The Richest Daughter is Three and a Half Years Old Chapter 16.1 :
တစ်ဖက်နဲ့တစ်ဖက် မလျှော့တမ်းငြင်းခုံလို့နေ၏။
ကြားထဲက ဆရာမသည်လည်း ခေါင်းကိုက်လာခဲ့ပြီ ဖြစ်ရာ သူမအနေဖြင့်
"သားတို့က တစ်ဖက်ကပဲ အနိုင်ကျင့်တယ်ဆိုပြီး ငြင်းခုံနေကြတော့ အာ့ဆို ဘယ်လိုဖြစ်တာလဲဆိုတာကို တခြားသူငယ်ချင်းလေးတွေဆီက နားထောင်ကြည့်မယ်လေ" ဟုသာ ပြန်ပြောရတော့သည်။
ထိုစကားကြောင့် အတန်းနှစ်က ကလေးများမှာ အတင်းညှစ်ငိုတော့သည်။
ရှုံသာ့ ရှုံအယ်တို့ကို လာခေါ်သော ကလေးလေးမှာ ကောင်လေးဖြစ်ပြီး ယခင်က မြောင်မြောင်နှင့်တူတူ တစ်ခုံတည်းထိုင်ချင်သော ထိုကောင်လေးသာဖြစ်၏။ ဆရာမ၏ အမေးကို ကြားသည်နှင့် တစ်ပြိုင်နက် သူက သွက်သွက်လက်လက် ပြန်ဖြေလိုက်သည်။
"ဆရာမ …သူတို့ကအရင် မြောင်မြောင်နဲ့ အတန်းဖော်သစ်ကို လာရှာတာ …အာ့ကြောင့် ကျွန်တော် အလယ်တန်းက မြောင်မြောင်ရဲ့ တူအကိုကြီးနှစ်ယောက်ကို သွားခေါ်လာခဲ့တာ"
"သားတို့ရောက်လာတော့ သူတို့က အန်တီလေးကို
ခုန်အုပ်ဖို့ပြင်နေပြီ …အန်တီလေးကို အနိုင်ကျင့်ဖို့လုပ်နေတယ်ဆိုတာ သိသာနေပြီပဲလေ! မိန်းကလေးကို အနိုင်ကျင့်တဲ့အပြင် သားတို့နဲ့ပါ ရန်ဖြစ်ဖို့လုပ်နေတာ"
ရှုံအယ်သည် ငိုနေသော ထိုဦးဆောင်သူ ကောင်လေးကို လက်ညှိုးထိုးကာ ညွှန်ပြလိုက်သည်။
ထိုဦးဆောင်သူကောင်လေးသည် ချက်ချင်းပဲ အငိုရပ်ကာ
"မင်းတို့ဘက်က အရင် ငါ့ကို ဆဲဆိုုတာလေ"
ဟု ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။
"မင်း မိန်းကလေးအပေါ် အနိုင်ကျင့်ခဲ့တာလေ…
အရှက်မရှိတဲ့ကောင်! ငါ့အကိုပြောတာ မမှားဘူးကွ!"
ရှုံသာ့သည် လျင်မြန်စွာ ဝင်ထောက်ခံလိုက်သည်။
"မနေ့ကလည်း မင်းတို့ ချင်းယွီ့ကို အနိုင်ကျင့်နေတာ အန်တီလေး ကိုယ်တိုင်မြင်ခဲ့တာ…ချင်းယွီ့ကို ဖက်တီးလို့ ဝိုင်းခေါ်နေကြတာ ဒါတင်မကဘူး အကုန်လုံးပေါင်းပြီး ချင်းယွီ့ကို ဝိုင်းအနိုင်ကျင့်နေတာ…ချင်းယွီ့ ငါ့အန်တီလေးအခန်းထဲ ပြောင်းလာတယ်ဆိုတာကလည်း မင်းဖိအားပေးလို့ပဲ! မင်းတို့အကုန်လုံး မကောင်းတဲ့ ကောင်တွေချည်းပဲ!"
"ဟုတ်တယ်!"
