌ နှစ်ဦးနှစ်ဖက် အသံတိတ်သေနတ်များကိုသာ သုံးခဲ့ကြသောကြောင့် မည်သည့်သတင်းတို့မှ တက်မလာခဲ့ခြင်း ဖြစ်၏။
ဂိုဏ်းချုပ်နှင့်အတူ ကားတစ်စီးတည်း၌ရှိခဲ့ကြသော ဒရိုင်ဘာနှင့်လက်ထောက်တို့ဟာလည်း ဒဏ်ရာကိုယ်စီ ရခဲ့ကြပါသည်။ သူတို့အားလုံးသည် လျှို့ဝှက်အမှုထမ်းများဖြစ်ကြပါသော်ငြား တစ်ဖက်မှ ကားနှစ်စီးနှင့်လာကြပြီး လက်နက်တို့ကို လုံလုံလောက်လောက်သုံး၍ တိုက်လာကြသောအခါ အမြန်ဆုံးရှောင်ထွက်ပြီး ပြန်လည်ပစ်ခတ်နိုင်ခဲ့တာတောင် ဒဏ်ရာတို့တော့ ရခဲ့ကြသည်သာ။
သူတို့စီးခဲ့သော ကျည်ကာမှန်များကိုသာသုံးထားသည့် ကားသည်လည်း ထိုမှန်များကိုဖောက်နိုင်သော ကျည်ဆံများနှင့်တွေ့တော့ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပါ၏။
သုံးယောက်ထဲ၌ ဂိုဏ်းချုပ်က ဒဏ်ရာအပြင်းဆုံးဖြစ်ပြီး သူတို့ဟာ ဌာနချုပ်ဆီသို့သာ အမြန်ပြန်ကြလျက် ဆေးကုသမှု ခံယူခဲ့ကြသည်။ သွားရာလမ်းတွင် ဂိုဏ်းချုပ်က ခင်ပွန်းဖြစ်သူကို ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ခွဲစိတ်မှုပြီးသည့်နောက် သူသတိရလာသည့်အခါ အိမ်တွင်သာ ရှိနေချင်ကြောင်း ဆိုခဲ့၏။
ထို့ပြင် သားကို တကူးတက ဖုန်းဆက်ပြီးမပြောဖို့၊ လူဆိုးကောင်လေးက လပြည့်နေ့ကို သတိရပြီး ရောက်လာလျှင်တော့ သိခွင့်ပေးလိုက်ဖို့၊ သားက အရွယ်ရောက်နေပြီမို့ အရာရာကို ဖုံးကွယ်မထားသင့်သော်ငြား သူ့အခြေအနေစိတ်ချရချိန်ကျမှပဲ သိစေချင်သည်ဟူ၍ အားနည်းနေသည့်ကြားမှ ခင်ပွန်းဖြစ်သူအား မှာတမ်းခြွေခဲ့ပါသည်။
ဂိုဏ်းချုပ်ဟာ သူဒဏ်ရာရသည့်အချိန်တိုင်း ခင်ပွန်းဖြစ်သူကိုတော့ ဖုံးကွယ်ထားလေ့မရှိပါချေ။ နှစ်ယောက် ဝေးနေကြလျှင်တောင် ဒဏ်ရာရပြီဆိုလျှင်တော့ အိုမီဂါတစ်ယောက်၏စရိုက်က ပေါ်လာလေ့ရှိပြီး သူမျက်လုံးပွင့်တာနှင့် ခင်ပွန်းဖြစ်သူအားတွေ့ချင်ကြောင်း ဆိုတတ်၏။
ထိုအခါမျိုး၌ ညွှန်ချုပ်ကလည်း မည်မျှပင်အလုပ်ရှုပ်နေပါစေ၊ မည်သည့်နေရာသို့ဖြစ်ပါစေ မရမက သွားတတ်ပါသည်။
ဂိုဏ်းချုပ်သည် မြို့တော်အတွင်း သို့မဟုတ် မြို့တော်နှင့်အနီးအနား၌ ဒဏ်ရာရလျှင်တော့ မည်သည့်နေရာတွင် ကုသမှုခံယူခဲ့ပါစေ၊ ခင်ပွန်းဖြစ်သူကို တောင်းဆိုတတ်၏။
"ကျွန်တော်နိုးလာတာနဲ့ ကျွန်တော်တို့အိမ်မှာပဲ ရှိချင်တယ်"
မည်သို့သောတောင်းဆိုမှုတို့ပင် ဖြစ်ပါစေ၊ ညွှန်ချုပ်ဟာ သူ့ခင်ပွန်း၏ တောင်းဆိုချက်တိုင်းကို မဖြစ်ဖြစ်အောင် လုပ်ပေးတတ်သူ ဖြစ်သည်။
ထို့ကြောင့် မနေ့ကလည်း ခွဲစိတ်မှုပြီးသည့်နောက် စိတ်ချရပြီဆိုတာနှင့် လူနာနှင့်အတူ ဆရာဝန်နှင့်သူနာပြုများကိုပါ သူ့အိမ်ရာသို့ အပါခေါ်သွားခဲ့၏။ လိုအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများကိုလည်း ယူသွားခဲ့ပြီး လူနာကို အနည်းငယ်မျှပင် ထိခိုက်မှုမရှိစေရန် အသေးစိတ်ကအစ ဂရုတစိုက်လုပ်ဆောင်ခဲ့သည်။
ထို့ကြောင့် ယခုအချိန်၌ ညွှန်ချုပ်၏အိမ်ရာဟာ ဆေးရုံကဲ့သို့ပင် ပိုးသတ်ဆေးရနံ့တို့ ရှိနေကြပါ၏။
အက်စ်တစ်ယောက် ဖခင်ဖြစ်သူ၏ ရှင်းပြချက်တို့ကို နားထောင်ပြီးနောက် မျက်လုံးတို့ နီရဲနေရင်း မကျေမချမ်း ပြန်ပြောလိုက်သည်။
"ပေါ့တို့က အမြဲ ဒီတိုင်းချည်းပဲ၊ ဘာပဲဖြစ်ဖြစ် တမင်မလုပ်သလိုနဲ့ ကျွန်တော့်ကို ဖုံးထားကြတယ်၊ ကျွန်တော်က နေချင်သလိုနေပြီး အဆက်အသွယ်လုပ်ရခက်တဲ့ကောင်ဆိုပေမဲ့ ပေါ့တို့သာ လုပ်ချင်ရင် ဘယ်တုန်းကခက်ဖူးလို့လဲ၊ အကယ်၍ ပေါ့တို့ တစ်ခုခုဖြစ်သွားရင် အားလုံးပြီးမှ ကျွန်တော်က သိရမှာလား၊ ဒီတိုင်းဆို အရင်လိုပြန်လုပ်မှပဲ စိတ်ချရတော့မယ်ထင်တယ်"
"မဟုတ်ပါဘူး သားရာ၊ စိတ်ကို လျှော့ဦး၊ မင်းပါပါး ခုထိ သတိမရသေးဘူးဆိုတာ သူ့အလုပ်တွေကြောင့် ပင်ပန်းထားလို့ပါ၊ နောက်ပြီး အရင်လိုလည်း ပြန်လုပ်စရာ မလိုဘူး၊ နောက်ဆို ဘာပဲဖြစ်ဖြစ် အကုန်ပြောပြမယ်"
"ပေါ့တို့နှစ်ယောက်စလုံး ပင်စင်ယူလိုက်တော့၊ ဒီနှစ်ကုန်တာနဲ့ ယူ၊ မယူနိုင်ရင် ကျွန်တော့်ကို သားအဖြစ်က စွန့်လွှတ်လိုက်"
"ဒီပါဦးစီး!!"
