Chapter - 15

25.2K 1.6K 155
                                    

ဇွန်လဒုတိယပတ်၏ သောကြာနေ့တွင်မှ သျှန်ယုဟာ သူငှားထားသောအိမ်သို့ ရောက်ရှိသွားပါတော့၏။ အိမ်ရှင်က အသက် ၄၀ ကျော်အရွယ် အမျိုးသမီးဘီတာတစ်ဦးဖြစ်ပြီး သူ(မ) ဟာ သျှန်ယုအား အိမ်၏ဖွဲ့စည်းပုံနှင့် ခြံတွင်းတို့ကို သေချာလိုက်ပြခဲ့သည်။

သည်ရပ်ကွက်အတွင်း၌ ခြံဝင်းများအားလုံးကို သံဇကာတို့ဖြင့်သာ ကာရံတတ်ကြသည်မို့  ခြံဝင်းတစ်ခုနှင့်တစ်ခု ထွင်းဖောက်၍ မြင်နိုင်လေ၏။ ထို့ပြင် ခြံဝင်းတစ်ခုမှ စိုက်ထားသော ပန်းနွယ်များဟာ အခြားခြံဝင်း၏ စည်းရိုးတို့ထက် ကျော်တက်နေကြသည်မှာလည်း အများအပြားပါပင်။

"ဒီအိမ်တွေကိုဆောက်ပြီးကတည်းက အစ်မတို့မိသားစု တစ်ခါမှမနေခဲ့ဖူးသေးဘူး၊ စီးပွားရေးကိစ္စတွေအားလုံးက မြို့လယ်ခေါင်ကိုရောက်သွားတာနဲ့ မိသားစုလိုက် အဲ့မှာပဲ သောင်တင်နေကြတော့တာပဲ၊ ဒါပေမဲ့ ငွေပြန်ပေါ်လာအောင် ရောင်းဖို့ကျတော့လည်း မင်္ဂလာဦးလက်ဆောင်ရခဲ့တဲ့ ဒီခြံကြီးအပေါ် စွဲလမ်းနေမိပြန်ရောလေ၊ အစ်မထက် ပိုဆိုးတာကတော့ အစ်မခင်ပွန်းနဲ့ ကလေးတွေပဲ၊ သူတို့ကျ ဒီရပ်ကွက်ကို အရမ်းချစ်ကြတာ၊ ဒါကတော့ မောင်လေး နေကြည့်ဖူးသွားရင် သိလာပါလိမ့်မယ်၊ မြို့တော်တစ်ခုလုံးမှာ အစည်းလုံးဆုံးနဲ့ အအေးချမ်းဆုံးရပ်ကွက်ကို ပြပါဆိုရင် အစ်မကတော့ ဒီရပ်ကွက်ကိုပဲ လက်ညှိုးထိုးပြမိမှာ"

ထိုအမျိုးသမီး၏အပြောကို သျှန်ယုက ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေခဲ့ရင်းမှ ပြန်မေးလိုက်သည်။

"အစ်မတို့က ဒီမှာ ဘယ်တုန်းကနေခဲ့ဖူးတာလဲ၊ ရပ်ကွက်အကြောင်းကိုတော့ ကျွန်တော်လည်း ကြားဖူးပါတယ်၊ ဒီမှာနေကြတဲ့သူတွေက အရမ်းသဘောကောင်းကြတယ်ဆိုလားပဲ"

သျှန်ယုဟာ ယခုအချိန်၌လည်း ရထားစီးသည့်နေ့ကအတိုင်း ရုပ်ဖျက်ထားခြင်းဖြစ်ပြီး ဆံပင်ရှည်များကိုတော့ အပေါ်တစ်ဆင့်အား စုချည်ထုံးဖွဲ့ထားလေ၏။ ထို့ကြောင့် သူ၏ ညိုညစ်ညစ်၊ ရုပ်ဆိုးဆိုးမျက်နှာလေးအား သိသိသာသာပေါ်လွင်နေစေတော့ပြီး သူ့ခန္ဓာကိုယ်ထက်၌လည်း ခပ်ပေါပေါ အဝတ်အစားတို့သာ ရှိနေလေသည်။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now