Chapter 7

2.4K 201 0
                                    

The Richest Daughter is Three and a Half Years Old Chapter 7 :
မူလက ခရီးစဉ်မှာ လေးနာရီကြာ ပျံသန်းမည့်ခရီးစဉ်ဖြစ်ခဲ့ပြီး နေ့လည် နှစ်နာရီမတိုင်မီ လေဆိပ်သို့ ဆင်းသက်လာနိုင်မည် ဖြစ်၏။ သို့သော် ယခုတွင် သူတို့ကတော့ အဝတ်အစားများလဲကာ ညစာသွားစားရန် အသင့်တောင် ဖြစ်နေကြပြီ ဖြစ်သည်။ ယခုအချိန်ထိ လေယာဉ်နှင့် ပတ်သက်သော ဘာသတင်းတစ်ခုမှ မရကြသေးပေ။ လေယာဉ်ပေါ်တွင် လိုက်ပါသူအားလုံး ကံဆိုးမိုးမှောင်ကျနေကြမလား တွေးရင်း စိုးရိမ်ကြောက်ရွံ့လို့ နေကြသည်။
ထိုကဲ့သို့သော ဖြစ်ရပ်ကြီးကို ဖုံးကွယ်ထားမည်ဆိုတောင် ဖုံးကွယ်လို့ ရနိုင်မည် မဟုတ်။ လူအများအပြား လိုက်ပါစီးနှင်းခဲ့ကြသည် ဖြစ်ရာ
မိသားစုဝင်များတောင် အကြောင်းကြားမှု မရရှိသေးခင် ထိုသတင်းမှာ အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်၏။ ထိုသူများအား နှစ်သိမ့်ပေးနိုင်ရန် အတွက် လေယာဉ်ထံမှ အဆက်အသွယ်ရပြီးသည်နှင့် လေကြောင်းကုမ္ပဏီမှ ထိုသတင်းအား ဆက်လက်၍ ဖုံးကွယ်ထားလိမ့်မည် မဟုတ်။
သို့သော် ယခုအချိန်ထိ ဘာရလဒ်မှ ထွက်မလာသေးသလို လေယာဉ်မှာလည်း ပြဿနာရှိနေပုံပေါ်၏။
ဝိန်ဖန်ချူး၏ခန္ဓာကိုယ်မှာ အလောင်းကောင်ကဲ့သို့ မာတောင့်သွား၏။
သိပ်မကြာမီ အသိပြန်ဝင်လာပြီး ပြန်ဖြေလိုက်သည်။
"ကျွန်တော်တို့ အားလုံး အဆင်ပြေပါတယ် …မြောင်မြောင်ပြောတာ နားထောင်ပြီး ကျွန်တော်တို့ ခရီးစဉ်ပြောင်းခဲ့လိုက်တာ"
အကယ်၍ မြောင်မြောင်သာ ရေပူစမ်းတင်မက ဝိန်ဖုချိန်၏ ဂျက်လေယာဉ်စီးဖို့ပါ မပူဆာခဲ့ရင် ခုဆို သူတို့ငါးယောက်လုံး ဘယ်ရောက်လို့နေမည် မသိ။
ဖူ့ရုံနှင့် အနည်းငယ် စကားပြောပြီးနောက် ဝိန်ဖန်ချူးသည် မြောင်မြောင်ထံသို့ ဖုန်းလှမ်းပေးလိုက်သည်။
မြောင်မြောင်၏ လက်မှာ အလွန်သေးငယ်သောကြောင့် ဝိန်ဖန်ချူး၏ ဖုန်းကို သူမ၏ လက်နှစ်ဖက်ဖြင့် လက်ခံယူလိုက်သည်။ ထို့နောက်
