Chapter - 48
အကြံကြီးသော ချင်းယွီသည် အမြဲတမ်း တစ်ခုမဟုတ်တစ်ခု မေးရန်စီစဉ်ထားသည်။
အစပိုင်းတွင် မြောင်မြောင် မရိပ်မိသော်လည်းနောက်ပိုင်းတွင်မူ ချင်းယွီတွင် နေ့တိုင်းနေ့တိုင်း မေးစရာတစ်ခုမဟုတ် တစ်ခုရှိနေသည်ကို သတိထားမိသည်။
သူသည် သင်္ချာတင်မဟုတ် ဘာသာရပ်ပေါင်းစုံအားမေးသည်။ မြောင်မြောင်လည်း မသိသောအခါတွင်မူ နှစ်ယောက်အတူတူ ဆရာမဆီသို့ သွားမေးကြသည်။
ဆရာမသည်လည်း စာကြိုးစား၍ စာတော်သောကလေးများ စာလာမေးလျှင် အပြစ်မမြင်ပဲ ပိုမိုတောင် ချစ်ခင်ကြသည်။
ချင်းယွီတစ်ယောက် အမျိုးသမီးဆရာမများအားကြောက်တတ်သည်ကို မြောင်မြောင်သိသောကြောင့် စာမေးစရာရှိတိုင်း သူမကပါ အမြဲတမ်း လိုက်သွားပေးခြင်းဖြစ်သည်။
အမျိုးသားနေ့တွင် ကျောင်းပိတ်မည်ဖြစ်ပြီး ထိုနေ့မတိုင်ခင် နေ့လယ်တွင် ကျောင်းသားများ စာလုံးဝစိတ်မဝင်စားတော့ပေ။
ပိတ်ရက်အား ဘယ်လိုကုန်ဆုံးရမည်ဟူသည်ကိုသာ တွေးနေကြသည်။
သို့သော် မြောင်မြောင်ကမူ အတန်းကိုပဲ စိတ်ဝင်တစားတက်နေဆဲ။ အဘယ်ကြောင့်ဆိုသော် သူမမေမေက သူမအား ဖေဖေမအားသောကြောင့် ယခုပိတ်ရက်တွင် ဘယ်မှသွားမည်မဟုတ်ကြောင်း ပြောထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူမသည် ရှုံသာ့ရှုံအယ်တို့နှင့်သာ ကစားဖြစ်လောက်မည်။
ထို့အပြင် သူမသည် အားလပ်ရက်အတွင်း အကလေ့ကျင့်ချိန်များကိုလည်း ပိုမိုအတိုးချလေ့ကျင့်မည်ဟု စဉ်းစားထားသည်။
ယခုအချိန်သည် သူမအရပ်ရှည်ဖို့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်သည်ဟု သူမဆုံးဖြတ်ထားသည်။
တတိယချိန်ပြီးသောအခါ မိန်းကလေးများ ကာယချိန်သို့ ရောက်လာပြန်သည်။ ထိုအချိန်တွင်အချင်းချင်းစုဝေးကာ စာမေးပွဲကိစ္စအကြောင်း ပြောနေကြသည်။