ရှုံအယ်သည် သူ့အကို၏ စကားကို ခေါင်းတညိတ်ညိတ်ဖြင့် ချက်ချင်းလက်ငင်း ဝင်ထောက်ခံလိုက်သည်။
ဆရာမသည် ထိုစကားများကို ကြားပြီး ချက်ချင်း နားလည် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ မနေ့ညတွင် အတန်း ၂ က ကလေးတစ်ယောက် အတန်းပြောင်းလာမယ်ဆိုသည့် သတင်းကို ရုတ်တရက် ဖုန်းလက်ခံရခဲ့သည်။ အစပိုင်းမှာတော့ သူမအနေဖြင့် အခြေအနေကို သဘောမပေါက်ခဲ့ပေ။အတန်း ၁ နှင့် ၂ ကလေးများမှာ မ,ဂဏန်းအရေအတွက်ဖြစ်နေသောကြောင့် ချင်းယွီ့သည်လည်း အတန်းထဲတွင် တစ်ယောက်တည်း ထိုင်ရတာ အထီးကျန်သောကြောင့် အတန်းပြောင်းလာခဲ့ရခြင်းဖြစ်သည်ဟု မှတ်ထင်ကာ အလေးအနက် မထားခဲ့ပေ။
အတန်း ၂ ထဲတွင် အနိုင်ကျင့်ခံနေရမှန်း သူမ ထင်မှတ်မထားခဲ့ပေ။
ချင်းယွီ့သည် ဝမ်းနည်းစွာဖြင့် ဆို၏။
"ဆရာမ မြောင်မြောင် နဲ့ ချောင်ယွီ ချောင်ဖေတို့က လိမ်ပြောတာ မဟုတ်ရပါဘူး…သူတို့အရင်ကတည်းက သားကို အနိုင်ကျင့်လာတာ…ခုလည်း မြောင်မြောင်နဲ့ သား အိပ်မလို့လုပ်တုန်း သူတို့ဘက်ကအရင် သားကို စလှမ်းခေါ်တာ …မြောင်မြောင်က သားကို စိတ်ပူလို့ သူတို့အနိုင်ကျင့်မှာဆိုးလို့ မသွားနဲ့လို့ လှမ်းတားတာ …ကျန်တဲ့သူတွေလည်း အကုန်မြင်တယ်"
ထိုစကားကို နားထောင်ပြီးနောက် ဆရာမ၏ အကြည့်သည် သူ၏ ဘေးပတ်ပတ်လည် ကလေးများထံသို့ ရောက်သွားခဲ့ရာ ကလေးများသည် ချင်းယွီ့၏ စကားကို ထောက်ခံသောအနေဖြင့် ခေါင်းညိတ်ပြကြသည်။
"မင်းတို့က သူ့ရဲ့အတန်းဖော်တွေလေ အဲ့တော့ သူတို့ကို ကူညီပြီး ပြောပေးကြမှာပေါ့"
အနိုင်ကျင့်သူ အုပ်စုထဲက ကောင်လေးများသည် မကျေနပ်သော အသံဖြင့် ပြန်ဖြေ၏။
"ငါ မလိမ်ဘူး …မင်းတို့ ငါ့ကို အနိုင်ကျင့်တာ…ငါ မလိမ်ဘူးဆိုတာ အတန်း ၂ က ကလေးတွေအကုန်လုံးလည်း သိတယ်"
ချင်းယွီ့သည် ဝမ်းနည်းစွာဖြင့် ဆက်ဆို၏။
"မင်းတို့ ငါ့ကို တွန်းချတာ ငါ့အင်္ကျီတောင်ပြဲသွားသေးတယ်… မိဘနဲ့ ဆရာတွေကို တိုင်ပြောရင် ဆက်ပြီး ငါ့ကို ရိုက်နှက်မယ်ဆိုပြီးလည်း ပြောသေးတယ် …ငါ့ဘောင်းဘီတွေ အမြဲစုတ်ပြတ်နေတယ်ဆိုတာက မင်းတို့က ငါ့ကို မြေပြင်ပေါ် တွန်းချလို့လေ…အိမ်ရောက်လို့ အမေမေးတောင် ကိုယ့်ဟာကိုယ် ချော်လဲလို့ပါ ဆိုပြီးပဲ ဖြေနေရတယ်"
ထိုစကားများကို ကြားပြီး မြောင်မြောင် ပို၍ ဒေါသထွက်သွား၏။
သူမသည် မျက်မှောင်ကုတ်ကာ ထိုကောင်လေးအုပ်စုကို ကြည့်လျက်
"နင်တို့ သူ့ဘောင်းဘီအတွက် ပြန်လျော်ပေး! သူ့ဘောင်းဘီတွေက အရမ်းဈေးကြီးတယ်!"