သူမ၏ နားနားလေးသို့ ကပ်လိုက်ရင်း ပြန်ဖြေလိုက်သည်။
"မေမေ မြောင်မြောင် လိမ်လိမ်မာမာ နေ,နေတယ် …ကိုကြီးနဲ့ မရီးရဲ့စကားကိုလည်း နားထောင်တယ်"
"ဟုတ်ပါပြီ မြောင်မြောင် လိမ္မာတာ မေမေသိပါတယ်…ခုရက်ပိုင်း မြောင်မြောင်က အပြင်မှာဆိုတော့ ကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်ဦးနော်
တစ်ခုခုလိုတာရှိရင် ကိုကြီးနဲ့ မရီးကို ပြောနော် ဟုတ်ပြီလား"
ဖူ့ရုံသည် အလေးအနက် တိုက်တွန်းနေခဲ့သည်။
သူမ သမီးလေးမှာ ထွက်သွားလုနီးပါး ဖြစ်ခဲ့တာကြောင့် အရမ်းကို စိတ်ပူနေခဲ့သည်။ သို့သော် ယခုတွင် သူမ၏ သမီးမှာ အပြင်ရောက်နေသောကြောင့် သူမအနေဖြင့် ပါးစပ်ဖြင့်သာ မှာကြားနိုင်တော့သည်။
"ဟုတ် မြောင်မြောင် ဂရုစိုက်ပါ့မယ်"
ဖူ့ရုံ မမြင်ရတာကို သတိမရဘဲ လျင်လျင်မြန်မြန် ခေါင်းလေးငုံ့ကာ ပြောရှာ၏။
ဝိန်ဖန်ချူး၏ ပုံစံမှာ အနေအထားမမှန်တာကို မြင်တော့ ကျန်းဖန်ဖန်က မေးလိုက်သည်။
"ယောက်ျား ဘာဖြစ်လို့လဲ?  ဖုန်းပြောပြီးနောက် ရှင့်ကြည့်ရတာ ထူးဆန်းနေသလိုပဲ"
"မိန်းမ လတ်တလောရှာဖွေချက်တွေကို ရှာကြည့်လိုက် …အန်တီက ပြောတယ် ကိုယ်တို့စီးဖို့ လုပ်ထားတဲ့ လေယာဉ်နဲ့ အဆက်အသွယ် မရလို့တဲ့ … ဘာသတင်းမှ ခုထိ မရသေးဘူး"
ဝိန်ဖန်ချူးက ဆို၏။
ကျန်းဖန်ဖန်လည်း အံ့အားသင့်သွားပြီး ခဏအကြာတွင် weibo ပေါ်တွင် ထိုသတင်းအား အမြန်စစ်ဆေးလိုက်သည်။ လေယာဉ်ပျောက်ဆုံးနေသည့် သတင်းမှာ hot search တွင် ရှိနေခဲ့၏။ လက်မှတ်ဝယ်ယူမည့် ငွေချေသည့် app ကို နှိပ်ကြည့်လိုက်ရာ ထိုလေယာဉ်မှာ သူတို့ဘွတ်ကင်ယူထားခဲ့သည့် လေယာဉ်လမ်းကြောင်း ဖြစ်နေခဲ့သည်။
ကျန်းဖန်ဖန်၏ ရင်ထဲမှာလည်း လှစ်ခနဲ့ အေးစက်သွားခဲ့ပြီး ခြေထောက်များ ယိုင်ခွေသွားကာ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။
"အမေ့?"