ညွှန်ချုပ်၏ ခက်ထန်လွန်းသော ဒေါသသံကြောင့် နောက်တွင်ငြိမ်နေသော ရတုတစ်ယောက် ဆက်လက်ရပ်ကြည့်မနေနိုင်တော့ဘဲ အက်စ်အား သူ့နောက်သို့ အမြန်ဆွဲပို့လိုက်ပြီး သားအဖနှစ်ယောက်ကြား ဝင်လိုက်တော့၏။
"သူက အရမ်းစိုးရိမ်နေလို့ပါ အန်ကယ်၊ ခဏနားပြီးမှပဲ ဆက်ပြောတာ ပိုကောင်းပါလိမ့်မယ်"
သို့ဖြစ်ရာ ညွှန်ချုပ်က သူ့စိတ်သူဖြေသလိုနှင့် သက်ပြင်းချလိုက်ပြီးနောက် ဘာမှဆက်မပြောတော့ဘဲ သားဖြစ်သူကိုသာ တစ်ချက်စိုက်ကြည့်လိုက်အပြီး ခင်ပွန်းရှိရာအခန်းထဲသို့ ဝင်သွားပါတော့သည်။ ထိုအခါမှ ရတုက နောက်လှည့်ကြည့်လိုက်တော့ အက်စ်က ခေါင်းကိုငုံ့ထားရင်း ကြမ်းပြင်ထက်ကိုသာ စူးစူးစိုက်စိုက်ကြည့်နေလျက်။
"အက်စ်"
"ငါမှားတာ ငါသိတယ်၊ ဒီအသက်အရွယ်အထိ ဘာတာဝန်မှမကျေခဲ့ဘဲ ကိုယ်ပဲမှန်နေသလို ပြောလိုက်မိတာ"
"ကျွန်တော်တို့ အတူတူပါပဲ၊ ဒါပေမဲ့ ခင်ဗျားစိတ်ပူတာလည်း မမှားပါဘူး၊ ဘာပဲဖြစ်ဖြစ် အခန်းထဲ ဝင်ရအောင်၊ ဒီည ပြန်သတိရလာဖို့များတော့ နိုးလာတဲ့အချိန် ခင်ဗျားကိုလည်း တွေ့ချင်မှာပဲ"
"သူလား တွေ့ချင်မှာ၊ သူ့ဒဏ်ရာပျောက်မှပဲ တွေ့ချင်လိမ့်မယ်"
"ဒါကလည်း ခင်ဗျားကို စိတ်မပူစေချင်လို့လေ"
"မင်းဘာလို့ နှစ်သိမ့်တဲ့နေရာမှာ ဒီလောက်ထိညံ့ရတာလဲ၊ နောက်ပြီး ပြောနေတဲ့ပုံစံကလည်း တောင့်ဆတ်ဆတ်နဲ့"
အက်စ်၏အပြောကြောင့် ရတုတစ်ယောက် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။ ထိုအခါ အက်စ်က ဘာမှဆက်မပြောတော့ဘဲ ရတုအား ဖခင်နှစ်ယောက်ရှိရာ အခန်းထဲသို့ ဆွဲခေါ်သွားတော့၏။
အခန်းဟာ အိပ်ခန်းကျယ်တစ်ခုနှင့်တူပါသလို ဆေးရုံကြီးများမှ VVIP Room များနှင့်လည်း ဆင်ပါသည်။ ယင်းမှာတော့ ခပ်ဆိုးဆိုး အိုမီဂါခင်ပွန်းကြောင့် ညွှန်ချုပ်၏ အသေးစိတ်ပြင်ဆင်ထားသော အခန်းတစ်ခုပင် ဖြစ်ပါ၏။
ယခုအချိန်၌ အခန်းထဲတွင် ဆရာဝန်နှစ်ယောက်နှင့် အမျိုးသားသူနာပြုသုံးယောက်တို့လည်း ရှိနေကြပြီး သူတို့ဟာ လူနာ၏အခြေအနေကို စောင့်ကြည့်နေကြရင်း အခြားသောအလုပ်များကိုလည်း ကိုယ်စီလုပ်နေကြသည်။ လူနာက စိုးရိမ်ရသည့်အခြေအနေ မဟုတ်သောကြောင့် မိသားစုဝင်များ ရောက်လာကြသည့်အခါ သူတို့က ခပ်လှမ်းလှမ်းတွင်သာ နေလိုက်ကြပါတော့၏။
လူနာကုတင်နားတွင်တော့ ညွှန်ချုပ်က တစ်ဖက်၊ အက်စ်နှင့်ရတုတို့က တစ်ဖက် ထိုင်နေကြလေသည်။
အက်စ်ဟာ အိမ်သို့ ရောက်ရောက်ချင်း မွေးဖခင်ဖြစ်သူအကြောင်း ကြားလိုက်ရပြီးနောက် အခြေအနေကို တစ်ချက်ဝင်ကြည့်ပြီးမှ အခန်းရှေ့သို့ထွက်ကာ နောက်ဖခင်တစ်ယောက်နှင့် စကားပြောခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ယခုမှပဲ လူနာကုတင်ထက်မှ မွေးဖခင်အား သေချာကြည့်ရခြင်းပါပင်။
သူ ယခင်ကဆိုလျှင် ဖခင်နှစ်ယောက်စလုံးအား အလွန်အမင်းစိတ်ပူခဲ့သည်မို့ မွေးဖခင်ဖြစ်သူနောက် တကောက်ကောက်လိုက်ခဲ့ကာ အဝေးမှ ဖခင်ကိုတော့ မကြာခဏ ဖုန်းဆက်တတ်ပါသည်။ ယင်းမှာလည်း ဖခင်ဖြစ်သူတို့ ဒဏ်ရာရသည်ကို တွေ့ခဲ့ဖူးသောကြောင့် ဖြစ်၏။
နောက်ပိုင်းတွင်ကား ဖခင်နှစ်ယောက်စလုံးက ဒဏ်ရာရတာ ရှားလာခဲ့သည့်အပြင် သူကလည်း အရွယ်ရောက်လာပြီးနောက် ဒဏ်ရာရတိုင်း အသက်အန္တရာယ်မရှိကြောင်း၊ ကိုယ့်အသက်ကို ထိခိုက်စေနိုင်သည့် ဒဏ်ရာမျိုးမရအောင် မည်သို့ကာကွယ်ထားနိုင်ကြောင်း သဘောပေါက်ခဲ့သည်မို့ ငယ်စဉ်တုန်းကလောက် စိတ်မပူချေတော့။
သည်နှစ်ပိုင်းကတော့ သူ့အတွက် စိတ်အချရဆုံး ဖြစ်ခဲ့သည်။ အကြောင်းမှာ အချိန်ယန္တရားအရ သူ့ဖခင်နှစ်ယောက်စလုံးဟာ နောက်နှစ်စက်တင်ဘာလအစအထိ အန္တရာယ်ကင်းကင်းရှိနေကြသေးကြောင်း သိထားသောကြောင့်ပါပင်။
အက်စ်တစ်ယောက် ယခုထက်တိုင် နိုးမလာသေးသော ဖခင်ဖြစ်သူအား ကြည့်ရင်း တစ်ဆက်တည်းဆိုသလိုပင် အချိန်ယန္တရားကိုမလှည့်ခင်က သည်နှစ်၏ သီတင်းကျွတ်၌ သူ့ဖခင်နှစ်ယောက်စလုံး မြို့တော်တွင် မရှိကြသည်ကို ပြန်သတိရသွားခဲ့၏။
မှတ်မှတ်ရရ ထိုကာလတုန်းက သူဟာ ကျူးတဲတွင် ပျော်မွေ့နေခဲ့ပါသည့်တိုင် နံဘေးတဲမှ အဘိုးကြီးကြောင့် သီတင်းကျွတ်ကာလသို့ ရောက်ပြီဆိုတာကို သိခဲ့ရသည်။ သို့ဖြစ်ရာ လပြည့်နေ့ကျ သွားမည်ဟူ၍ တွေးခဲ့ပါသော်ငြား လပြည့်မတိုင်ခင်ရက်၏ နံနက်ပိုင်း၌ ဖခင်ညွှန်ချုပ်ဖြစ်သူ၏ လူတစ်ယောက်က လမ်းဘေးတွင်ထိုင်နေသော သူ့ခွက်ထဲသို့ ပိုက်ဆံလာထည့်ရင်း ပြောလာခဲ့၏။
"ဆရာက ဖုန်းဆက်ဖို့ ပြောခိုင်းလိုက်ပါတယ်"
ထို့ကြောင့် အက်စ်လည်း ညနေလောက်မှ ဖုန်းဆက်လိုက်တော့ ပေါ့က ပုံမှန်လေသံနှင့်ပင် ပြောခဲ့သည်။
"ပေါ့ မင်းပါပါးဆီ ရောက်နေတယ်၊ ဒီနှစ်သီတင်းကျွတ်ကို ဒီမှာပဲ နေတော့မလို့၊ မင်းလာချင်တယ်ဆိုရင် လိုက်လာခဲ့၊ မလာချင်လည်း ပြန်ရောက်မှ လာတွေ့၊ ပေါ့ပြန်လာရင် သူ့ကိုပါ ရက်ပိုင်းလောက်ခေါ်ခဲ့ဖို့ တွေးထားတယ်"
ပိတ်ရက်ကာလမျိုး၌ ပါပါးက မအားမလပ်ဖြစ်နေပါလျှင် ပေါ့က ပါပါးဆီ လိုက်သွားတတ်သည်မှာ သိပ်မထူးဆန်းပါချေ။ ထိုသို့ လိုက်သွားသည် ဆိုတာကလည်း နိုက်ဖ်ဂိုဏ်းဆီသို့ မဟုတ်ဘဲ သူတို့၏ သီးသန့်အိမ်ဆီသို့သာ ဖြစ်ပါ၏။
ထို့ကြောင့် အက်စ်ကလည်း ပျင်းရိပျင်းတွဲဖြင့် ပြန်ပြောခဲ့သည်။
"ဒီလိုရက်မှာ သူက အလုပ်ရှုပ်နေပြန်ပြီလား၊ ဒါဆိုလည်း ပြန်လာမှပဲ ကန်တော့တော့မယ်၊ ကျွန်တော်က လပြည့်နေ့ကျ အိမ်ပြန်မယ်ဆိုပြီး တွေးထားတာ၊ ဘယ်သူမှမရှိဘူးဆိုမှတော့ မပြန်တော့ဘူး၊ ဒါနဲ့ အလုပ်အရမ်းရှုပ်နေတဲ့ ဂိုဏ်းချုပ်ကြီးဆီ ဖုန်းလွှဲပေးပါဦး၊ ဘာတွေရှုပ်နေလဲဆိုတာ သိချင်လို့"
"အခုလေးတင်ပဲ အပြင်ထွက်သွားတာ၊ ပြန်ရောက်လာမှ ဖုန်းပြန်ဆက်ခိုင်းလိုက်မယ်"
"ဒါဆိုလည်း ထားလိုက်ပါတော့၊ ကျွန်တော်က ကျူးတဲကို ပြန်သွားတော့မှာဆိုတော့ ဖုန်းနဲ့လူ ကပ်မနေလောက်ဘူး"
ထိုသို့ဖြင့် သားအဖနှစ်ယောက်သား နောက်ထပ်အနည်းငယ်လောက် စကားပြောပြီးနောက်မှ ဖုန်းချခဲ့ကြပါ၏။
လူကြီးနှစ်ယောက် မြို့တော်သို့ ပြန်ရောက်လာချိန်မှာတော့ လပြည့်ပြီး နှစ်ပတ်ကျော်လောက်မှဖြစ်ပြီး ထိုအချိန်တွင် အက်စ်၏ရှေ့၌ ဂိုဏ်းချုပ်ဟာ လူကောင်းပကတိအတိုင်းသာ ရှိနေခဲ့လေသည်။
အက်စ်တစ်ယောက် အဆိုပါအတွေးတို့အဆုံး မျက်နှာချင်းဆိုင်မှ ပေါ့ဖြစ်သူအား မေးလိုက်မိ၏။
"ပါပါးက ဒီနှစ်မှ ဘာလို့ အစောကြီးပြန်ရောက်လာတာလဲ၊ တစ်ခုခုလုပ်ဖို့ ရှိလို့လား၊ ပေါ့ မလိမ်နဲ့၊ ပေါ့ တစ်ခါတလေ ပါပါးဘက်ကိုလိုက်ပြီး လိမ်ပေးတတ်တာ ကျွန်တော်သိတယ်"
ထိုအခါ ညွှန်ချုပ်က သက်ပြင်းချလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
"မင်းအကြောင်းတွေ စုံစမ်းပြီးတော့ ဘာမှကြိုမပြောဘဲ ရောက်လာတာပဲ၊ ဒါပေမဲ့ ဒီကိစ္စကတော့ သားကြောင့်မဟုတ်ဘူး၊ တိုက်ခိုက်ခံရတဲ့ပုံစံအရ တစ်ဖက်က ဒီလိုလုပ်ဖို့ စောင့်နေခဲ့တဲ့ပုံပဲ"
"ဘယ်သူတွေလဲ၊ စုံစမ်းလို့ရပြီလား"
"အင်း"
သားအဖနှစ်ယောက် ထိုမျှနှင့်စကားရပ်လိုက်သော်ငြား အပြန်အလှန် နားလည်ကြပြီး ဖြစ်ပါ၏။ လျှို့ဝှက်အမှုထမ်းတိုင်း၌ ခြေရာခံ၍ရသော ကျည်တောင့်များ ရှိနေကြသည်မို့ ထိုကျည်များမှတစ်ဆင့် သူတို့နှင့် တိုက်ခိုက်ခဲ့သူများနောက်သို့ လိုက်၍ရပါသည်။
အထူးသဖြင့် အမှုထမ်းတွေဟာ နေရာစုံ၌ ရှိနေကြသည်ဖြစ်ရာ တစ်ဖက်အဖွဲ့က ခြေရာခံကျည်ဆံများ သူတို့နား၌ ရှိနေကြသည်ကို သတိမထားမိမချင်း အနီးစပ်ဆုံးအမှုထမ်းက သူတို့နောက်သို့ လိုက်၍ရနိုင်၏။
အက်စ်တစ်ယောက် အချိန်ယန္တရားပြန်မလှည့်ခင်အချိန်တုန်းက ဖခင်နှစ်ယောက်၏ လိမ်ညာမှုကို မိသွားခဲ့သည်မို့ မကျေမနပ်ဖြစ်နေပါသော်ငြား အခန်းရှေ့တွင် ပြောခဲ့သည့်စကားအတွက် လွန်သွားသည်ဟုလည်း ခံစားရသောကြောင့် တောင်းပန်လိုက်သည်။
"ခုနကပြောမိတာအတွက် တောင်းပန်ပါတယ်၊ ကျွန်တော်လွန်သွားတယ်"
"နားငြီး လိုက်တာ ကွာ.."