ချင်းယွီ့၏ ဝတ်စုံမှာ ဘယ်လောက်မှန်း သူမ မမေးလိုက်သော်လည်း ချင်းယွီ့၏ ကျောပိုးအိတ်မှာ ယွမ် ငါးထောင် ရှိသည် ဟူသော ထိုကောင်လေးများ၏ ပြောစကားကို အမှတ်ရသည်ဖြစ်ရာ သို့ဖြစ်၍ ချင်းယွီ့၏ ဘောင်းဘီမှာ အတော်လေးဈေးကြီးလောက်မည်ဆိုတာ ဖြစ်နိုင်ပေ၏။
ဟွန်း! ပြန်လျော်ပေတော့!
ထိုစကားကြောင့် ကောင်လေးအုပ်စုမှာ အနည်းငယ် အထိတ်တလန့် ဖြစ်သွားခဲ့သည်။ Little Star ကျောင်းတွင် တတ်ရောက်နေသော ကလေးများ၏ နောက်ခံမှာ အခြေအနေကောင်းမွန်ကြသည်ဟု ဆိုနိုင်သော်လည်း ချင်းယွီ့၏ အိမ်မှာ သူတို့ထက်ပို၍ အခြေအနေကောင်းသည်ကိုတော့ သူတို့ နားလည်၏။ ကျောပိုးအိတ်တန်ဖိုးကို ကြည့်ရုံနဲ့တင် သိနိုင်သည်။
ကျောပိုးအိတ်တောင် ဒီလောက် ဈေးကြီးတာ …အဝတ်အစားကြမှ ဈေးပေါတဲ့ဟာ ဝတ်မယ်တဲ့လား။ အကယ်၍ ပြန်လျော်ပေးရမည်ဆိုပါက မိဘများမှ သူတို့ကို ကျိန်းသေပေါက် အော်ငေါက်ကြလိမ့်မည် ဖြစ်သည်။ အချိန်အတော်ကြာ သူတို့အတွက် အရုပ်သစ်များ ထပ်ဝယ်မပေးမှာ သေချာပေသည်။
မြောင်မြောင်၏ လူလည်ကျမှုအပေါ် ကောင်လေးများမှာ ထိုကိစ္စများကို တွေးရင်း စတင်ငိုကြွေးကြတော့သည်။ သူတို့၏ ထငိုပုံကိုတစ်ယောက်ယောက်သာ မြင်ခဲ့မည်ဆိုပါက အနိုင်ကျင့်ခံရသော ကလေးများသာ ဖြစ်သည်ဟု ထင်မှတ်ပေလောက်၏။
ဆရာမလေးလည်း အတော်လေး ခေါင်းခဲလာပြီ ဖြစ်သောကြောင့် အတန်း ၂ အတန်းပိုင်ဆရာမကို ခေါ်ကာ သူ၏ ကလေးများအား အရင်ခေါ်ထုတ်သွားစေ၏။
ထို့နောက် ရှုံသာ့ ရှုံအယ်တို့ထံ ကြည့်ကာ ဆိုလိုက်သည်။
"မင်းတို့လည်း မင်းတို့အတန်းအရင် ပြန်သွားကြတော့…တရေးလောက် အိပ်လိုက်ကြဦး…ဒီကိစ္စနဲ့ပတ်သက်ပြီး နေ့လည်ကျ မိဘတွေနဲ့ ဆက်သွယ်ပြီး ဆွေးနွေးပေးမယ်နော် ဟုတ်ပြီလား"
သူငယ်ချင်းအချင်းချင်း စကားများသည်မှာ ကိစ္စသေးသေးမွှားမွှားသာ ဖြစ်ပြီး တောင်းပန်ရုံနဲ့တင် အားလုံးပြေလည်နိုင်သည်။ သို့သော် ယခုအခါတွင် အချင်းချင်း ရန်ဖြစ်ကြသည့်အဆင့်ထိ ရောက်လာခဲ့တာကြောင့် ကိစ္စမျိုးစုံ ဆက်နွယ်လာပြီဖြစ်ရာ ဆရာမအနေဖြင့် စကားပြောဖို့ လိုအပ်လာခဲ့ပြီ ဖြစ်သည်။
"အာ့ဆို အရင်ပြန်နှင့်ပြီ…အန်တီလေး မကြောက်နဲ့
သူတို့တွေ ထပ်ပြီး အနိုင်ကျင့်မယ်ဆိုရင် အတန်းဖော်တွေကို ကျွန်တော်တို့ဆီ လွှတ်ပြီး လာခေါ်ခိုင်းလိုက်… အတူတူ ချကြမယ်!"