အမေဖြစ်သူ၏ ပုံစံကြောင့် ရှုံသာ့သည် စိုးရိမ်စွာဖြင့် လှမ်းမေးလိုက်သည်။
ရှုံအယ်ကတော့ နားမလည်ဟန်ဖြင့်  သူ့ဆံပင်သူ ကိုင်လို့နေ၏။
ကလေးသဘာဝအနေဖြင့် သေခြင်း ရှင်ခြင်း၏ သဘောသဘာဝ အကြောင်းကို နားလည်လိမ့်မည် မဟုတ်။ အရွယ်ရောက်သူကသာ
ထိုသဘောကို နားလည်နိုင်ပြီး အထူးသဖြင့် ချမ်းသာသော သူများသည် သေခြင်းကို ပို၍ ကြောက်တတ်၏။
ငယ်ငယ်ရွယ်ရွယ်နဲ့ သေလုနီးပါးဖြစ်ရပ်ကို ကြုံတွေ့လိုက်ရတော့ ကျန်းဖန်ဖန်အနေဖြင့် အသက်ရှူဖို့တောင် ခက်ခဲမိ၏။
သူမသည် ချမ်းသာသော ကျောက်ကုန်သည် မိသားစုမှ မွေးဖွားလာခဲ့သူ ဖြစ်သည်။ သူမ တက္ကသိုလ်တတ်နေစဉ် ဝိန်ဖန်ချူးဖြင့် တွေ့ဆုံခဲ့ပြီး
ဘွဲ့ရပြီးသည်နှင့် ဝိန်ဖန်ချူးဖြင့် လက်ထပ်ခဲ့သည်။ လက်ထပ်ပြီးနောက် သူတို့နှစ်ဦး၏ လင်မယားဆက်ဆံရေးမှာ ကောင်းမွန်သည့်အပြင်
မိဘများမှလည်း ဝိန်ဖန်ချူးကို အလွန်နှစ်သက်၏။ထို့အပြင် မြေးလေးနှစ်ယောက်အပေါ်မှာလည်း အချစ်ပိုလို့နေ၏။
အကယ်၍ ထိုဖြစ်ရပ်ထဲသာ ပါသွားခဲ့ရင် လူကြီးများ ရင်ကျိုးရမှာကို ကြောက်မိ၏။
ကျန်းဖန်ဖန်သည် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။ မြောင်မြောင်သည်လည်း ဖုန်းပြောလို့ပြီးသည်ဖြစ်ရာ ဖုန်းကို ချလိုက်ပြီး
ဝိန်ဖန်ချူးလက်ထဲသို့ ပြန်အပ်လိုက်သည်။
"ကိုကြီး မြောင်မြောင် ပြီးပြီ"
"ဟုတ်ပါပြီ"
ဒီတစ်ခါမှာတော့ ဝိန်ဖန်ချူး၏ အသံမှာ အနည်းငယ် တုန်လှုပ်လျက် ရှိရာ မြောင်မြောင်ကို ကြည့်ရင်း အနည်းငယ် ထူးဆန်းမိ၏။
ဝိန်ဖုချိန်တွင်လည်း ကျန်းမာရေးချို့ယွင်းချက် ရှိနေခဲ့၏။
သို့သော် မြောင်မြောင်၏ အကြံပေးမှုကြောင့် ဆေးစစ်ခဲ့၏။
ထိုကိစ္စကို တစ်အိမ်သားလုံး သိ၏။ ကိုယ့်ခန္ဓာကို ဂရုမစိုက်သည့်အပေါ် ဖူ့ရုံအနေဖြင့် တစ်ကြိမ်မက ဆူပူခဲ့ဖူးသည်။ အကယ်၍ မြောင်မြောင်သာ ဆေးစစ်ဖို့အကြံမပေးခဲ့ရင် ဝိန်ဖုချိန်၏ ရောဂါမှာ အချိန်တစ်ခုကြာမှသာ သိရှိပေတော့မည်။
ထို့အပြင် ဒီလပြီးရင် စစ်လိုက်မယ် ဆိုသည့် စကားက ဝိန်ဖုချိန် အမြဲပြောနေသော စကားဖြစ်၏။သို့သော် သူ့အနေဖြင့် ဆေးရုံကို သွားဖို့ ဘယ်မှာအချိန်ရှိမတဲ့တုန်း။ အရင်နှစ်ကလည်း ဆေးရုံမှာ ချိန်းထားသည့် ရက်ချိန်းထက် နှစ်လနောက်ကျပြီးမှ သွားခဲ့ရသည်။