အက်စ်၏စကားအဆုံး အိပ်ရာထက်ရှိ ဂိုဏ်းချုပ်ထံမှ အားနည်းကာ အက်ကွဲဖျော့တော့နေသော စကားသံထွက်ပေါ်လာခြင်း။
"ဦးသွင်!"
"ပါပါး!"
ညွှန်ချုပ်နှင့်အက်စ်တို့ဟာ ဝမ်းသာအားရနှင့် ပြိုင်တူခေါ်လိုက်မိကြရင်း ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ကြတော့သည်အထိ။ ထိုစဉ်၌ ဆရာဝန်နှင့်သူနာပြုများဟာလည်း ချက်ချင်းဆိုသလို အပြေးရောက်လာကြတော့၏။
ထို့ကြောင့် ညွှန်ချုပ်၊ အက်စ်နှင့် ရတုတို့က နောက်သို့ ခဏနေရာဖယ်ပေးလိုက်ကြသည်။
လူနာအား သေချာစစ်ဆေးပြီးနောက်တွင်တော့ ဆရာဝန်များက မည်သည့်စိုးရိမ်စရာမှမရှိတော့ကြောင်း ဆိုလာကြပြီး နောက်နှစ်ရက်လောက်ထိ အစာမာမစားသင့်သေးကြောင်း သတိပေးလာကြ၏။
ထို့နောက်၌ ညွှန်ချုပ်က ဆရာဝန်နှင့်သူနာပြုများကို ကျေးဇူးတင်စကားဆိုကာ အနားသွားယူဖို့ရန် ပြောလိုက်လေသည်။
"ပြောပါဦး.. ခုနက ဘာတွေတောင်းပန်နေတာလဲ"
ကျန်းမာရေးဝန်ထမ်းများ ထွက်သွားပြီးနောက်မှ ဂိုဏ်းချုပ်က လွန်စွာအားနည်းနေသော လေသံဖြင့်ပင် မေးလိုက်ခြင်း။
ထိုအခါ အက်စ်က ထိုင်နေလျက်မှ မျက်လွှာချလိုက်ရင်း ပြန်ဖြေလိုက်၏။
"ပေါ့တို့ ပင်စင်ယူရင်ယူ၊ မယူရင် ကျွန်တော့်ကို သားအဖြစ်ကစွန့်လွှတ်လို့ ပြောလိုက်မိလို့"
သားဖြစ်သူ၏စကားအဆုံး ညွှန်ချုပ်က အမြန်ဝင်ပြောလိုက်သည်။
"ကလေးက စိတ်အရမ်းပူပြီး ပြောမိသွားတာပါ၊ ကိုယ်ဆူပြီးပြီ"
"တစ်ချက်လောက်.. ရိုက်လိုက်ရမှာ"
"စကားအရမ်းမပြောနဲ့၊ မောနေဦးမယ်၊ ရေသောက်ချင်လား"
"အင်း"
ထို့နောက်၌ ညွှန်ချုပ်က ဂိုဏ်းချုပ်အား ရေအနည်းငယ်တိုက်လိုက်၏။
ရေသောက်ပြီးသည့်နောက် ဂိုဏ်းချုပ်ဟာ ပို၍အားပြည့်သွားဟန်နှင့် သားဖြစ်သူအား ပြန်လှည့်ကြည့်လိုက်ပြီးနောက်...
"ဒီနား.. လာခဲ့"
"ဘာလဲဗျာ၊ နေမကောင်းသေးတာတောင် လူကိုရိုက်ချင်သေးတာလား"
အက်စ်က ထိုသို့ပြောလိုက်ပါသော်ငြား ထိုင်နေရာမှ ထလိုက်ပြီး မွေးဖခင်ဖြစ်သူ၏ ရင်ဘတ်နားသို့ ခေါင်းကို ငုံ့ချပေးလိုက်သည်။ ပြီးနောက် ပြောလိုက်ပါသေး၏။
"ပါပါး အခုအားနဲ့ရိုက်လည်း နာမှာမဟုတ်ဘူး၊ နာအောင်ရိုက်ချင်ရင် မြန်မြန်နေကောင်းအောင် အရင်လုပ်ဦး"
သူသည် ဖခင်က သူ့ကို ရိုက်မည်ထင်၍ ထိုသို့ပြောလိုက်ခြင်းဖြစ်ပါသည့်တိုင် အားနည်းနေသော လက်တစ်ဖက်ကတော့ သားဖြစ်သူ၏ မီးခိုးရောင်ဆံပင်တို့အား အသာဖွရုံသာ လုပ်လိုက်လေသည်။ သို့ဖြစ်ရာ မလိမ်မိုးမလိမ်မာသားလေး၏ မျက်တောင်ဖျားတို့ အနည်းငယ်တုန်ယင်သွားစဉ်၌ ဂိုဏ်းချုပ်က ပြောလိုက်၏။
"စိတ်မပူနဲ့.. ပါပါးအဆင်ပြေတယ်"
အက်စ်ဟာ ထိုအနေအထားအတိုင်းနှင့်ပင် မိနစ်ဝက်လောက် ငြိမ်နေခဲ့ပြီးနောက်မှ အသံမတုန်ဘဲ ပြန်ပြောနိုင်ခဲ့သည်။
"ဘာကိုအဆင်ပြေတာလဲ၊ လူကို နာအောင်တောင် မရိုက်နိုင်သေးဘဲနဲ့"
ပြောပြီးသည်နှင့် သူက နေရာ၌ ဟန်မပျက်ပြန်ထိုင်လိုက်လေ၏။ တစ်ဖန် ခေါင်းငုံ့ကာ မျက်လွှာချထားရင်း မည်သည့်စကားကိုမှ ထပ်မဆိုတော့။
ထိုအခါ ဂိုဏ်းချုပ်၏ မျက်လုံးများက သားဖြစ်သူ၏ နံဘေးမှ ရတုထံသို့ ရောက်သွားကြသည်။ သို့ဖြစ်ရာ သူ၏ နေမကောင်းသေးသောမျက်နှာက ခပ်ဖျော့ဖျော့ပြုံးသွားလျက်...
"ကိုဓနမင်းတို့.. နေကောင်းကြရဲ့လား"
"ဟုတ်ကဲ့၊ ကောင်းပါတယ် အန်ကယ်"
ရတုဟာ အက်စ်၏ ဖခင်တစ်ယောက်က သူ့ပါပါး၏ အထက်လူကြီးဖြစ်သည်ဆိုတာကိုရော၊ အက်စ်၏ နာမည်အရင်းကိုပါ သည်အိမ်သို့ရောက်မှ သိခဲ့ရခြင်းပါပင်။
အိမ်ရာသို့ စရောက်လာကတည်းက မည်သည့်မိတ်ဆက်စကားတို့ကိုမှ မဆိုရသေးသည်မို့ သူ့အနေနှင့် သေချာမသိတာတွေ ရှိပါသေးသော်ငြား ဒဏ်ရာရထားသူက အက်စ်၏ မွေးဖခင်ဖြစ်ကြောင်း၊ ထိုလူကြီးသည်လည်း ဈာန်နှင့်ရင်းနှီးကြောင်း၊ ပြောနေကြသော စကားများနှင့် အခြေအနေတို့အရ ဥပဒေဘက်တော်သားတစ်ယောက်ပင် ဖြစ်နိုင်ကြောင်း တွေးမိခဲ့၏။
ရတုဟာ တော်ရုံထုတ်မမေး၊ ထုတ်မပြောတတ်သူမို့ တစ်ဖက်မှ ဘာမှမမေးလျှင် သူ့မိဘများအကြောင်း ထုတ်မပြောဖို့လည်း တွေးထားခဲ့သည်။ အက်စ်၏ဖခင်တစ်ယောက်က မည်သူဆိုတာ သိလိုက်ချိန်တွင်တော့ သူ့ဖခင်ကဲ့သို့ပင် သားသမီးနှင့်ပတ်သက်၍ အမြဲတစေ စုံစမ်းထောက်လှမ်းထားလောက်သည်ဆိုတာ သိလိုက်ရပါ၏။
သို့ဖြစ်၍ ယခု၌ ဂိုဏ်းချုပ်က မေးလိုက်ချိန်တွင် ရတုက ထူးဆန်းအံ့ဩသွားခြင်းမရှိဘဲ ပြန်ဖြေနိုင်ခြင်း ဖြစ်သည်။
"နာမည်က မင်းရတုရှင်နော်.. ရတုလို့ပဲ ခေါ်ကြမယ်ထင်တယ်"
"ဟုတ်ကဲ့ အန်ကယ်၊ အဆင်ပြေသလို ခေါ်နိုင်ပါတယ်၊ အခုကတော့ အန်ကယ့်ဒဏ်ရာနဲ့ စကားများများမပြောတာ ပိုကောင်းမယ်ထင်တယ်"
"ဟုတ်တယ် ဦးသွင်၊ နက်ဖြန်မှပြောလည်း ရတာပဲ၊ ကလေးတွေက ဒီမှာနေကြဦးမှာပါ"
သို့ပေသည့် ဂိုဏ်းချုပ်ကတော့ စကားပြောရပ်မသွားပါချေ။ သူက ရတုကိုကြည့်ကာ ပြောလိုက်၏။
"မင်းနဲ့ရန်ဖြစ်လာတုန်းက.. ဒီကောင်လေး ကမ္ဘာပျက်နေရောပဲ၊ အဲ့ဒါကြောင့်.. တွေ့ပြီး စကားပြောချင်နေခဲ့တာ"
"ပါပါး ဘာတွေလျှောက်ပြောနေတာလဲ"
"မဟုတ်လို့လား"
"ပါပါးပြောသလောက်မှ မဟုတ်တာ၊ ဒီလောက်မောနေတာကို ဘာလို့စကားဆက်ပြောနေတာတုန်း၊ ပေါ့ ပါပါးကိုထိန်းဦး"
"ဘာလို့လဲ.. မင်း ရတုကို သဘောကျနေကြောင်း..."
