Chapter - 58

22.4K 1.3K 201
                                    

မေလ ၁၅ ရက်နေ့။

ယနေ့ဟာ ခေါင်ရိပ်လင်းသွင်နှင့် စစ်တောင်းလင်းယျာတို့၏ မင်္ဂလာနေ့ရက် ဖြစ်၏။

သူတို့၏ မင်္ဂလာပွဲကျင်းပရာနေရာသည် မြို့စွန်ဘက်ခြမ်းမှ အပန်းဖြေစံအိမ်ဝင်းကြီး တစ်လုံးထဲ၌ ဖြစ်သည်။ ယင်းစံအိမ်ကို သူတို့နှစ်ယောက် လက်ထပ်ဖို့ ရည်ရွယ်ထားကြပြီးမှ အတူဝယ်ထားကြခြင်းဖြစ်ပြီး အတွင်းနှင့်အပြင်တို့ကိုလည်း နှစ်ယောက်စိတ်တိုင်းကျ ပြင်ထားကြခြင်း ဖြစ်၏။

အပန်းဖြေစံအိမ်ဝင်းကြီးဟာ အတော်လေးကျယ်ဝင်းလှပြီး ပတ်ဝန်းကျင်တစ်ခုလုံး၌ အစိမ်းရောင် အပင်ကြီး၊ အပင်ငယ်များနှင့် ပြည့်နှက်နေသည်မို့ မြို့လယ်ခေါင်မှလာသူများအတွက် မျက်စိအေးစရာဖြစ်သည်။ လမ်းမနှင့်အနည်းငယ်လှမ်းသော နေရာတွင်ဖြစ်သောကြောင့်လည်း ယာဉ်သံများတိတ်ဆိတ်နေသည်မို့ ပို၍အေးချမ်းသည်ဟု ခံစားရစေနိုင်၏။ အထူးသဖြင့် ထိုစံအိမ်ဝင်းထဲရှိလေထုမှာ သစ်ပင်များအကြားမှ လေထုဖြစ်သည်မို့ မြို့ထဲရှိလေထုထက် များစွာပို၍ လတ်ဆတ်ပေသည်။

ယခုတွင်တော့ မင်္ဂလာအချိန်အခါဖြစ်သည့်အားလျော်စွာ စံအိမ်ဝင်းအတွင်း အခမ်းအနားအတွက် ပြင်ဆင်မှုများရှိ၏။ ရိုးရိုးရှင်းရှင်းကိုသာ ကြိုက်တတ်ကြသော အရွယ်ရောက်ပြီး အမျိုးသားနှစ်ယောက်၏ မင်္ဂလာပွဲဖြစ်သည်မို့ အခမ်းအနားပြင်ဆင်မှုများမှာလည်း လွန်စွာရိုးရှင်းလှပေသည်။

လေးထောင့်စားပွဲများကို စားပွဲတန်းအရှည်ကြီးဖြစ်အောင် ဆက်ထားသောအတန်းက စုစုပေါင်း ၅ တန်း ရှိ၏။ စားပွဲတန်းများထက်၌ အဖြူရောင်ဇာစားပွဲခင်းများကို အပြည့်ခင်းထားပြီး အလယ်နေရာတို့တွင်တော့ ပန်းအလှပြင်ဆင်မှုများ ရှိသည်။ ထိုစားပွဲတန်းတို့၏ တစ်ဖက်တစ်ချက်စီ၌ကား အဖြူရောင်ကုလားထိုင်များက တစ်ဖက်တွင် ၁၅ လုံးစီ ရှိကြလေ၏။

သတို့သားနှစ်ယောက်ဟာ Private Wedding ကိုသာ ကျင်းပကြခြင်းဖြစ်သော်ငြား သူတို့နှစ်ယောက်စလုံးက လူမှုအသိုင်းအဝိုင်းတွင် ဝင်ဆန့်သူများ ဖြစ်ကြသည်မို့ နှစ်ယောက်ပေါင်းလိုက်လျှင် မဖိတ်မဖြစ်သော ဧည့်သည်များက မည်သို့ပင် စစ်ချချ၊ တစ်ရာတော့ကျော်သည်သာ။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now