ဒီတစ်ခေါက်တွင်လည်း မြောင်မြောင်မှ ကလေးပီပီ ဂျီကျခဲ့ရာမှ သူတို့ငါးယောက်၏ အသက်ကို ကယ်တင်နိုင်ခဲ့၏။
နှစ်ကြိမ်တောင် ဒါ တကယ်ပဲ တိုက်ဆိုင်မှု သက်သက်ပဲလား။
ဝိန်ဖန်ချူးသည် ဆောင့်ကြောင့်ထိုင်လိုက်ကာ သူ၏ ညီမလေးကို ကြည့်လိုက်ရင်း ဆိုလိုက်သည်။
"မြောင်မြောင် ကိုကြီးကို ပြောပါဦး မြောင်မြောင် တကယ်ပဲ ရေပူစမ်းကို သွားချင်ခဲ့တာလား"
အစကတည်းက မြောင်မြောင် ခရီးစဉ်ပြောင်းလဲခဲ့သည့်အပေါ် ထူးဆန်းမိခဲ့သည်။ စောစောစီးစီးက မဟုတ်ဘဲ လေယာဉ်လက်မှတ် ဖြတ်ပြီးကာမှ ပြောတယ်တဲ့လား။ ရှုံသာ့ ရှုံအယ်တို့၏ တိုက်တွန်းမှုအရ ထိုနေရာတွင် bump man ရှိကြောင်း လိမ်လည်ပြီးတောင် ပြောလိုက်သေး၏။ ဘယ်နေရာမှာ bump man က ရှိမှာတဲ့တုန်း။
ထိုအချိန်တုန်းက မြောင်မြောင်တစ်ယောက် တဇွတ်ထိုးနိုင်တယ်လို့ ထင်ခဲ့မိသည်။ ထို့အပြင် မြောင်မြောင်သည် ဦးလေးနှင့် အန်တီလေးတို့ လက်ထဲမှာတင် ကြီးပြင်းလာသူဖြစ်၏။ ဦးလေးနှင့် ဒေါ်လေးတို့မှာ မြောင်မြောင်၏ ပညာရေးကို အလွန်အလေးပေးသူများ ဖြစ်သည့်အလျောက် မြောင်မြောင်အား တဇွတ်ထိုးနိုင်ပြီး မောက်မာသည့် ကလေးတစ်ယောက် မဖြစ်စေရန် ကာကွယ်ပေးခဲ့သည်။ သို့သော် လက်ခုပ်ထဲက ပုလဲလုံးကဲ့သို့ မြောင်မြောင်ကျန်းမာရေး မကောင်းမည့်အရာတွေက လွဲ၍ ကျန်တာမှန်သမျှ သူမစိတ်ကြိုက် ခွင့်ပြုပေးခဲ့သည်။
သို့ဖြစ်သောကြောင့် မြောင်မြောင်သည် ကလေးဆန်ဆန် ဂျီကျကာ ခရီးစဉ်ပြောင်းခဲ့သည့်အလျောက် သူ၏ စိတ်ကလည်း မသိမသာ လက်ခံပေးခဲ့မိသည်။ မည်သို့ပင် ဖြစ်စေကာမူ သူအနေဖြင့် တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ခရီးထွက်ရသောကြောင့် ထိုမြို့ငယ်လေးဆီ ခဏတဖြုတ်တောင် အလည်မသွားနိုင်ခဲ့ပေ။
သို့သော် သူ ထင်မှတ်မထားသည်မှာ ဒီတစ်ကြိမ် သူ စိတ်ပြောင်းလိုက်လို့သာလျှင် သူတို့ငါးယောက်လုံး၏ အသက်ကို ကယ်တင်နိင်ခဲ့၏။
မြောင်မြောင်မှာ ခဏလောက် ထိတ်လန့်သွားပြီး အပြစ်ရှိသော ကလေးလေးပမာ ခေါင်းလေးငိုက်လျက် ဆိုလိုက်သည်။
"အရင်က မြောင်မြောင် ကာတွန်းတွေကို ကြည့်တုန်းက အဲ့လို ရေပူစမ်းထဲမှာ ရေစိမ်ချင်ခဲ့တာ…ရှုံသာ့ ရှုံအယ်ကို တမင် လှည့်စားတာတော့ မဟုတ်ပါဘူး ဒီတိုင်း သူတို့ မကြိုက်ကြမှာ ဆိုးလို့ ပြောမိလိုက်တာပါ…မြောင်မြောင်မှားမှန်း သိပါပြီ"