"ပါပါး! လျှောက်မပြောနဲ့ဗျာ! တော်ပြီ မြန်မြန်ကန်တော့ပြီး အပြင်ထွက်တော့မယ်၊ လာ မင်းရှင်၊ ကန်တော့မယ်ဆို တစ်ခါတည်း ဝင်ကန်တော့လိုက်"
ရတုတစ်ယောက် သားအဖနှစ်ယောက်ကြား ဘာပြောရမှန်းမသိ ဖြစ်နေတော့၏။ အက်စ်က သူ့ကို ခုံပေါ်က ဆွဲချတော့မှ ကော်ဇောထက် ထိုင်လိုက်အပြီး ကန်တော့ပစ္စည်းများကို သတိရသွားသည်မို့ ပြောလိုက်မိသည်။
"ပစ္စည်းတွေက..."
"ထားလိုက်စမ်းပါ၊ ငါတို့ပြန်ယူသွားမှာမှ မဟုတ်တာ၊ ဒီတိုင်းပဲကန်တော့ပြီး မြန်မြန် အခန်းပြင်ထွက်မယ်"
အက်စ်ဟာ ထိုသို့ပြောပြီးသည်နှင့် ဖခင်နှစ်ယောက်အား ဦးသုံးကြိမ်ချကာ ကန်တော့လိုက်၏။ ထိုအခါ ရတုလည်း ဘာမှမပြောတော့ဘဲ မိတ်ဆွေဖြစ်သူ၏ ဖခင်တို့အပေါ် လေးစားသမှုနှင့် ကန်တော့လိုက်သည်။
လူကြီးနှစ်ယောက်သည် သားဖြစ်သူအကြောင်း သိနေကြသည်မို့ တိုတိုတုတ်တုတ်သာ ဆုပေးလိုက်ကြတော့ အက်စ်က ဖခင်တို့ကို နှုတ်ဆက်လိုက်ပြီးနောက် ရတုအား အခန်းပြင်သို့ ဆွဲခေါ်သွားတော့၏။
သားဖြစ်သူ၏ လုပ်ရပ်တို့ကြောင့် ဂိုဏ်းချုပ်တစ်ယောက် အားနည်းနေသည့်ကြားမှ သဘောတကျ ရယ်လိုက်တော့လေသည်။
ထိုအခါ ညွှန်ချုပ်ကလည်း ခပ်ဖွဖွပြုံးလိုက်ရင်း ခင်ပွန်းဖြစ်သူ၏ နဖူးထက် အသာငုံ့နမ်းလိုက်ပြီး မေးလိုက်၏။
"သားပြောသလို ကိုယ်တို့ ပင်စင်ယူကြမလား"
"....."
ဂိုဏ်းချုပ်က ဘာမှပြန်မပြောတော့ ညွှန်ချုပ်ကပင် သူ့ခင်ပွန်းလေး၏ ပါးပြင်တစ်ဖက်ထက် လက်ခုံနွေးနွေးနှင့် အသာစမ်းလိုက်ရင်း ထပ်ပြောလိုက်သည်။
"ကိုယ် မင်းကို အရမ်းစိတ်ပူခဲ့ရတာ ဦးသွင်"
ထိုစကားအဆုံးမှ ဂိုဏ်းချုပ်က မျက်လွှာချကာ စဉ်းစားလိုက်ပြီးနောက် အသံခပ်ဖျော့ဖျော့နှင့် ပြန်ပြောလိုက်၏။
"နှစ်ကုန်ရင် ပင်စင်တင်ကြတာပေါ့"
တစ်ဖက်တွင်တော့ အက်စ်နှင့်ရတုတို့ဟာ ခြံထဲသို့ ဆင်းသွားကြခြင်း ဖြစ်သည်။ ရတုက အိမ်မှဝန်ထမ်းများကို မြင်သည်နှင့် သူ့လက်ကိုဆွဲထားသော အက်စ်၏လက်အား ဖြုတ်ချခဲ့သည်မို့ အက်စ်ကလည်း ပြန်မဆွဲခဲ့ပါချေ။
ခြံထဲ၌ မီးပုံးများ၊ မီးအလှဆင်မှုများနှင့်အတူ ဝန်ထမ်းများပူဇော်ထားကြသော ဆီမီးခွက်များကလည်း သူ့နေရာနှင့်သူ ရှိနေကြ၏။ ကောင်းကင်ယံထက် လပြည့်ဝန်းကြီးက ထိန်ထိန်သာနေပြီး စိတ်ကူးယဉ်တတ်သူများအဖို့ စိတ်ကြည်နူးချမ်းမြေ့ဖွယ်ရာဖြစ်ပါသည့်တိုင် ခြံထဲတွင် လမ်းလျှောက်နေသော အယ်လ်ဖာနှစ်ယောက်ဟာတော့ မည်သို့သော လရောင်၏အေးမြမှုကိုမှ ခံစားမနေကြပါချေ။
"မင်းသာ တရားကျင့်မယ်ဆိုရင် အချိန်တိုတိုနဲ့ နိဗ္ဗာန်ရောက်မယ်ထင်တယ်"
လမ်းလျှောက်နေရင်းမှ အက်စ်က အစအဆုံးမရှိ ပြောလိုက်ခြင်း။ ထို့ကြောင့် ရတုက ပြန်မေးလိုက်၏။
"ဘာလို့လဲ"
"ငါသာ မင်းနေရာမှာဆို မေးစရာတွေရော၊ သိချင်တာတွေပါ ပုံထပ်နေမှာလေ၊ မင်းကတော့ မင်းစိုက်တဲ့ Succulents တွေလိုပဲ၊ ရေလောင်းပေးရင် စုထားလိုက်တယ်၊ မလောင်းပေးတဲ့အခါကျ စုထားတာတွေကို ထုတ်သုံးလိုက်တယ်၊ မင်းနဲ့ကိုက်ပြီးပြောရရင်တော့ မင်းကို တစ်ခုခုလာပြောရင် အလိုက်သင့်နားထောင်ပြီး ပြန်ပြောတယ်၊ ဘာမှမပြောရင်လည်း မင်းဘာသာပဲ နေတယ်လေ၊ တကယ်မတူဘူးလား"
"ခင်ဗျားလိုမစဉ်းစားတတ်တော့ မသိဘူး"
"သွေးအေးလိုက်တာ၊ ခုချိန်ထိရော မင်းဘာမှမသိချင်၊ မမေးချင်ဘူးလား"
"ကျွန်တော့်ဘာသာ စဉ်းစားရုံနဲ့ လုံလောက်တယ်၊ ခင်ဗျားပြောချင်တာတွေက ကျွန်တော်လိုက်မမီနိုင်တာတွေဆိုရင်တော့ ပြောလေ"
"ထားပါတော့၊ မင်းအကုန်သိတယ်လို့ပဲ ယူဆလိုက်တော့မယ်"
တစ်ဖန် သူတို့ဟာ စကားတို့ရပ်သွားကြပြီးနောက် မိနစ်အနည်းငယ်ကြာတော့ ရတုက ဆိုလိုက်သည်။
"တကယ်ဆို ခုချိန်မှာ ခင်ဗျားအဖေတွေနဲ့ပဲ သွားနေသင့်တယ်"
"ထူးထူးဆန်းဆန်း အကြံတွေဘာတွေပေးလို့၊ ငါနဲ့နေရတာ ပျင်းလာလို့လား"
စနောက်သည့်လေသံနှင့် ပြောလာသူကြောင့် ရတုက အကြည့်တစ်ချက်ပေးလိုက်တော့ အက်စ်ကလည်း သူ့ကို လှည့်ကြည့်နေရင်းမှ ပြုံးစစနှင့် ရှေ့သို့ပြန်လှည့်သွား၏။ ပြီးနောက် အက်စ်ကပင် ထပ်ပြောလိုက်သည်။
"ငါ ဒီည အဲ့အခန်းထဲမှာပဲ သွားအိပ်မှာ၊ အဲ့ဒါကြောင့် အခု ငါတို့ဧည့်သည်လေးကို ဧည့်ခံနေတာလေ"
"မလိုပါဘူး"
တုံးတိတိတုံ့ပြန်လာမှုကြောင့် အက်စ်က ရယ်လိုက်ကာ ရတု၏ပုခုံးကို သိုင်းဖက်လိုက်ရင်း...
