သျှန်ယု၏အော်သံကြောင့် အနီးတဝိုက်ရှိ သစ်သားအိမ်များထဲတွင် တည်းခိုနေကြသော တော်ဝင်သက်တော်စောင့်များ၊ အစောင့်အရှောက်များနှင့် ဆရာဝန်များအားလုံး ထွက်လာကြပြီး သစ်သားတံတားထက်၌ လူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေ၏။
အရင်ဆုံး အနားသို့ရောက်လာကြသူများမှာတော့ သက်တော်စောင့်ခေါင်းဆောင်နှစ်ယောက် ဖြစ်သည်။
"သခင်လေး ခဏဖယ်ပေးပါ၊ ကျွန်တော်တို့ ကြင်ယာတော်ကို အမြန်တွဲခေါ်သွားပေးပါ့မယ်"
သူတို့ရှိနေကြရာ သစ်သားတံတားလေးက ကျဉ်းသည်မို့ အခြေအနေအရ သက်တော်စောင့်ခေါင်းဆောင်က ဆိုလိုက်ခြင်း။ ထိုအခါ စိုးရိမ်စိတ်တို့ဖြင့် မျက်နှာလေးနီရဲနေပြီး ခင်ပွန်းဖြစ်သူ၏လက်မောင်းကို လက်အစုံဖြင့်ကိုင်ထားသော သျှန်ယုက ချက်ချင်းနောက်ဆုတ်ပေးလိုက်၏။
"ကြင်ယာတော် လမ်းလျှောက်နိုင်ရဲ့လား၊ ကျွန်တော်တို့ ကုန်းပိုးပေးရမလား"
"ရ တယ်"
ဂျိုးဇက်ဟာ 'လမ်းလျှောက်နိုင်သည်' ဆိုသော သဘောဖြင့် ပြန်ဖြေလိုက်ခြင်း ဖြစ်သည်။ သူသည် ရင်ဘတ်ထဲမှ ခံရခက်သောဝေဒနါကို အံကြိတ်ကာ တောင့်ခံနေရခြင်းမို့ အသံကလည်း အံကြိတ်သံနှင့်ဖြစ်ပြီး စကားအဆုံး ညာဘက်နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းက ပို၍ကျလာ၏။ ထိုအခါ သွေးစက်တို့က သူဝတ်ဆင်ထားသော အင်္ကျီအဖြူ၏ ရင်ဘတ်ထက် ထင်ရှားစွာ စွန်းထင်းစေတော့သည်။
"လမ်းဖယ်! လမ်းဖယ်!"
"အားလုံး ဘေးဖယ်ထားကြ!!!"
ရှေ့မှသက်တော်စောင့်များ၏ လမ်းရှင်းပေးသောအသံဖြစ်ပြီး ဂျိုးဇက်ဟာ သက်တော်စောင့်ခေါင်းဆောင်နှစ်ယောက်၏ တွဲခေါ်မှုဖြင့် သူတို့တည်းခိုကြသည့် သစ်သားအိမ်လေးဆီသို့ စိတ်ကိုတင်းကာ အမြန်ရောက်အောင် သွားလိုက်၏။ သုံးယောက်သား၏ခြေလှမ်းတို့က ကျဲလွန်းသည်မို့ နောက်မှ သျှန်ယုတစ်ယောက် အပြေးလေးလိုက်ရလေသည်။
တည်းခိုကြသည့်အိမ်ထဲသို့ အရောက်တွင်တော့ သျှန်ယုဟာ အီသန်၏မျက်ရိပ်ပြမှုကြောင့် သူတို့ကိစ္စများကို သိထားကြသော အစောင့်အရှောက်များ၊ သက်တော်စောင့်ခေါင်းဆောင်နှစ်ယောက်နှင့် ဆရာဝန်အဖွဲ့ခေါင်းဆောင်တစ်ယောက်တို့ကိုသာ အိမ်ထဲ၌ ကျန်စေခဲ့ပြီး တံခါးများအားလုံးကို ပိတ်စေလိုက်၏။
YOU ARE READING
'The Moon Pulls The Tide' (Season 2 of IBYLM)
Romanceဤဇာတ်လမ်းသည် 'I Bet You Love Me' ၏ Season 2 or Side story ဖြစ်သည့်အတွက် Season 1 ကို မဖြစ်မနေဖတ်ရှုဖို့ လိုအပ်ပါသည်။ [Zawgyi] ဤဇာတ်လမ်းသည် 'I Bet You Love Me' ၏ Season 2 or Side story ဖြစ်သည့်အတွက် Season 1 ကို မဖြစ်မနေဖတ်ရှုဖို့ လိုအပ်ပါသည်။