ဝိန်ဖန်ချူးသည် သူမကို ခဏတဖြုတ်ကြည့်လိုက်ပြီး စိတ်ထဲတွင် ညီမဖြစ်သူမှာ တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြောင်း ခံစားမိ၏။ သို့သော် ထိုအရာမှာ ဆိုးတဲ့ကိစ္စမဟုတ်ဘဲ ကောင်းသောကိစ္စသာ ဖြစ်၏။
သူသည် မြောင်မြောင်၏ ခေါင်းကို ပွတ်သပ်လျက်။
"ကိုကြီးက မြောင်မြောင်ကို အပြစ်ပြောနေတာ မဟုတ်ပါဘူး… ဒီတခေါက် မြောင်မြောင်လုပ်ခဲ့တာ အရမ်းတော်တယ်…ပြန်ရောက်ရင် ညီမလေးအတွက် ဘာဘီရုပ်လေးတွေ ဝယ်ပေးမယ်"
မြောင်မြောင်၏ မျက်ဝန်းများမှာ ရုတ်ခြည်း လင်းလက်သွားကာ ပြန်ဖြေလိုက်သည်။
"မြောင်မြောင် ကလေးအင်္ကျီလေးတွေလည်း လိုချင်သေးတယ်…"
"ဟုတ်ပါပြီဗျာ အကုန်ဝယ်ပေးမယ်"
ဝိန်ဖန်ချူးသည် ပြုံးလိုက်ပြီး သူမ၏ ပါးပြင်နုနုလေးကို ညှစ်လိုက်သည်။
မြောင်မြောင်တွင် အရုပ်များများစားစား မရှိပေ။ အရုပ်များဖြင့် အချိန်ကုန်ကာ လေ့လာသင်ယူရာတွင် စိတ်ပါဝင်စားမှု မရှိမည်ကို စိုးရိမ်သောကြောင့် ဖူ့ရုံသည် အရုပ်များနှင့်ပတ်သက်၍ အရေအတွက် ထိန်းချုပ်ထားခဲ့သည်။
အခုခေတ်ကလေးတွေမှာ ဖိအားများလွန်းလှသည်။မိသားစုတွင် ထိုအခြေအနေမျိုး ရှိနေသ၍ ကလေးများမှာ မူလတန်းကျောင်းမှ စ၍ သင်ယူခဲ့ရပြီး တခြားသော သူငယ်ချင်းလေးများအား အနိုင်ယူနိုင်ရန် ကြိုးစားရဦးမည် ဖြစ်သည်။ ထိုထဲတွင် ဝိန်ဖုချိန်၏ တစ်ဦးတည်းသော သမီးဖြစ်သူ မြောင်မြောင်အနေဖြင့် သူ့ဖခင်၏ကုမ္ပဏီအား လက်လွှဲ တာဝန်ယူရမည်ဖြစ်သောကြောင့် ငယ်စဉ်ကတည်းက ကြိုးစားရတော့မည် ဖြစ်သည်။
ဝိန်ဖုချိန်တင်မက ဖူ့ရုံသည်လည်း သူမအား ထူးချွန်အောင်မြင်သူ တစ်ယောက် ဖြစ်လာရန် မျှော်လင့်လို့ထား၏။ သူမ၏ ကစားစရာအများစုမှာ လေ့လာသင်ကြားရေးကတ်များ ဖြစ်ပေသည်။
ကစားရင်း သင်ယူနိုင်ရန် ဖြစ်၏။ တချို့သော အချိန်များတွင် ipad ဖြင့် ကာတွန်းကားများ ကြည့်နိုင်ရန် အသုံးပြုခွင့်ပေးထားသည်။
ယခု အရုပ်ဆိုသည့်စကားကို သူမ ကြားလိုက်ရတော့ သူမအကိုကြီးက ပေးတဲ့အရုပ်ဖြစ်တာကြောင့် သူမ၏ အမေမှာ သေချာပေါက် လွှင့်ပစ်လိမ့်မည် မဟုတ်မှန်း တွေးမိပြီး အများကြီး ဝယ်ပေးရန်
တောင်းဆိုလိုက်သည်။
ကိုကြီးကြည့်ရတာကလည်း သူဌေးပါပဲ!