ရှုံသာ့၏ မျက်နှာမှာ လေးနက်မှုအပြည့်ဖြင့် ဆိုလိုက်သည်။
ဆရာမဖြစ်သူ : "…………………"
ငါ ဆရာမတစ်ယောက်လုံး ဒီမှာ ရှိနေတယ်လေအေ။ဒါကို ထပ်ပြီး အဖွဲ့လိုက် ဖိုက်ကြဦးမတဲ့လား။ အငြိုးကြီးလွန်းဘူးလားဟယ်??
ရှုံသာ့ ရှုံအယ်တို့ ထွက်သွားပြီးချိန်တွင် မြောင်မြောင်သည် ချင်းယွီ့ကို လှမ်းမေးလိုက်သည်။
"နင် ခုနက သူ့အပေါ်လဲကျသွားတုန်းက သူ နာသွားလား သူ့ကြည့်ရတာ ပိန်ပိန်ကပ်ကပ်နဲ့ အရိုးချည်းပဲ …ဖိခံလိုက်ရတုန်းက မနာသွားဘူးလား မသိဘူး"
"တော်သေးတာက ငါ့မှာ အသားတွေက အများကြီးဆိုတော့ ဘယ်လိုမှ မနေဘူး ဒါပေမဲ့ ကောင်းတယ်လို့လည်း မဟုတ်ဘူး"
ချင်းယွီ့သည် ကိုယ့်ရင်ဘက်ကို ပြန်ထိရင်း ပြန်ဖြေလိုက်သည်။
"အိပ်ကြစို့ …ဖေဖေ မေမေတို့လာမှပဲ ဒီကိစ္စကို ဆက်ဆွေးနွေးကြတာပေါ့"
"အင်း ဒါပေမဲ့ ငါ့အမေက အရမ်းကို နူးညံ့တာ …သူများနဲ့ မပြောနိုင်မှာ ငါ စိတ်ပူတယ်"
မြောင်မြောင်သည် တစ်ဖက်ကလည်း ပြောရင်း တစ်ဖက်ကလည်း ဆောင့်ကြောင့်ထိုင်ရင်း သူမ၏ ဖိနပ်ကို ဆွဲချွတ်ရင်း ကုတင်ပေါ်သို့ ထပ်တက်လာခဲ့သည်။
"ရှုံသာ့ ရှုံအယ်တို့ဘက်က လာမယ်ထင်တာပဲ …သူမက ငါ့ယောက်မလေ ကိုကြီးနဲ့ အဖေက အမြဲတမ်းအလုပ်ရှုပ်နေတာ… အနိုင်ကျင့်ခံမှန်းသိရင် နင့်ဖေဖေနဲ့ မေမေ ဘယ်သူလာမလဲ မသိဘူးနော်"
"ငါ့မိဘတွေကလည်း အမြဲအလုပ်ရှုပ်နေတာ…အားတဲ့သူ လာမှာပဲ"
ချင်းယွီ့သည် မျက်မှောင်ကုတ်လို့နေ၏။
"ဒါပေမဲ့ ငါ့မိဘတွေလည်း ရန်ဘယ်လိုဖြစ်ရမယ်ဆိုတာ သိတာမဟုတ်ဘူး…ငါ့အမေဆို အရမ်းနူးညံ့တာပဲ…ဖေဖေဆိုလည်း အမေ့အပေါ် ဒေါသထွက်တယ်ဆိုတာ လုံးဝမရှိဘူး"
"အဲ့တာဆို ဘယ်လိုလုပ်ကြမတုန်း ငါ့တို့မိဘတွေသာခေါ်လို့ သူတို့ ရန်မဖြစ်တတ်တဲ့ပုံနဲ့သာဆိုရင် ပွဲက ပြီးပြီပဲ…ဟိုဘက်က ဒီလောက်တောင် တော်တာ သူတို့မိဘတွေသာဆို ဒီထက်တောင် တော်ကြဦးမယ်( ဆိုးကြဦးမယ် )…ဘယ်လိုတောင် လုပ်ရပါ့?"