"စကားမစပ် ငါ့ပါပါးက အရမ်းအစသန်တယ်နော်၊ ကြိုပြောထားတာ၊ နောက်နေ့ကျ ပိုရင်းနှီးသွားတာနဲ့ အစခံရလိမ့်မယ်"
"ကျွန်တော်သိပါတယ်"
အက်စ်ဟာ နံဘေးမှလူ၏ ဖြူဖျော့ဖျော့မျက်နှာကို အသာစောင်းငဲ့ကြည့်မိရင်း ဆွဲဆောင်မှုရှိသော မျက်နှာတစ်ခြမ်းက သူ့ကို 'လာနမ်းပါ' ဟူ၍ ဖိတ်ခေါ်နေသည့်နှယ် ခံစားလိုက်ရ၏။
သို့ပေသည့် ပတ်ဝန်းကျင်၌ ဝန်ထမ်းအချို့ ရှိနေကြသောကြောင့် သူ၏လည်တိုင်ဟာ အနည်းငယ်လှုပ်ရှားသွားရုံမှတပါး ဘာမှဆက်ဖြစ်မလာခဲ့။
ရတုဟာတော့ ပုခုံးထက် လက်တင်ထားသူထံမှ သူ့စိတ်အစဉ်ကို တည်ငြိမ်စေသော ရေခဲရနံ့ Pheromones တို့အား ငြိမ်သက်စွာခံစားရင်း ရင်ဘတ်အတွင်း မသိမသာမြန်ဆန်ချင်နေသည့် နှလုံးခုန်သံတို့ကိုလည်း သတိထားမိနေခဲ့သည်။
အနည်းငယ်မျှ စောင်းငဲ့ကြည့်လိုက်ရုံနှင့် ချောမောသော အပြုံးမျက်နှာတစ်ခုက ဆီးကြိုမည်ဆိုတာကို သိပါသော်ငြား သူသည် ရှေ့တည့်တည့်သို့သာ ဆက်ကြည့်နေခဲ့ပါ၏။
အယ်လ်ဖာတစ်ယောက်ဟာ အဆင့်မြင့်အယ်လ်ဖာတစ်ယောက်၏ Pheromones ရနံ့တို့နှင့် ထူးခြားစွာ အဆင်ပြေနေခဲ့သည်။
နားပူမခံနိုင်သူက စကားများလွန်းသူနှင့် အချိန်ကုန်ရတာ နှစ်ခြိုက်နေပါသလို တစ်ခါတရံ၌ တစ်ဖက်လူငြိမ်နေလျှင်ပင် တစ်ခုခုများဖြစ်နေသလားဟူ၍ အတွေးများလာမိသည်အထိ။
မေးခွန်းများစွာ မမေးမိသည်မှာတော့ သူကိုယ်တိုင်ကလည်း ထိုကဲ့သို့လူမျိုးများကို သဘောမကျဘဲ ရှောင်တတ်သောကြောင့်ဖြစ်ပါသလို တစ်ဖက်တွင်လည်း ပြောလိုသူက စိတ်လိုလက်ရပြောလာသည့် အကြောင်းတို့ကိုသာ နားထောင်ချင်သောကြောင့် ဖြစ်သည်။
“ဝုတ်! ဝုတ်! ဝုတ်!”
"ဂျက်ကီ!! မဆူနဲ့!!"
သူတို့ တိတ်ဆိတ်စွာ လမ်းလျှောက်နေချိန်၌ ရုတ်ချည်းဆိုသလို ခွေးဟောင်သံထွက်ပေါ်လာခြင်းမို့ အက်စ်က လှမ်းအော်လိုက်ခြင်း။
ထိုအခါ ဟောင်သံကို ထပ်မကြားရတော့ပါသော်ငြား စက္ကန့်အနည်းငယ်အတွင်း၌ပင် Husky အမျိုးအစား ခွေးတစ်ကောင်က သူတို့မြင်ကွင်းထဲသို့ ပြေးဝင်လာပါတော့၏။
ထို့နောက် အက်စ်နှင့်ခွေးတို့ဟာ ခဏအတွင်း လုံးထွေးသွားကြတော့ပြီး ရင်းနှီးစွာကစားနေကြသည်မို့ ရတုက ထိုမြင်ကွင်းကို သဘောတကျမျက်ဝန်းတို့နှင့် ကြည့်နေခဲ့လေသည်။
မွေးဖခင်ဖြစ်သူကြောင့် မျက်စိပျက်မျက်နှာပျက်ဖြစ်ခဲ့သော အက်စ်ထက် ယခုအက်စ်ကို မြင်ရသည်ကသာ သူ့အတွက် အသားကျပါ၏။
ထို့ပြင် စိုင်းဒီပါဦးစီးဟူသည့် နာမည်ကလည်း ထိုလူနှင့် လွန်စွာလိုက်ဖက်လွန်းသည်။
***
လပြည့်ကျော်တစ်ရက်နေ့၏ နံနက်ခင်း၌ သူငယ်ချင်းများစုပြီး Video Chat ဖြစ်ကြသည်။ ဦးဆောင်သူမှာတော့ ထုံးစံအတိုင်း နိုဗယ်ပင်ဖြစ်ပြီး သူက Video Chat ရတာ မကြိုက်သော အမြွှာညီဖြစ်သူအား မရမက Camera ကို ဖွင့်ခိုင်းပါသလို သူတို့အုပ်စုထဲသို့ သျှန်ယုကိုပါ ဆွဲသွင်းလိုက်ပါသေး၏။
"ကိုငယ် ဘယ်လိုဖြစ်လို့ အရမ်းတွေသမ်းနေတာလဲ၊ မျက်လုံးကြီးတွေကလည်း ဖောင်းအစ်နေတာပဲ"
နိုဗယ်က သူတို့စကားပြောနေစဉ်တောက်လျှောက် မကြာခဏသမ်းနေသော သျှန်ယုအား မေးလိုက်ခြင်း။
"အွန်း၊ ကိုယ်လည်း အိပ်ရေးဝပါတယ်၊ ဘာလို့လဲတော့ မသိဘူး"
ထိုအခါ တောက်လျှောက်ငြိမ်နေခဲ့ပြီး Screen ထက်ပေါ်နေသော မျက်နှာများအားလုံးထဲမှ ချစ်သူ၏ မျက်နှာလေးကိုသာ ကြည့်နေခဲ့သည့် ဂျိုးဇက်က ချက်ချင်းဝင်ပြောလိုက်သည်။
"ဒီထဲကထွက်ပြီး ခဏပြန်အိပ်လိုက်ပါလား"
"ဂျိုးဇက်သီဟဦး၊ မင်း ငါတို့စကားဝိုင်းကို လာမဖျက်နဲ့နော်"
နိုဗယ်က ညီဖြစ်သူကို သည်းမခံနိုင်ဟန်ဖြင့် ပြောလိုက်ခြင်း။ ဂျိုးဇက်ကလည်း ဂရုမစိုက်စွာပင် ပြန်ပြောလိုက်၏။
"သူပင်ပန်းနေလို့ ပြောတာ၊ မင်းပြောချင်ရင် နောက်ရက်မှပြောလည်း ရတယ်"
"မောင် အဲ.. ဂျိုးဇက်၊ ကိုယ်က ရပါတယ်၊ အကြာကြီးမှ မဟုတ်တာကို"
သျှန်ယုက နှုတ်စွဲနေ၍ ချစ်သူကို မောင်ဟု ခေါ်လိုက်မိပြီးမှ စကားပြောနေကြသည့်အထဲ ညီဖြစ်သူလည်း ရှိနေခြင်းကြောင့် အသုံးအနှုန်းကို အမြန်ပြန်ပြောင်းလိုက်ရ၏။ သို့ပေသည့် ကိန်းက သတိထားမိသွားသည်မို့ အစ်ကိုနှင့်သူငယ်ချင်းဖြစ်သူတို့အား ကြည့်မရသည့်မျက်နှာမျိုး ချက်ချင်းပြောင်းသွားသည်။
ထို့ကြောင့် သျှန်ယုတစ်ယောက် စကားလမ်းကြောင်းကို ခရီးထွက်နေသော ခေါင်ရိပ်ဆီသို့ အမြန်ပြောင်းလိုက်တော့၏။
"ခေါင်ရိပ်လေး၊ ဘယ်နေ့ပြန်လာမှာလဲ၊ ပုံတွေကို ကြည့်ရသလောက် စပျစ်ခြံတွေကြား အရမ်းပျော်နေပုံပဲနော်"
ထိုအခါ ခေါင်ရိပ်က လွန်စွာစိတ်ချမ်းသာနေသော မျက်နှာဖြင့် ရယ်မောလာပြီး...