သူမ၏ အဖေမှာ မည်မျှလောက် ချမ်းသာသည်ကို မသိပဲ သူ့ကိုကြီးအား  အနာဂတ်တွေ သူမအတွက် အရုပ်ထပ်ဝယ်ပေးဖို့ တောင်းဆိုရင်ကောင်းမလားဟုတောင် တိတ်တိတ်လေး တွေးနေလိုက်သေးသည်။
အတန်းထဲက တချို့ကလေးမလေးများတွင် အရုပ်များစွာ ရှိ၏။
နေ့တိုင်း အရုပ်များအပေါ် ဆံပင်လေး ဖီးလိုက် အဝတ်စားမျိုးစုံ လဲပေးလိုက်နဲ့ မြောင်မြောင်လည်း လိုချင်မိ၏။
အားလုံး အဝတ်အစားများ လဲပြီးသည့်နောက် ဝန်ဖန်ချူးနှင့် ကျန်းဖန်ဖန်တို့သည် ကလေးသုံးယောက်အား KFC ဆိုင်သို့ ခေါ်လာခဲ့ကြသည်။
KFC ဈေးနှုန်းမှာ မည်သို့ပင် ရှိစေကာမူ သူမအတွက်တော့ ထိုအရာမှာ စားပွဲကြီးသာ ဖြစ်သည်။အထူးသဖြင့် ကြက်ပေါင်ကြော်နှင့် ကြက်တောင်ပံကြော်မှာ အလွန်ကို အရသာ ရှိလှသည်။
သူမ၏ လက်ကို ဆေးကြောပြီးသည်နှင့် စတင်စားသောက်ရန် ပြင်ဆင်လိုက်တော့သည်။ သို့သော် မြောင်မြောင်မှာ အစပ် မစားနိုင်သောကြောင့် ရှုံသာ့ ရှုံအယ်လက်ထဲသို့ ထည့်ပေးလိုက်ပြီး
သူမကတော့ အချိုကိုသာ တွယ်တော့သည်။
မြောင်မြောင် : မေမေနဲ့ ဖေဖေက ခါတိုင်းဆို KFC ဆိုင်ကို ခေါ်မသွားဘူးလေ မေမေပြောတာတော့ အိမ်က မတတ်နိုင်လို့ KFC မစားနိုင်ဘူးတဲ့ ကြည့်ရတာ ကိုကြီးကမှ ဘောစိဖြစ်နေသကိုး!
ညတွင် ဟိုတယ်ဆီသို့ ပြန်ရောက်လာခဲ့ကြပြီး မြောင်မြောင်သည် သူမ၏ ညအိပ်ဝတ်စုံသေးသေးလေးကို ဝတ်လို့ထားသည်။ သူမ၏ ခြေဖဝါးလေးတွင် ညအိပ်ဝတ်စုံနဲ့ အရောင်ကာလာတူ ခြေအိတ်ဝါလေးကို ဝတ်ဆင်ထားပြီး အိပ်ယာပေါ်တွင် ထိုင်ကာ
ရှုံသာ့ ရှုံအယ်တို့ဖြင့် စကားပြောနေခဲ့သည်။
"ရှုံသာ့ ရှုံအယ် နင်တို့က အမြဲလိုလို KFC ဆိုင်သွားနေကြလား"
ရှုံသာ့သည် ခဏလောက် စဉ်းစားလိုက်ရင်း
"တစ်ပတ်ကို တစ်ခါလောက်ပေါ့"
မြောင်မြောင်ခမျာ အားကျမှုအပြည့်ဖြင့် ။
"အို့…ငါဆို တစ်လမှ တစ်ခါပဲ စားရတာ"
သေချာတယ်။ ရှုံသာ့ ရှုံအယ်တို့မိသားစုက တကယ်ကို ချမ်းသာကြတာပဲ!
အန်တီလေးမှာ အရမ်းကို သနားဖို့ကောင်းမယ်မှန်း ရှုံအယ်တစ်ယောက် ထင်မှတ်မထားခဲ့ပေ။ စာနာသော အကြည့်လေးဖြင့် မြောင်မြောင် ကြားချင်သော စကားကို ပြောပေးရှာ၏။
"အဲ့တာဆို ကျွန်တော်တို့ သွားစားတိုင်း အန်တီလေးအတွက်ပါ ဝယ်ခဲ့ပေးမယ်…မေမေနဲ့ ဖေဖေ ဒါမှမဟုတ် ဒုတိယအဖိုးနဲ့ ဒုတိယအဖွားက ခွင့်မပြုဘူးဆိုတောင်  အန်တီလေးအတွက် တိတ်တိတ်လေး သယ်လာပေးမယ်!"