မြောင်မြောင်တစ်ယောက် စိတ်ဓာတ်ကျနေသောပုံစံဖြင့်။
"ငါ့မေမေပါ အနိုင်ကျင့်ခံရလောက်မလား"
ထိုစကားကြောင့် ချင်းယွီ့ကပါ ထိတ်ထိတ်ပျာပျာဖြင့်။
"သူတို့တွေ ငါတို့အမေတွေကိုပါ အနိုင်ကျင့်ရင် ဘယ်လိုလုပ်ကြမလဲ"
"မသိဘူး……"
မြောင်မြောင်သည် စိုးရိမ်စိတ် တဖွားဖွားဖြင့် ပြန်ဖြေလိုက်၏။
ချင်းယွီ့သည် ခဏတာစဉ်းစားပြီး ပြန်ပြောလိုက်သည်။
"သူတို့ ငါ့တို့အမေတွေကို အနိုင်ကျင့်လို့ကတော့ ငါတို့ ရဲခေါ်ပြီး ဦးလေးရဲနဲ့ တိုင်ပြောကြမယ်"
"အွန်း!"
မြောင်မြောင်သည် လေးနက်စွာဖြင့် ထောက်ခံသဘောတူလိုက်သည်။
ဆရာမသည် ဗီရိုထဲက စောင်ကို ထုတ်ယူလိုက်ပြီး “သားသားမီးမီးတို့ အပေါ်ကုတ်အင်္ကျီတွေကို ချွတ်လိုက်နော်… ဆရာမ လာပြီး စောင်ခြုံပေးမယ် ဟုတ်ပြီလား"
ကလေးအားလုံး သူတို့၏ အပေါ်ကုတ် အဝတ်အစားများကို ချွတ်လိုက်ကြသည်။
မြောင်မြောင်သည် အဝတ်အစားများကို အမြန်ချွတ်လိုက်ပြီးနောက် စောင်ကို ချက်ချင်းဆွဲခြုံလိုက်သည်။
ကလေးများ နေ့လယ် တရေးအိပ်ချိန်တွင် စောင်တစ်ထည်ကို ကလေးနှစ်ယောက် အသုံးပြုရသည် ဖြစ်ရာ ကုတင်အနေအထားအရ သူမသည် ချင်းယွီ့နှင့်အတူ စောင်တစ်ထည်တည်း မျှသုံးခဲ့သည်။
မြောင်မြောင်သည် သူမ၏ အတွင်းဘက်အောက်ခံ အင်္ကျီပါးပါးလေးကို လှန်ကာ သူမ၏ ဗိုက်ကလေးကို လှစ်ဟရင်း မနေနိုင်ဘဲ စတင်ပြောလိုက်သည်။
"ငါ့မေမေက ငါ့ဗိုက်လေးကို ဖရဲသီးဗိုက်လေးဆိုပြီး အမြဲပြောတာ …ငါ့ဗိုက်ထဲ ဖရဲသီးလုံးလေးများ ရှိနေလို့လား ဒီလောက်တောင် ဝိုင်းလုံးလုံးလေး ဖြစ်နေတာ"
"ဒါဆို ငါ့ဗိုက်ထဲမှာဆို ဖရဲသီးနှစ်လုံးလောက် ရှိနေမယ်နဲ့တူတယ်"
ချင်းယွီ့သည် သူ၏ ဗိုက်ကလေးကို ပွတ်ရင်း ရှက်စရာကောင်းတာကြောင့် ရှက်ရှက်ဖြင့် စောင်ခြုံ လိုက်သည်။
နှစ်ယောက်သား အိပ်ရာပေါ်တွင် ပူးကပ်ကပ်ဖြင့်။
မြောင်မြောင်က တိုးတိုးလေး ကပ်ပြော၏။
"အရင်အိပ်ကြစို့ နေ့လည်ရောက်လို့ အခြေအနေ မဟန်ရင် မေမေ့ဆီ ပြေးကြမယ်!"