"ဒီဘက်က အရမ်းသာယာတာ ကိုငယ်ရ၊ အေးလည်း အေးချမ်းတယ်၊ ပြန်လာဖို့စီစဉ်ထားတာကတော့ သဘက်ခါလောက်မှပဲ၊ ဒေါက်တာက အဲ့နေ့ထိ ခွင့်ယူထားတော့ ကျွန်တော်လည်း အဆင်ပြေတာနဲ့ ဆက်နေဖို့ ဆုံးဖြတ်လိုက်တာ"
"ကောင်းတယ် ကောင်းတယ်၊ ဖဘုရားတို့ကလည်း မင်းပျော်နေတယ်ဆိုပြီး သဘောကျနေကြတာ"
"ဟုတ်တယ်၊ ကျွန်တော်တို့ဖုန်းပြောဖြစ်တော့ သူတို့ပါ ခရီးထွက်ချင်သွားတယ်တဲ့၊ ပြန်လာမှပဲ ဒီကလက်ဆောင်တွေနဲ့ လူကြီးတွေကို လိုက်ကန်တော့ရမယ်"
ခေါင်ရိပ်က သီတင်းကျွတ်ပိတ်ရက်မတိုင်ခင် ခရီးထွက်သွားခဲ့ခြင်းမို့ လူကြီးများကို မကန်တော့ဖြစ်ခဲ့ပါချေ။ ထို့ကြောင့် သူက ထိုသို့ပြောလိုက်ခြင်းဖြစ်ပြီး စကားအဆုံး နိုဗယ်က ချက်ချင်းဝင်ပြောလိုက်သည်။
"ငါတို့အတွက်ပါ များများဝယ်ခဲ့နော်"
"မင်းယောက်ျားကို ဝယ်ခိုင်းလေ"
ခေါင်ရိပ်က နိုဗယ့်ကို စလိုက်ခြင်းကြောင့် သျှန်ယုကလည်း ဆက်စလိုက်၏။
"ဟုတ်သားပဲ၊ အားကိုးရှိတဲ့လူက ကိုယ်တို့လို လူပျိုလေးတွေကို အနိုင်မကျင့်သင့်ဘူးနော်"
"ဖြစ်ရတယ်၊ ဟိုကောင်က ပြောရင်ထားပါ၊ ကိုငယ်ကကျ ဘယ်မှာအားကိုးမရှိလို့လဲ၊ ဘာပဲဖြစ်ဖြစ် ငါ့ဖို့ ဘာမှပါမလာရင် မင်း ဒီနှစ်ကုန်တဲ့ထိ အေးဆေးမနေရဘူးမှတ်"
နိုဗယ်က ကိုငယ့်ကိုပြောပြီးနောက် ခေါင်ရိပ်ကိုပါ တစ်ဆက်တည်းပြောလိုက်သည်မို့ ကိန်း၏နံဘေးတွင် ပန်းသီးထိုင်စားနေသော ဈာန်က ဝင်ပြောလိုက်သည်။
"ငါသာ ခေါင်ရိပ်ဆိုရင် မင်းအတွက်ကလွဲပြီး အကုန်ဝယ်လာတယ်"
"မင်းဘာသာ ပန်းသီးဆက်စားနေစမ်းပါ"
ဈာန်က ဟွန့်ခနဲရယ်လိုက်ပြီး ကိန်း၏ပုခုံးထက် ခေါင်းကို စောင်းတင်လိုက်ပြီးနောက် ဘာမှဆက်မပြောတော့။ ထိုအခါ ကိန်းက အခြားလူများကို မေ့သွားတော့ပြီး ကြင်ယာတော်ဖြစ်သူ၏ ဦးခေါင်းထိပ်လေးအား ငုံ့နမ်းလိုက်လေ၏။
"ဂျိုးဇက်၊ မင်း ကိုငယ့်ကို ချစ်တယ်လို့ ပြောလိုက်စမ်းပါ"
နိုဗယ်က သူတို့ရှေ့တွင်ဆို လုပ်ချင်ရာလုပ်တတ်သော ကိန်းအား ကြည့်မရစွာနှင့် ဆိုလိုက်ခြင်း။
ထို့ကြောင့် သျှန်ယုက ရယ်လိုက်ရင်း ပြောလိုက်သည်။
"နိုဗယ်ရာ၊ ကလေးကလားနဲ့"
"ဟွန်း၊ ကိုငယ့်ညီက ဘယ်သူ့ရှေ့မှာမှ မရှောင်တာလေ၊ သူ့အစ်ကိုကျ သူများကို မပေးချင်သေးဘူး၊ မသိရင် ငါ့ညီလေးက ဘာဖြစ်နေတာကျလို့"
"မင်းညီလေးက ငါ့အစ်ကိုကို အရမ်းမုန်းခဲ့တာလည်း ထည့်ပြော၊ တစ်ခါမှ အကောင်းမပြောဖူးတဲ့ကောင်က ချက်ချင်းကြီး ချစ်တယ်ဖြစ်သွားတာကို ငါက ဝမ်းသာအားရလက်ခံပေးရမှာလား"
ကိန်းက မကျေမနပ်လေသံနှင့် ပြန်ပြောလိုက်တော့ နိုဗယ်ကလည်း ညီဖြစ်သူဘက်မှ မခံနိုင်စွာ ပြန်ပြောတော့၏။
"လက်ခံပေးလေ၊ မင်းနဲ့ဈာန်တောင် ထိုးလားကြိတ်လားနဲ့ ညားသွားတာမဟုတ်ဘူးလား၊ ကိုငယ့်လိုအလှလေးကို ဘယ်သူက မချစ်ဘဲနေမှာလဲ၊ မင်းအပြစ်တင်ချင်ရင် သူတို့ကို အတင်းနီးစပ်ပေးတဲ့ ကံကြမ္မာကိုပဲ အပြစ်တင်လိုက်၊ ငါတို့တစ်မျိုးလုံးကတော့ အားရပါးရကို သဘောတူတယ်၊ မကျေနပ်ရင် ကိုငယ့်ကို အမွေဖြတ်စွန့်လွှတ်လို့လည်း ရတယ်နော်၊ ငါတို့က ရှယ်ပလန်နဲ့ကို တင်ကျွေးထားမှာ၊ တစ်ကိုယ်လုံးကို စိန်ပါစီထားပေးလိုက်မယ်"
နိုဗယ့်အပြောကြောင့် ကိန်းတစ်ယောက် စိတ်တိုတာတောင် ပျောက်ချင်သွားပြီး မျက်နှာထက် ရယ်မြူးရိပ်ပေါ်လာပါသလို ကျန်သူများအားလုံးလည်း ရယ်မိကြတော့၏။
ထိုစဉ်၌ ခေါင်ရိပ်ဘက်ခြမ်းမှ အသံတစ်ခု ပေါ်ထွက်လာသည်။
"ကိုခေါင်ရိပ်၊ ဒီလောက်အေးနေတာကို ဘယ်လိုဖြစ်လို့ အပြင်ထွက်နေတာလဲ၊ မင်းထပ်ဖျားရင် ကိုယ့်အိမ်မှာပဲ တစ်သက်လုံးနေလိုက်တော့"
"???"
တစ်ခါမှမကြားဖူးသော ခေါင်ရိပ်နှင့်ဒေါက်တာစစ်တောင်းတို့ကြား စကားပြောသည့်ပုံစံကြောင့် ကနဦးဆူညံနေခဲ့သော ဖုန်းထဲမှစကားဝိုင်းဟာ မတိုင်ပင်ထားပါဘဲ တိတ်ဆိတ်သွားကြ၏။
"ခေါင်ရိပ်လင်းသွင်! အခုချက်ချင်း အထဲဝင်မလာသေးဘူးလား!"
"လာပြီ ဒေါက်တာ!"
ခေါင်ရိပ်က ထိုသို့ပြန်ပြောလိုက်ပြီးနောက် ကင်မရာမြင်ကွင်းမှ သူ့ပုံရိပ်ဟာ လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။
ထို့နောက် ဒေါက်တာစစ်တောင်း၏ ထပ်ပြောလိုက်သံအား ကြားလိုက်ရသည်။
"ခေါင်ရိပ်လင်းသွင်နဲ့ ဂျူလီယံတို့ အကျင့်တွေ တော်တော်တူလာတာပဲ၊ အသေးစိတ်လိုက်ဂရုစိုက်နေတဲ့သူရှိတော့ လုပ်ချင်တာလုပ်ပြီးကို ပေတေနေကြတာ၊ မင်းတို့နှစ်ယောက် ဖျားရဲဖျားကြည့်၊ မနာ,နာအောင်လုပ်ပြီးကို ဆေးထိုးပေးမယ်"
"ဒယ်ဒီကလည်း ဦးဦးကိုဆူတိုင်း သားကိုပါ အမြဲထည့်ပြောတော့တာပဲ"
ဂျူလီယံက သူဘာမှမလုပ်သေးဘဲ အပြောခံလိုက်ရ၍ မကျေမနပ်ဟန်လေးနှင့် ပြောလိုက်ခြင်း။
ထိုအခါ ခုလေးတင်မှ ကိန်းနှင့်ဈာန်တို့နားသို့ ရောက်လာသော မဟာလေးက သူငယ်ချင်းဖြစ်သူ၏ အသံကို မှတ်မိသွားသည်မို့...