မြောင်မြောင်၏ မျက်လုံးမှာ လင်းလက်တောက်ပလာပြီး ရှုံအယ်တစ်ယောက် သူပြောစကား နောင်တမရခင် သွက်သွက်လက်လက် ခေါင်းညိတ်ပြလိုက်သည်။
"အင်း"
ထို့နောက် သူမ၏ ခေါင်းထဲတွင် ငွေကိစ္စကို စဉ်းစားရင်း ရှက်ရှက်ဖြင့် ဆိုလိုက်သည်။
"ကိုကြီးနဲ့ မရီးတို့က ငွေဖြုန်းနေကြတာ မဟုတ်ဘူးလား KFC က အတော်လေးဈေးကြီးတယ် မဟုတ်လား … ငါ့အမေဆို အိမ်က အဲ့တာစားဖို့တောင် မတတ်နိုင်ဘူးတဲ့"
ရှုံသာ့ ရှုံအယ် : "………"
ဘယ်လို? မတတ်နိုင်ဘူး ဟုတ်လား။
ရှုံသာ့က ဆိုလိုက်သည်။
"ကျွန်တော်အရင်က မေ့မေ့ကို မေးဖူးတယ်…တစ်ခါဝယ်မှ ယွမ် ၁၀၀ ပဲ ကျတာတဲ့"
"ဟုတ်တယ် ဈေးမကြီးပါဘူး"
ရှုံအယ်လည်း ဝင်ထောက်ခံလိုက်သည်။
"ငွေမတူလို့များလား…ငါ့အမေပြောဖူးတာတော့ သူ့နိုင်ငံနဲ့သူ ငွေသုံးပုံ မတူကြဘူးတဲ့ …ပမာဏတူတောင်မှ  တန်ဖိုးမတူလို့များလားပဲ…မဟုတ်မှလွဲရော အဲ့ရဲ့ငွေတစ်ရာက တန်ဖိုးကြီးတဲ့ ငွေအမျိုးအစားမို့လို့လား"
"ဖြစ်နိုင်တယ် …ငါတို့ခုလက်ထဲမှာ ရှိတဲ့ငွေနဲ့ လဲလှယ်ကြည့်ရင် တစ်ခါကို ငွေ တစ်ထောင် တစ်သောင်းထိ ကုန်ကျနိုင်တယ်"
ရှုံသာ့သည် လေးလေးနက်နက်ဖြင့် မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်လိုက်သည်။
သောင်းကျော်လောက် ကုန်ကျမည်ဆိုသည့်စကားကြောင့် မြောင်မြောင်တစ်ယောက် အံ့အားသင့်မိသွားရင်း သူမ၏ လက်ကို မြှောက်ကာ ရေတွက်လိုက်သည်။
"ခု ဆယ် ရာ ထောင် သောင်း…?"
ဘုရားရေ! KFC က အဲ့လောက်တောင် ဈေးကြီးတာလား?
မြောင်မြောင်သည် ခဏတာ စဉ်းစားလိုက်ပြီး မေး၏။
"ရှုံသာ့ ရှုံအယ် နင်တို့ တစ်နေ့ကို မုန့်ဖိုး ဘယ်လောက် ရတုန်း"
ကလေးသုံးယောက်လုံးမှာ အသီးသီးမုန့်ဖိုးရလေ့ရှိကြသည်။
မူကြိုကျောင်းတွင် မုန့်ဆိုင်သေးသေးလေး ရှိသည်ဖြစ်ရာ သူငယ်ချင်းလေးများနှင့်အတူ မုန့်ဝယ်စားနိုင်ရန်အတွက် မိဘများမှ မုန့်ဖိုးပေးလေ့ရှိသည်။
ရှုံသာ့က ပြန်ဖြေ၏။
"ငါတို့ကတော့ တစ်နေ့ ငါးဒေါ်လာ ရတယ်"
မြောင်မြောင်မှာ အံ့အားသင့်စွာဖြင့် ကြည့်လိုက်ရင်း ထပ်ဆိုလိုက်သည်။
"ငါဆို တစ်နေ့မှ ယွမ် ၂၀ ပဲ ရတာ …မေမေက ပြောတယ် ငါတို့မိသားစုမှာ ငွေအများကြီး မရှိလို့ ငါ့ကို နည်းနည်းပဲ သုံးခိုင်းတယ်"