"အွန်း"
ချင်းယွီ့သည် ခေါင်းညိတ်ပြခဲ့ပြီး မျက်လုံးများ မှိတ်ကာ အိပ်စက်လိုက်တော့သည်။
ချင်းယွီ့အိပ်တာကို ကြည့်ရင်း မြောင်မြောင်သည် system ၏ မျက်နှာပြင်ကို ကလစ်နှိပ်လိုက်ပြီး ရင်းနှီးမှုတန်ဖိုးအမှတ်ကိုသုံးကာ ချင်းယွီ့၏ ကျန်းမာရေးတန်ဖိုးကို ပေါင်းထည့်ရန် ပြင်ဆင်လိုက်သည်။
သူမနှင့် ချင်းယွီ့၏ ရင်းနှီးမှုတန်ဖိုးအမှတ်မှာ ၁၅ မှတ်ရခဲ့ကြောင်း System ၏ မျက်နှာပြင်တွင် လတ်တလောအခြေအနေများနှင့် ပတ်သက်ပြီး ထွက်ပေါ်လာ၏။
"မမ System ပိန်းဥထဲ အမှတ်ဘယ်လောက် ပေါင်းထည့်လိုက်ရမလဲ ဟင်"
မြောင်မြောင်သည် system ကို လှမ်းမေးလိုက်သည်။
"အရင်ဆုံး ၅ မှတ်ပေါင်းထည့်လိုက် ပြီးမှ ဖြေးဖြေးချင်း ပေါင်းထည့်သွားတာပေါ့"
system က ဖြေ၏။
"အွန်း "
မြောင်မြောင်သည် ၅ မှတ်ပေါင်းထည့်လိုက်ပြီးနောက်တွင် "Ok" ဟူသော စကားလုံးကို နှိပ်လိုက်သည်။
ထို့နောက် သူမသည် ထပ်သိချင်သောကြောင့် သူမစိတ်ထဲတွင် လှမ်းမေးလိုက်သည်။
"မြောင်မြောင်နဲ့ ပိန်းဥရဲ့ရင်းနှီးမှုတန်ဖိုးက ဘာလို့ ၁၅ ပဲ ရှိသေးတာတုန်း …မြောင်မြောင်နဲ့ ပိန်းဥ အချင်းချင်းသိကျွမ်းတာ မလုံလောက်သေးလို့လားဟင်"
"ရင်းနှီးမှုတန်ဖိုးဆိုတာ တစ်ဦးနဲ့ တစ်ဦးရဲ့ ခံစားချက်တွေက ဆက်နွယ်နေတဲ့အရာဖြစ်သလို အချိန်များစွာ အသုံးပြုရတယ် မြောင်မြောင့်မိဘတွေလိုပေါ့ မြောင်မြောင်မွေးလာကတည်းက သူတို့နဲ့ တူတူရှိလာခဲ့တာဆိုတော့ ရင်းနှီးမှုတန်ဖိုးက အမြင့်ဆုံးပဲ …ပုံမှန်အားဖြင့် မိဘနဲ့ သားသမီးတွေမှာဆို တန်ဖိုးအမှတ်က ၉၅နဲ့၁၀၀ ကြားမှာ ရှိတယ်…ရှုံသာ့ ရှုံအယ်တို့ဆိုလည်း မြောင်မြောင်နဲ့ ဟိုးကတည်းက ကစားဖော်ဖက်တွေဆိုတော့ သူတို့ဆိုလည်း ရင်းနှီးမှုတန်ဖိုး ၇၀ လောက် ရှိတယ်…ကိုကြီးနဲ့ ယောက်မဆိုရင်လည်း မြောင်မြောင်ရဲ့ ဆွေမျိုးရင်းချာဖြစ်ပေမဲ့ အတူတူရှိချိန် မများတော့ ရင်းနှီးမှုတန်ဖိုး ၅၀ ဒါမှမဟုတ် ၆၀ လောက်ပဲ ရှိတယ်"
"မြောင်မြောင် နားလည်ပြီ"
အရာအားလုံး ရှင်းလင်းပြီးနောက်တွင် သူမသည် မျက်လုံးများကို မှိတ်လိုက်ပြီး တရေးတမော အိပ်ပျော်သွားခဲ့တော့သည်။
ကလေးများ အိပ်မောကျသွားသည်ကို သေချာအတည်ပြုပြီးနောက်တွင် ကလေးများ၏ မိဘများထံသို့ဖုန်းဆက်ကာ အကြောင်းကြားခဲ့သည်။