"အဲ့ဒါ ဂျူလီယံမလား၊ ဟေ့ကောင် မင်း ဘယ်ကပြောနေတာလဲ"
"ဟမ်၊ မဟာ့အသံက ဘယ်ကထွက်လာတာလဲ"
ထိုသို့ဖြင့် ကလေးနှစ်ယောက် ချိတ်ဆက်မိသွားကြတော့မှ တစ်ဖက်ရှိ စစ်တောင်းသည်လည်း ခေါင်ရိပ်က သူငယ်ချင်းများနှင့် Video Chat နေမှန်း သိသွားတော့သည်။ သို့ဖြစ်ရာ လူကြီးများက သိသိသာသာ အသံတိတ်သွားပါသော်ငြား ကလေးနှစ်ယောက်ကတော့ ကင်မရာတို့ရှေ့ မျက်နှာလေးများကို တိုးဝင်ကြလျက် ဆယ်စုနှစ်လောက်ကြာအောင် ကွဲနေခဲ့ကြသော သူငယ်ချင်းများကဲ့သို့ စကားပြောကြပါတော့၏။
ဂျူလီယံက ပြောလိုက်သည်။
"ဒီကမုန့်တွေ အရမ်းစားကောင်းတယ်သိလား၊ ငါ မင်းနဲ့ဒန်နီယယ်အတွက် ယူခဲ့မယ်"
ဒန်နီယယ်ဆိုသည်မှာ သူတို့၏ နောက်ထပ်သူငယ်ချင်းဖြစ်သူ ဒန်နီယယ်ဂျက်ဆင်အား ဆိုလိုခြင်းဖြစ်၏။
"အေး များများယူလာခဲ့၊ အသီးတွေရောပဲ"
"ယူလာမှာ၊ ငါ ဘွားဘွားကို အများကြီးပေးလိုက်ဖို့ တောင်းထားတယ်၊ ပြန်လာရင် မင်းဆီမှာပဲ စုစားကြမယ်၊ ငါတို့စားတဲ့မုန့်တွေကိုလည်း ဝယ်ထားကြဦး၊ ဟိုကောင့်ကိုလည်း ပြောလိုက်"
"ဒန်နီယယ်က ဝယ်ထားပြီးပြီတောင် ပြောတယ်၊ ငါကလည်း ခမည်းတော်တို့နဲ့ ထွက်ဝယ်လိုက်ရုံပဲ၊ မင်းသာ မြန်မြန်ပြန်လာခဲ့"
"အေးပါကွ၊ ငါကျောင်းပျက်တဲ့နေ့တွေမှာ စာတွေမှတ်ပေးထားဦး၊ ငါက မင်းတို့အားကိုးနဲ့ ဒယ်ဒီ့ကို ခွင့်ယူပေးဖို့ ပြောခဲ့တာ"
"အေး၊ မင်းပြန်ရောက်ရင် ရေသွားကူးရအောင်ဆိုပြီးလည်း ဟိုကောင်က ပြောနေသေးတယ်"
"မိုက်တာပေါ့၊ သွားကြမယ်"
Dominant Alpha လေးနှစ်ယောက်၏ စကားဝိုင်းက အစားအသောက်ရယ်၊ ကစားခြင်းရယ်တို့နှင့်သာ ပြည့်နှက်နေသည်မို့ လူကြီးများလည်း ရယ်လိုက်မိကြတော့၏။ သူတို့၏ နောက်ထပ်သူငယ်ချင်းလေးကလည်း Dominant Alpha လေးပင်ဖြစ်ပြီး ကလေးများကို သိပ်မကြာသေးခင်ကမှ စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။
မဟာလေးကတော့ ကနဦးကတည်းက သေချာခဲ့သည်မို့ မထူးဆန်းခဲ့ကြပါသော်ငြား သူငယ်ချင်းသုံးယောက်ထဲ အငိုသန်သော ဂျူလီယံလေးကပါ Dominant Alpha ဖြစ်နေခဲ့သည်မို့ မမှားနိုင်သော နည်းအမျိုးမျိုးနှင့်ပင် ထပ်မံ၍ အကြိမ်ကြိမ်စစ်ဆေးခဲ့ကြရသည်အထိ။
သို့ပေသည့် ဆေးရုံဘယ်နှစ်ရုံကိုပြောင်းပြီး စစ်ဆေးပါစေ ဂျူလီယံလင်းယျာက Dominant Alpha ဖြစ်သည်ဆိုသည်မှာတော့ လုံးဝမပြောင်းလဲသွားပါချေ။
ကလေးနှစ်ယောက် စကားပြောလို့ဝကြတော့မှ လူကြီးများလည်း နှုတ်ဆက်လိုက်ကြပြီး ဖုန်းချလိုက်ကြလေသည်။ ခေါင်ရိပ်ကတော့ သူ မြို့တော်သို့ ပြန်ရောက်သည့်အချိန်၌ အဖွဲ့လိုက်ဝိုင်းကြပ်ခြင်းကို ခံရတော့မည်ဖြစ်ကြောင်း အလိုအလျောက် သိလိုက်ပါတော့၏။
***
အောက်တိုဘာလ ၂၀ ရက်နေ့၏ ညနေခင်းဖြစ်သည်။
ဂျိုးဇက်နှင့်သျှန်ယုတို့ဟာ မီးမျှောပွဲတော်တွင်တွေ့ခဲ့သော ကယ်ဗင်မင်းသန့်တို့အဖွဲ့နှင့် ညစာအတူစားရန် ချိန်းထားခြင်းမို့ စားသောက်ဆိုင်သို့သွားရာလမ်း၌ ဖြစ်၏။
သျှန်ယုသည် မနေ့တုန်းက နိုဗယ်နှင့်ဒီယမ်တို့နှင့် ယခင်ကကဲ့သို့ လျှောက်သွားဖြစ်ခဲ့သေးသည်။ ထို့ကြောင့် သူတို့၏ပုံများဟာ Social Media ထက် ပလူပျံနေတော့ပြီး ဝေဖန်သူများကြား နာမည်ကြီးနေပါသော်ငြား ကာယကံရှင်များကတော့ ဂရုမစိုက်ကြပါချေ။
နေ့ရက်တို့သည်ကား သည်နေ့အထိ ရောက်လာသည့်တိုင် ဂျိုးဇက်တစ်ယောက်ဟာလည်း ဆလိုင်းအီသန်ကို ပြန်မဆက်သွယ်ဖြစ်သေးပါ။ သူမဆက်သွယ်မချင်း တစ်ဖက်မှ ငြိမ်ငြိမ်သက်သက်နှင့် စောင့်နေသည်မှာလည်း သူ့ကို သိလိုစိတ် ပို၍ပြင်းပြလာစေပါသည့်နှယ်။
ထို့ပြင် တစ်ခါမှမဖြစ်ခဲ့ဖူးသော ကိုယ်တိုင်သတ်မှတ်ထားသည့် ရက်ကိုလွန်သည်အထိ ဆုံးဖြတ်ချက်မချနိုင်သေးသောကြောင့်လည်း မိမိကိုယ်ကိုယ် အားမရနိုင်ပါချေ။
ဂျိုးဇက်၏စိတ်ထဲ၌ ထိုကိစ္စကြောင့် စိတ်ရှုပ်နေရပါသလို ယခုတွင် ချစ်သူနှင့်အတူ လာတွေ့ရသော တစ်ဖက်လူကြောင့်လည်း ပို၍မကြည်မလင် ဖြစ်နေရသည်။
"မောင်ရာ၊ မျက်နှာကို နည်းနည်းပါးပါးလည်း လျှော့ပါဦး"
သျှန်ယုက ချစ်သူ၏ တည်တင်းနေသောမျက်နှာကြောင့် ဘေးတိုက်မြင်နေရသော ပါးပြင်တစ်ဖက်ထက် လက်ညှိုးလေးနှင့် အသာထိုးလိုက်ရင်း ရယ်သံစွက်ကာ ပြောလိုက်ခြင်း။
သို့ပေသည့် ဂျိုးဇက်က ကားကိုသာဆက်မောင်းနေပြီး ဘာမှပြန်မပြောသည်မို့...
"မောင်ပြောတော့ အတူလိုက်ရရင် စိတ်မဆိုးပါဘူးဆို"
"အခုလည်း စိတ်ဆိုးမနေဘူး"
"ဟုတ်လို့လား၊ မျက်နှာကြီးက ဒီလောက်တည်တင်းနေပြီးတော့"
"ကျွန်တော်သဝန်တိုတယ်လို့ ခင်ဗျားကို ပြောထားသားပဲ၊ အခုကလည်း စိတ်ဆိုးနေတာမဟုတ်ဘူး၊ အစကတည်းကကို သဘောမကျတာ"
"အင်းပါ အင်းပါ၊ နောက်ဆို သိပ်မတွေ့ဖြစ်လောက်ပါဘူးကွာ၊ ခုကတော့ လူမှုရေးအရမလို့ပါ၊ အဲ့ဒါကြောင့် မျက်နှာတင်းနေတာကို နည်းနည်းလျှော့ပေးပါဦး၊ နော်"
ထိုအခါတွင်မှ ဂျိုးဇက်၏မျက်နှာသည်လည်း အနည်းငယ်မျှ ပြေလျော့သွားတော့၏။
စားသောက်ဆိုင်၏ ကားပါကင်သို့အရောက်တွင်တော့ ဂျိုးဇက်ဟာ ချစ်သူအား ကားပေါ်မှမဆင်းခင် သေချာစူးစိုက်ကြည့်လိုက်သည်။
"ဘာတုန်း"
သျှန်ယုတစ်ယောက် သူ့လူ့ကန့်လန့်လေး၏ အကြည့်စူးစူးတို့ကြောင့် ရယ်သံစွက်ကာ မေးလိုက်မိခြင်း။
ယခုအချိန်၌ ဂျိုးဇက်က အဖြူရောင်ဆွယ်တာထက် အညိုရောင် Long Coat ကိုဝတ်ထားပြီး Pants အနက်ရောင်နှင့် ဖြစ်၏။
သျှန်ယုကတော့ ပုံစံကျနသော အဖြူနှင့်အနက် အကွက်ဒီဇိုင်းတို့ပါသည့် ခါးစည်းပါ Long Coat အား အဖြူရောင်လည်ပိတ်ဆွယ်တာ၊ Pants တို့နှင့် တွဲဝတ်ထားပြီး ဆံပင်ရှည်တို့ကိုတော့ အမြင့်မြှောက်စည်းထားသည်။ နားတို့ထက်ရှိ တြိဂံသဏ္ဌာန် စိန်နားကပ်တစ်စုံကလည်း သူ၏ပုံစံလေးနှင့် လွန်စွာလိုက်ဖက်နေလေ၏။
သူတို့စုံတွဲတွင် တူညီနေသောအရာတို့မှာတော့ လက်သူကြွယ်တို့ရှိ တန်ဖိုးကြီးပတ္တမြားလက်စွပ်တို့သာပင်။
ဂျိုးဇက်က လှပလွန်းနေသော အစ်ကိုပေါက်စလေးကို ကြည့်ရင်းမှ အလိုမကျဖြစ်စွာဖြင့် ဆိုလိုက်သည်။
"ဘာလို့ ဒီလောက်ထိ ပြင်ဆင်လာရတာလဲ"
"ဟမ်?"
"ဆံပင်တွေကို ချလိုက်၊ မျက်နှာအရမ်းပေါ်လွန်းတယ်၊ လာ မောင်လုပ်ပေးမယ်"
သူဟာ ပြောပြောဆိုဆိုနှင့် ချစ်သူ၏ခန္ဓာကိုယ်လေးအား သူ့ဘက်သို့ ဆွဲယူလိုက်ပြီး စည်းနှောင်ခံထားရသော ဆံပင်တို့ကို လွတ်လွတ်လပ်လပ် ပြန့်ကျစေခွင့်ပြုလိုက်သည်။
သျှန်ယုတစ်ယောက်ကတော့ ချစ်သူ၏လုပ်ရပ်ကြောင့် ရယ်ရခက် ငိုရခက် ဖြစ်နေတော့ရင်း...