ရှုံသာ့ခမျာ ခဏတာ တိတ်ဆိတ်သွားရင်း မြောင်မြောင်ကို ကြည့်လို့နေ၏ ။
သူမှတ်မိသလောက် သူ့အဖေ၏ ပြောစကားအရ ဖခင်ဖြစ်သူ၏ ဝင်ငွေမှာ ဒုတိယအဘိုးလေးမှ ပေးထားကြောင်းနှင့် အဲ့လို လစာပေးနိုင်တဲ့လူကမှ ချမ်းသာသောသူဟု သတ်မှတ်လို့ ရနိုင်မည် မဟုတ်လား။ သို့ဖြစ်၍ ဒုတိယအဘိုးလေး၏ မိသားစုမှာ သူတို့ မိသားစုထက် ပိုပြီး ချမ်းသာသည်မှာ အသေအချာပင် ဖြစ်သည်။
ဒါကို အန်တီလေးရဲ့ မိသားစုက ဘာလို့ငွေမရှိရမှာတုန်း။
ရှုံသာ့တစ်ယောက် အန်တီလေး တစ်နေ့မှ ယွမ် ၂၀ ပဲ ရသည့်အပေါ် သံသယဝင်မိ၏။ အဘယ်ကြောင့်ဆိုသော် ခြေချောင်း လက်ချောင်း အကုန်ပေါင်းရင်တောင် ၂၀ သာ ရနိုင်သည်။ သို့ဖြစ်၍  ဒုတိယအဘွားမှာ သူမ ငွေဖြုန်းကြမ်းမည်ကို စိုးရိမ်သောကြောင့် ဒီလောက်နည်းသည့် ပမာဏကိုသာ ပေးခြင်း ဖြစ်နိုင်သည်။
"အန်တီလေး ကောင်းကောင်းကြိုးစားနော် …ငါတို့ မုန့်ဖိုးရတယ်ဆိုတာက ရလဒ်တဖြေးဖြေးတိုးတတ်လာလို့လေ…အဲ့တာကြောင့် ဖေဖေနဲ့ မေမေက မုန့်ဖိုးပေးတာ…အန်တီလေးက အင်္ဂလိပ်စာမှာ တော်တာပဲလေ…အကယ်၍ သင်္ချာဘာသာမှာပါ တော်ရင် ပိုပြီး မုန့်ဖိုးတွေ ရလာမှာ သေချာတယ်"
ရှုံသာ့သည် အန်တီလေးအား သူပြောတာကို ယုံကြည်လိုက် ဆိုသည့် အမူအရာဖြင့် မျက်တောင်ခပ်ပြလိုက်သည်။
ဘေးနားက ရှုံအယ်မှာ နားမလည်ဟန်ဖြင့်။
သူတို့ရဲ့ မုန့်ဖိုးက အမှတ်ရလဒ်ကြောင့်တဲ့လား။
သူ မှတ်မိသလောက်တော့ သူတို့ရဲ့အမှတ်ရလဒ်က တစ်ချိန်လုံး ဒီတိုင်းချည်းပါပဲ။ ဒါတောင် မုန့်ဖိုးက တက်လာတာပဲလေ။
အနည်းငယ် ရှုပ်ထွေးနေသော်လည်း သို့သော် အကိုဖြစ်သူမှာ သူ့ထက် မုန့်ဖိုးပိုများမှန်း အန်တီလေးသိသွားမည်ကို စိုးရိမ်သောကြောင့် ဘာမှဝင်မပြောရန် ဆုံးဖြတ်လိုက်၏။
မြောင်မြောင်မှာ ယုံကြည်ခဲ့ပြီး လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ရင်း။
"အင်း ငါ သင်္ချာကို ကောင်းကောင်းလေ့လာမယ်!"
ရည်ရွယ်ချက်မှာ သင်္ချာစွမ်းရည် တိုးတတ်လာရန်ဖြစ်ပြီး အမေဖြစ်သူမှ သူမအား တစ်နေ့ကို ယွမ် ၅၀ ပေးလာမည့်အထိ ကြိုးစားအားထုတ်တော့မည်။

မမလေးက ၃ နှစ်သား (Complete ✅)Where stories live. Discover now