"မောင်ဘာတွေလုပ်နေတာတုန်း"
ထိုအခါ ဂျိုးဇက်က ဆံပင်ရှည်လေးများကို လက်ချောင်းတို့ဖြင့် သေသေသပ်သပ် ပြုပြင်ပေးရင်း၊ မျက်နှာလေးကို အုပ်အုပ်လေးဖြစ်နေအောင်လည်း လုပ်နေရင်းမှ ပြန်ပြောလိုက်၏။
"ကျွန်တော့်ချစ်သူကို မရိုးသားတဲ့မျက်လုံးနဲ့ ကြည့်လာမှာ သဘောမကျဘူး၊ တတ်နိုင်သလောက် ဖုံးထားရမှာပဲ"
စကားအဆုံး ဂျိုးဇက်သည် သူ၏ Long Coat ကို ချွတ်လိုက်ပြီးနောက် သျှန်ယုအား အပေါ်မှ ထပ်ဝတ်ပေးလိုက်ပြန်သည်။
"မောင်ရာ၊ လေးတယ်လေလို့၊ ကိုယ့်မှာလည်း Long Coat ပါတာပဲကို"
"ခင်ဗျား Long Coat က ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်လွန်းတယ်"
နောက်ဆုံး၌ သျှန်ယုတစ်ယောက် သဝန်တိုတတ်လွန်းသော ချစ်သူကို လက်မြှောက်လိုက်တော့ပြီး သဘောတကျ ရယ်မောလိုက်ခြင်းနှင့်သာ အလိုလိုက်ပေးလိုက်လေသည်။
ဆိုင်ထဲကိုရောက်တော့ တစ်ဖက်အဖွဲ့က ရောက်နှင့်နေကြပြီး သူတို့ရွေးချယ်ထားသော သီးသန့်ခန်းဟာ စတုရန်းသဏ္ဌာန် လေးနားညီစားပွဲရှိသော အခန်းဖြစ်၏။ ထို့ကြောင့် ဂျိုးဇက်နှင့်သျှန်ယုတို့လည်း တစ်ဖက်တည်း၌ အတူထိုင်လို့ ပိုအဆင်ပြေသွားသည်။
စားပွဲခုံဟာ အပုဖြစ်သည်မို့ ကူရှင်များနှင့်ထိုင်ကြရသည်ဖြစ်ရာ သျှန်ယုတစ်ယောက် ကုတ်အင်္ကျီနှစ်ထပ်အောက် တစ်ယောက်တည်း ဆောင်းလယ်ကာလသို့ ရောက်နေပါသည့်နှယ်။
မည်သို့ပင်ဆိုစေကာမူ အလှလေးက လွန်စွာချစ်ဖို့ကောင်းနေသည်သာဖြစ်ပြီး ချစ်သူ၏ကုတ်အင်္ကျီကို ချွတ်ဖို့ရန်လည်း ဆန္ဒမရှိခဲ့ပါချေ။
သို့ဖြစ်ရာ ကိုသန့်ကပင် သူ့ကို ထုတ်မေးလာရသည်အထိ။
"သျှန်ယုလေး၊ အရမ်းချမ်းနေရင် Air-con ပိတ်ပေးရမလား"
"ရတယ် ကိုသန့်၊ ဒီလိုနေရတာ ပိုအဆင်ပြေတယ်"
ကာယကံရှင်က ထိုသို့ပြောသော်ငြား ကြည့်နေကြရသော ဆရာဝန်များကတော့ တတိယသခင်လေး နေမကောင်းဖြစ်နေတာလားဟူ၍ တွေးမိလာကြတော့သည်။
ထိုစဉ်၌ ဂျိုးဇက်ဟာလည်း သူ့အစ်ကိုငယ်လေး သူ့ကြောင့် ဒုက္ခခံနေရသလို ဖြစ်နေသောကြောင့် ပုခုံးလေးထက် ခပ်ဖွဖွသိုင်းဖက်ကာ ပြောလိုက်၏။
"မောင့် Coat ကို ပြန်ချွတ်လိုက်တော့၊ ဒီတိုင်းဆို စားရတာ အဆင်ပြေမှာမဟုတ်ဘူး"
"မောင် ခွံ့ကျွေးလေ"
ထိုသို့ပြန်ပြောလိုက်ပြီးနောက် သျှန်ယုဟာ ကုတ်အင်္ကျီကြီးအောက်မှ ခန္ဓာကိုယ်လေးအား အနည်းငယ်ကျုံ့လိုက်ရင်း တစ်ဖက်ရှိအယ်လ်ဖာသုံးယောက်ကို ခပ်ပြုံးပြုံးမျက်နှာလေးနှင့် ကြည့်ကာ ဆိုလိုက်၏။
"ဒီညနေမှ သိပ်နေလို့မကောင်းဖြစ်ချင်နေလို့ ကျွန်တော်တို့ကို နားလည်ပေးကြပါဦး၊ တော်ကြာ ဒီအတွဲ ငါတို့ရှေ့ လာ Ro နေတယ်ဆိုပြီး အစားအသောက်ပျက်နေကြမှာစိုးလို့"
တတိယသခင်လေး၏ တရင်းတနှီးပြောဆိုဟန်လေးကြောင့် ဖော်ရွေတတ်သော ကိုသန့်၏မိတ်ဆွေနှစ်ယောက်ဟာ သဘောတကျရယ်မောလိုက်ကြပြီး တစ်ယောက်က ပြန်ပြောလိုက်သည်။
"ခုလို ပွင့်ပွင့်လင်းလင်းပြောမှတော့ ကျွန်တော်တို့လည်း နေရမခက်တော့ပါဘူးဗျာ၊ သခင်လေးတို့နှစ်ယောက် အဆင်ပြေသလိုသာ နေကြပါ၊ ဒါနဲ့ နေသိပ်မကောင်းဘူးဆိုတော့ ကျွန်တော်တို့ စစ်ဆေးပေးရဦးမလား"
ထိုသူ၏စကားအဆုံး ကိုသန့်ကလည်း စိုးရိမ်မျက်ဝန်းတို့နှင့် ကြည့်နေရင်းမှ မေးလာ၏။
"ဘယ်နားက နေလို့မကောင်းတာလဲ၊ နေဦး၊ မေးနေတာထက် စစ်ဆေးလိုက်တာက ပိုမြန်တယ်၊ ကားထဲကပစ္စည်းတွေ အရင်သွားယူလိုက်မယ်"
ကိုသန့်၏မိတ်ဆွေဟာ တော်ဝင်မျိုးနွယ်တစ်ယောက်က သူ့အား ခန္ဓာကိုယ်ကို လက်လွတ်စပယ် စစ်ဆေးခွင့်ပေးလိမ့်မည်ဟု မထင်သောကြောင့် ခွင့်ပြုချက်တောင်းရုံထိပဲ မေးခဲ့သော်ငြား တော်ဝင်မျိုးနွယ်များနှင့် အတော်လေးရင်းနှီးသော ကိုသန့်ကတော့ သူ့ဆုံးဖြတ်ချက်နှင့်သူ ထသွားဖို့ ပြင်လိုက်ပါ၏။
ထို့ကြောင့် သျှန်ယုက ချက်ချင်းတားလိုက်ရလေသည်။
"အာ မဟုတ်တာ၊ ကိုသန့်၊ ပြန်ထိုင်လိုက်၊ ကျွန်တော့်အခြေအနေက စစ်ဆေးရလောက်တဲ့ထိ မဟုတ်ပါဘူး၊ ဒီတိုင်း ပင်ပန်းနေလို့ ချမ်းပြီး... အာ့!"
"ဘာဖြစ်တာလဲ"
"သျှန်ယုလေး၊ ဘာဖြစ်လို့လဲ"
ရုတ်ချည်းဆိုသလို လည်ဂုတ်ထက် လက်တစ်ဖက်နှင့်အုပ်ပြီး ညည်းသံပြုကာ ခေါင်းငုံ့ကျသွားသူကြောင့် ဂျိုးဇက်နှင့်ကိုသန့်တို့၏ စိုးရိမ်တကြီးမေးခွန်းတို့က ရှေ့ဆင့်နောက်ဆင့် ထွက်လာကြခြင်း။
ထိုစဉ်၌ အိုမီဂါလေးထံမှ နွေဦးရနံ့လေးများဟာ Pheromone Gland ပေါက်ကွဲထွက်သွားသည့်အလား အခန်းတစ်ခုလုံးအတွင်း ယိုစိမ့်ပျံ့နှံ့သွားတော့သည်မှာ လျင်မြန်လွန်းစွာပင်။
"ဟ! ငါအဆင်မပြေတော့ဘူး"
"ငါရောပဲ၊ ဆေးမြန်မြန်သွားထိုးရအောင်"
ကိုသန့်၏မိတ်ဆွေ အယ်လ်ဖာနှစ်ယောက်သည် သာမန်အယ်လ်ဖာများသာ ဖြစ်ကြသောကြောင့် ထိုသို့ဆိုကြပြီးနောက် နေရာမှ ချက်ချင်းထလိုက်ကြသည်။
"အာ့..."
"ကိုငယ်၊ ခဏသည်းခံနော်၊ ကျွန်တော်တို့ ဆေးရုံကို..."
လွန်စွာနာကျင်နေဟန်ရှိသော ချစ်သူအား ဂျိုးဇက်က အမြန်ပွေ့ချီလိုက်လျက် နှစ်သိမ့်လိုက်ခြင်းဖြစ်ပြီး သူ့စကားသံရပ်သွားသည်မှာတော့ အခန်းတွင်း ပြင်းထန်လွန်းသော အဆင့်မြင့်အယ်လ်ဖာ Pheromones တို့က ကယ်ဗင်မင်းသန့်ဆီမှ ထွက်လာသောကြောင့်ပါပင်။
ထို့ကြောင့် ဂျိုးဇက်၏ ပင်လယ်ရနံ့ Pheromones များသည်လည်း ရန်လိုခြင်းအပြည့်နှင့် ပေါ်ထွက်လာကြတော့၏။
ဂျိုးဇက်ဟာ ရိုင်းစိုင်းစွာပင် ဒေါသတကြီး အော်ပြောလိုက်သည်။
"ခင်ဗျားရဲ့ သောက် Pheromones တွေကို သိမ်းထား!!!"
ထိုအခါ ကယ်ဗင်မင်းသန့်ကလည်း ဒေါသတကြီး ပြန်အော်လိုက်၏။
"ငါတမင်ထုတ်နေတာ မဟုတ်ဘူးကွ!!!"
ထိုစဉ်၌ ဂျိုးဇက်ကတော့ နာကျင်နေသောချစ်သူအား ပွေ့ချီကာ ခြေလှမ်းကျဲတို့ဖြင့် ထွက်သွားတော့ပြီဖြစ်သည်။
***
To be continued...
YOU ARE READING
'The Moon Pulls The Tide' (Season 2 of IBYLM)
Romanceဤဇာတ်လမ်းသည် 'I Bet You Love Me' ၏ Season 2 or Side story ဖြစ်သည့်အတွက် Season 1 ကို မဖြစ်မနေဖတ်ရှုဖို့ လိုအပ်ပါသည်။ [Zawgyi] ဤဇာတ်လမ်းသည် 'I Bet You Love Me' ၏ Season 2 or Side story ဖြစ်သည့်အတွက် Season 1 ကို မဖြစ်မနေဖတ်ရှုဖို့ လိုအပ်ပါသည်။